ဦးလှဆွေကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေ

0:00 / 0:00

ပြီးခဲ့တဲ့သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်လေးဦးကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲမှာ ဦးဆောင်ဟောပြောသူတစ်ယောက်ဖြစ်တဲ့ ဦးလှဆွေက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ မုဟမ္မဒ်ကို အကြမ်းဖက်အဖြစ် သုံးနှုန်းပြောဆိုခဲ့တာကြောင့် သာသနာညိုးနွမ်းစေမှုဆိုင်ရာ ပုဒ်မနဲ့ တရားရုံး ဦးတိုက်လျှောက်ထားဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးစန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ၂၀၀၈ တည်ဆဲ ဥပဒေအရကို အစ္စလာမ်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတယ်၊ နောက်တစ်ဘာသာနဲ့ တစ်ဘာသာ မစော်ကားရဘူး၊ မပုတ်ခတ်ရဘူး၊ ဒါတွေက လူ့အသိုင်းအဝိုင်းဆိုင်ရာ သတ်မှတ်ချက်လည်းဖြစ်သလို ပြဌာန်းချက်တွေလည်းပါထားတယ်၊ နောက်ပြီးတော့ ဘယ်ဘာသာတရားမှာ ပဲကြည့်ကြည့် တစ်ဘာသာနဲ့ တစ်ဘာသာကို မစော်ကားရဘူးလို့ အတိအလင်း ပြဌာန်းထားပါလျှက်နဲ့ တမန်တော်မြတ်ကို ဗုံးခွဲတယ်ဆိုတဲ့ အသုံး အနှုန်းမျိုး သုံးလိုက်တာ အကြမ်းဖက်သမားလို့ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေက ဒါက မလိုလားအပ်တဲ့ ပြသနာလေ၊ ဒီကနေ နောက်ဆက်တွဲ မခံချင်တဲ့သူတွေက နောက်တစ်ခါလုပ်လို့ရှိရင် ဒီဘက်ကလည်း အုပ်စုနဲ့သွားမယ်၊ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်မယ်ဆိုရင် ဒါက ဥပဒေကို နှစ်ဖက်စလုံးက ချိုးဖောက်သလို ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ တရားရေးဌာနကို အကူအညီတောင်းချင်းဖြစ်ပါတယ်"

ဦးလှဆွေကို တရားစွဲဆိုဖို့ မရမ်းကုန်းတရားရုံးမှာ ဒီနေ့ ဦးတိုက်လျှောက်ထားရာမှာ ဦးလှဆွေက ကျောက်တံတား မြို့နယ်မှာ ဟောပြောခဲ့တာဖြစ်လို့ ကျောက်တံတား တရားရုံးကို ဦးတိုက်လျှောက်ထားဖို့ ညွှန်ကြားခဲ့တာကြောင့် မနက်ဖြန်မှာ ကျောက်တံတား တရားရုံးကို ဦးတိုက်လျှောက်ထားသွားမယ်လို့ ဦးစန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စက်ရုံတွေရဲ့ လေထုညစ်ညမ်းမှုကို သရုပ်ဖော်ထားတဲ့ ပန်းချီကားမှာ ဗုဒ္ဓရုပ်ပွားတော်ကို ဓာတ်ငွေ့ကာမျက်နှာဖုံးတပ်ဆင် ရေးဆွဲခဲ့ပါတယ်။

အမေရိကန်သံရုံးကတင်တဲ့ သရုပ်ဖော်ပန်ချီးကားမှာ ကျန်တဲ့ ဘာသာရေး သရုပ်ဖော်ပုံတွေ ပါဝင်ပေမယ့် အစ္စလာမ်ဘာသာရေးတမန်တော်ပုံ မပါဝင်ခဲ့တာဟာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ဦးလှဆွေက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင် တစ်ဦးက တရားစွဲဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ဦးလှဆွေ က အခုလို တုန့်ပြန်ပါတယ်။

