ရွှေနဒီရေယာဉ်က ၂၅ ဦး AA ပြန်လွှတ်

မင်းသိန်းအောင်
2019.11.05
shwenadi-people-622.jpg ရက္ခိုင့်တပ်တော်(AA)က ၂၀၁၉၊ နိုဝင်ဘာ ၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်တဲ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်က လူ ၂၅ ဦးကို တွေ့ရစဉ်
Photo: MP U Tun Aung Thein

ရွှေနဒီအမြန် ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူတွေထဲက အရပ်သား ၂၅ ဦးကို ဒီနေ့မနက် အစောပိုင်း မှာ အေအေအဖွဲ့က ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့တွေကို ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာဘုန်းကြီးကျောင်းမှာ ကျေးရွာအုပ်ရေးမှူးကနေတဆင့် လွှဲပြောင်း ပေးအပ်လိုက်တာလို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

“ရွှေနဒီအမြန်ယာဉ်ဖြစ်စဉ်မှာ စစ်သားတွေနဲ့ အရပ်သားတွေကို ခွဲပြီး တော့မှ ကျွန်တော်တို့ စက်လှေတွေ ပေါ်တင်နေတုန်းမှာ မြန်မာစစ်တပ် ဘက်ကနေပြီးတော့ ရဟတ်ယာဉ် ၃ စီးနဲ့ လာပစ်တဲ့အချိန် ကျွန်တော် တို့ ဘေးလွတ်ရာကို ကယ်တင်လာခဲ့တဲ့သူတွေထဲက အရပ်သားစစ်စစ် ၂၅ ဦးကို ဒီနေ့မနက် ၆ နာရီမှာ ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာ ဘုန်းကြီးကျောင်းမှာ ငွေတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို ကျွန်တော်တို့ ကောင်းမွန်စွာပဲ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်ဗျ”

လူတစ်ဦးကို ခရီးစရိတ် ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့ပြီး သူတို့မှာပါလာတဲ့ လက်ကိုင်ဖုန်းနဲ့ အခြားပစ္စည်းတွေနဲ့အတူ လွှဲအပ်လိုက်တာလို့ပြောပါတယ်။

အဲဒီအထဲက ရသေ့တောင်မြို့နယ်က နှစ်ဦးကတော့ ဒီနေ့မနက်မှာပဲ စက်လှေနဲ့ နေရပ်ပြန်သွားကြပြီလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

လူ ၂၅ ဦးထဲက ၄ ဦးဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေရပ်ပြန်သွားပြီး ကျန် ၂၁ ဦးကိုတော့ ဘူးသီးတောင်မြို့က ရခိုင်အမျိုးသားပါတီ ANP ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပရဟိတအဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေက သွားရောက်ခေါ်ယူခဲ့ပါတယ်။

ပြန်လွတ်လာသူတွေ ဘူးသီးတောင်မြို့ကိုရောက်ရှိလာချိန်မှာ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲက သူတို့ကို သီးသန့်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ပန်းအိုးသည်မရွာကနေပြီးတော့ ကျွန်တော်တို့သွားခေါ်တယ်။ အဲဒီမှာ ကျွန်တော်တို့ခေါ်လာခဲ့တာက ၂၁ ယောက် ဖြစ်တယ်။ ကျန်တဲ့ ၄ ယောက်ကတော့ သူတို့အိမ်တွေဆီပြန်သွားပြီလို့ ရွာသားတွေကပြောတယ်ခင်ဗျ။ အဲဒီလူ ၂၁ ယောက်ကို ကျွန်တော်တို့ခေါ်လာတယ်။ ခေါ်လာတဲ့အချိန်ခါမှာ ဘူးသီးတောင်ကို ၂ နာရီခွဲ လောက်မှာရောက်တယ်။ ရောက်တဲ့အခါမှာ သူတို့ကို သက်သေအဖြစ် ခေါ်ယူမေးမြန်းစုံစမ်းမယ်ဆိုပြီးတော့ နခခ(၃)ကို သူတို့ကိုခေါ်သွား ပြီးတော့ ကျွန်တော်တို့လည်း စိတ်မချလို့ နောက်ကလိုက်လို့ကြည့်နေပါတယ်ခင်ဗျ”

ပြန်လွတ်လာသူတွေကို ဒီနေ့ညနေ ၅ နာရီလောက်အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။

စစ်ဆေးနေရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံးရှေ့မှာ ပြန်လွတ်လာသူတွေရဲ့ မိသားစုဝင်တွေက စောင့်ဆိုင်းနေ ကြပါတယ်။

အဲဒီအထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ကျန်းမာရေးကတော့ကောင်းပါတယ်။ ဒါပေမဲ့ အရင်ထက်တော့ နည်းနည်းပိန်သွားတာပေါ့။ ကြောက်စိတ်နဲ့ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်ဖြစ်ပြီးတော့ ပိန်ချုံ့သွားတာပေါ့။ အခုစစ်ဆေးနေတဲ့နေရာကနေ ပြန်ထွက်လာဖို့ကို မျှော်လင့်ပြီးတော့ အပြင်ကနေ ကျွန်မတို့က ထိုင်စောင့်နေပါတယ်။ အထဲမှာ ဘာတွေကိုမေးမြန်းနေတာလဲဆိုတာကို ကျွန်မတို့လည်းမသိဘူး”


ခေါ်ယူစစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့သူ ၅၈ ဦးထဲမှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း နှစ်ဦး၊ အရပ်သား ၁၃ ဦး ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း အောက်တိုဘာ ၂၇ ရက်နေ့မှာ အဲဒီအထဲက လူ ၁၄ ဦးကို နေရာ အသီးသီးက ပြန်လည်ကယ်တင်နိုင်ခဲ့သလို နောက်တစ်နေ့မှာလည်း လွတ်မြောက်လာတဲ့ ရဲတပ်သား တစ်ဦးကို ပြန်ရှာတွေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့က တပ်မတော်က ကယ်တင်ဖို့ ကြိုးစားရာမှာ ရဟတ်ယာဉ်တွေပေါ်က ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ AA အဖွဲ့က ပြောဆိုထားပါတယ်။

တပ်မတော်ကတော့ သူတို့လက်ချက်ကြောင့် သေတာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဖမ်းသွားတဲ့ လူ ၅၈ ဦးထဲက အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူ အခုဆိုရင် လူ ၄၀ ဦးရှိပြီဖြစ်ပြီးတော့ ကျန်တဲ့ လူ ၁၈ ဦးထဲက ဘယ်နှစ်ဦး သေဆုံးသွားတယ်၊ AA အဖွဲ့ရဲ့လက်ထဲမှာ ဘယ်နှစ်ဦး ကျန်ရှိနေတယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA ကမေးမြန်းရာမှာ ကျန်ရှိနေသူတွေကို ဆက်လက်ထိန်းသိမ်း ထားကြောင်း၊ စစ်ဘက်လုံခြုံရေးကိစ္စဖြစ်လို့ အရေအတွက်ကိုပြောဖို့ အစီအစဉ် မရှိသေးကြောင်း တုံ့ပြန်ပါတယ်။

ကျန်ရှိနေသူတွေနဲ့ပတ်သက်လို့ ရှာဖွေနေဆဲဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“ကျွန်တော်တို့ကတော့ အဲဒီနေ့ကတည်းက ရှာဖွေတာတွေလုပ် ခဲ့တာရှိတယ်။ နောက်ပိုင်းမှာတော့ အဲဒီဘက်မှာ နှစ်ရက်သုံးရက်ကြာ သည်အထိ သူတို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာမှာ ရှာဖွေခဲ့တာတွေ ရှိတယ်။ အဲလိုရှာဖွေစဉ်မှာပဲ အဲဒီနေရာမှာ တိုက်ပွဲထိတွေ့မှု နှစ်ကြိမ် လောက်ဖြစ်ခဲ့တာရှိတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူတွေကိုရရှိခဲ့ တာတော့ မရှိသေးပါဘူး။ သိရသလောက်တော့ သူတို့က ကျောက်တန်း ကျေးရွာရဲ့ အရှေ့ဘက်ကို ထွက်သွားတယ်ဆိုတဲ့ဟာပဲ သိရပါတယ်”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က ထိန်းသိမ်းထားတဲ့ မီးသတ်ဝန်ထမ်း ၁၈ ဦးကိုလည်း သင့်တော်တဲ့အချိန်မှာ ပြန်လွှတ် ပေးသွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ စစ်ဆေးစရာရှိလို့ ဆက်လက်ထိန်းသိမ်းထားဦးမှာဖြစ်ပြီးတော့ စစ်ဆေးရေးကိစ္စတွေပြီးဆုံးမှ သူ့ကိုဘာဆက်လုပ်လုပ်မယ်ဆိုတာကို ထုတ်ပြန်မယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။

ဒီအပေါ်မှာ တပ်မတော်ဘက်ကတော့ သတင်းကွင်းဆက်ရရှိရေးနဲ့ နယ်မြေစိုးမိုးရေးကို ဆက်လက်ဆောင်ရွက်နေ တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။