ပဲခူးတိုင်း နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးက ရွာတချို့ကို စစ်တပ်က စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာနဲ့ နေအိမ်တချို့ကို မီးရှို့နေတာကြောင့် နှစ်ဦးသေဆုံးပြီး လူရှစ်ထောင်ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အင်အား လေးရာခန့်ပါတဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းမှာ တောင်ညိုကွက်သစ်နဲ့ ကျောက်ခွက်ရွာကို ဝင်ရောက်ပြီး သီရိမြိုင်ကွက်သစ်၊ ကျောက်ကုန်းနဲ့ အင်ကြင်းတောရွာတွေဘက်ကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်ကျော် ဒဏ်ရာရထားတယ်လို့ နတ်တလင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးနဲ့ ပစ်တယ်၊ ဗုံးသီးချတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ နှစ်ဆယ်ကျော်ကတော့ ကယ်ထုတ်လို့လည်း မရသေးတော့ အခြေအနေမသိရသေးဘူး”
အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာတော့ စစ်ကြောင်းက သီရိမြိုင်ရွာက နေအိမ်တချို့ကို မီးရှို့နေသလို အဲဒီရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် သီရိမြိုင်၊ ဆီဆုံကုန်း၊ တောင်ညိုကွက်သစ်၊ အောင်မြင်နဲ့ ရွာသာယာ စတဲ့ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးလို စစ်တပ်ခန့်အစိုးရအဖွဲ့ရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်း နတ်တလင်းမြို့နယ်ထဲက မကျီးပင်၊ ဖလံပင်၊ ရှားစေးဖို၊ သရက်ပုဂံရိုးနဲ့ ငုတ်တစ်ရာရွာတို့က နေအိမ် ၂၀၀ ထက်မနည်း မီးရှို့ခံခဲ့ရပြီး အရပ်သားလေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ လေးသန်းကျော်ရှိနေပြီး အဲဒီထဲမှာ ပဲခူးတိုင်းမှာ သုံးသိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။