"သူတို့က ဖွင့်တယ်ဆိုရင်တော့ ရင်ဆိုင်ရမှာပေါ့၊ ထွက်ပြေးလို့မှမရတာ၊ ထွက်ပြေးဖို့ အစီအစဉ်မရှိပါဘူး၊ ကျနော် တို့ ဗုဒ္ဓကိုကြတော့ Pollution လုပ်တယ်ဆိုပြီး နှာခေါင်းစီးနဲ့ လုပ်တယ်ဗျာ၊ မုဟမ္မဒ်ကြတော့ သူတို့ကအလုပ် မခံဘူး၊ အခု မုဟမ္မဒ်ကို အလုပ်မခံဘူးလို့ပြောတာနဲ့ သူတို့က တရားစွဲတာ၊ တကယ်လို့သာ မုဟမ္မဒ်ကိုသာ နှာခေါင်းစီးနဲ့ လုပ်လိုက်ရင် အမေရိကန်သံရုံးကို သူတို့ တရားစွဲမှာလား၊ ကျတော်တို့က ကျတော်တို့ ဘာသာကို စော်ကားလို့ သွားတရားစွဲတော့အခါကြတော့ တရားရုံးက လက်မခံဘူး၊ အခု မုဟမ္မဒ်ကို ပြောလို့ဆိုပြီး တရားရုံးက လက်ခံရင်တော့ ဒါတရားရုံးက ဘက်လိုက်တာပဲ"

ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်ကတော့

"များသောအားဖြင့်တော့ ကျနော်တို့ နိုင်ငံမှာက ဗုဒ္ဓဘာသာဝင်က အများဆုံးရှိတဲ့အတွက် ဗုဒ္ဓဘာသာကို ထိပါးစော်ကားလို့ တရားစွဲဆိုတာတွေပဲ အတွေ့ရများတာပေါ့နော်၊ သို့သော်လည်းပဲ အခြားရုံးတွေမှာလည်း ဒီလိုပဲ ခရစ်ယာန်သာသနာကနေ စွဲဆိုတာတွေရှိတယ်၊ အစ္စလာမ်ဘာသာကနေ စွဲဆိုတာတွေလည်းရှိတယ်၊ ဟိန္ဒူကနေ စွဲဆိုတာတွေလည်းရှိပါတယ်။ အဲဒီတော့ ၂၉၅ (က)ရဲ့ပြဋ္ဌာန်းချက်ကိုက ဗုဒ္ဓဘာသာတစ်ခုတည်း အတွက် ရည်ရွယ်ပြဋ္ဌာန်းထားတာမဟုတ်ဘဲနဲ့ နိုင်ငံတွင်းမှာ နိုင်ငံသားတွေအားလုံး ကိုးကွယ်ယုံကြည်နေကြတဲ့ ဘာသာသာသနာအားလုံးအတွက် လွှမ်းခြုံပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက်ရှိပါတယ်၊ စွဲခွင့်လည်းရှိတယ် စွဲခဲ့ဖူးတဲ့ သာဓကတွေလည်း မြောက်မြားစွာရှိပါတယ်"

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၅ (က)အရ ပြည်ထောင်စုနိုင်ငံတွင်နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍန်ဖြင့်ဖြစ်စေ ထိုလူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှု ကိုဖြစ်စေ စော်ကားတာ၊ ဒါမှမဟုတ် စော်ကားဖို့ အားထုတ်ခဲ့ပါက ထောင်ဒဏ်နှစ် နှစ်ထိ ချမှတ်နိုင်သလို၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီပုဒ်မနဲ့ပဲ အမေရိကန်သံရုံးက ဗုဒ္ဓ ပန်းချီကားပုံတင်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်သံအမတ်အပါအဝင် သုံးဦးကို အရေးယူပေးဖို့ မကွေးဆရာတော် ဦးပါမောက္ခက ကမာရွတ်မြို့နယ် တရားရုံးမှာ သြဂုတ်လ ၁ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။

(RFA သတင်းထောက် မသက်စုအောင်က တင်ပြသည်)