တရုတ်ပိုင် ဖုယွင်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၂ ဦး အလုပ်ထုတ်ခံရ

တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံမှာ အချိန်ပိုမဆင်းလို့ဆိုပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား ၁၂ ဦးဟာ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ဆင့်မှာ ဥပဒေအတိုင်း ညှိနှိုင်းဖျန်ဖြေခွင့်မရရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အထိ တိုင်ကြားဖို့ ဆုံးဖြတ်ထားကြပါတယ်။

"ခုံကောင်စီမှာမှ ဥပဒေနဲ့အညီ ဖြေရှင်းခွင့်မရဘူးဆိုရင်တော့ ကမ္ဘာ့အလုပ်သမားအဖွဲ့ဖြစ်တဲ့ ILO အထိ တက်ဖို့ဆုံးဖြတ်ထားပါတယ်"

သမဂ္ဂအဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်လိုက်တာလို့ အထုတ်ခံရသူတွေထဲက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မသိန်းသိန်းမော်က ပြောပါတယ်။

"ဖုယွင်စက်ရုံက မေလ ၂၁ နေ့မှာ စက်ရုံမန်နေဂျာက ကျွန်မတို့ ၁၂ ယောက်ကိုခေါ်ပြီး အလုပ်ထုတ်တယ်လို့ ပြောတယ်၊ အချိန်ပိုအလုပ် (OT) မဆင်းလို့ အလုပ်ထုတ်လိုက်တာတဲ့၊ EC စာချုပ်မှာ OT မဆင်းရင် အလုပ်ထုတ်မယ်ဆိုတဲ့အချက် မပါသလို အလုပ်သမားရေးရာနဲ့ပတ်သက်တဲ့ ဥပဒေတွေမှာလည်း OT မဆင်းတဲ့ အလုပ်သမား အရေးယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ဥပဒေ မရှိဘူးလေ။ အခုအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား ၁၂ ယောက်ဟာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တာကြောင့် ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ အလုပ်ထုတ်လိုက်တာလို့ ယုံကြည်ပါတယ်"

အလုပ်ထုတ်ခံလိုက်ရတဲ့ ၁၂ ဦးထဲမှာ သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ရှစ်ဦးပါပြီး လေးဦးက သမဂ္ဂအဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ အဲဒီ ၁၂ ယောက်ထဲမှာ အမျိုးသားအလုပ်သမားက သုံးဦးနဲ့ အမျိုးသမီး ကိုးဦး ပါဝင်ပါတယ်။ အလုပ်ထုတ်ခံရသူအားလုံးက အလုပ်ပြန်လည်ရရှိဖို့ပဲ လိုလားနေကြပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံ မန်နေဂျာဖြစ်သူ ဒေါ်နှင်းမိုးလှိုင်ကတော့… ဒီအလုပ်သမား ၁၂ ဦးကို အလုပ်ထုတ်လိုက်တာဟာ အော်ဒါတွေမရှိလို့ လူအင်အား လျှော့တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“OT မဆင်းလို့ အလုပ်ဖြုတ်တာ မဟုတ်ပါဘူး၊ လူအင်အား လျှော့တာပါ၊ လုပ်ငန်းရှင်က အလုပ်မပေးနိုင်ဘူး၊ အော်ဒါတွေမရှိလို့ လူအင်အားလျှော့ရတာ၊ လျှော့ချင်လို့တော့ မဟုတ်ပါဘူး။ လုပ်သက်အလိုက် သူတို့ကို နစ်နာကြေးပေးထားတယ်၊ နို့တစ်ကြေးလည်း ပေးထားတယ်၊ ဆယ်နှစ်ဝန်းကျင်ရှိတဲ့သူတွေကို လုပ်သက် ခြောက်လစာ၊ နို့တစ်တစ်လစာ အဲအတွက် သူတို့ကို Black List စာရင်းထဲလည်း ထည့်မထားပါဘူး။ တခြား လုပ်ငန်းခွင်မှာ ပြန်လျှောက်လို့ရအောင်၊ သူများတွေဆို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး တခြားတွေကို ပို့ထားကြတယ်၊ ဒီက မလုပ်ထားဘူး။ အခုချိန်မှာ ရထားတဲ့ပိုက်ဆံလေးနဲ့ နိုင်ငံခြားထွက်ကြတော့ ရွှေလီဘက်တွေ သွားလို့ရတယ်လေ၊ အဲဒီဘက်ကိုသွားပြီးတော့ တိုးတက်အောင်မြင်အောင် လုပ်ကိုင်စေချင်တာပေါ့နော်“

စက်ရုံဘက်က အဲဒီလိုပြောပေမဲ့ စက်ရုံမှာရှိတဲ့ အလုပ်သမား ရှစ်ရာကျော်ထဲက သမဂ္ဂအဖွဲ့ဝင် လုပ်သက်ရင့် ဝန်ထမ်း ၁၂ ဦးကိုရွေးပြီး အလုပ်ထုတ်လိုက်တာဟာ ဥပဒေပါလုပ်နည်းအတိုင်း သက်ဆိုင်ရာဌာနတွေကို ကြိုတင်အကြောင်းကြားတာ မရှိခဲ့ဘူးလို့ အလုပ်ထုတ်ခံလိုက်ရသူတွေက ပြောပါတယ်။

ဒါ့အပြင် လူအင်အားလျှော့တယ်လို့ စက်ရုံဘက်ကပြောပေမဲ့ ဖုယွင်စက်ရုံရဲ့ အဝင်ပေါက်နဲ့အပြင်မှာ အလုပ်သမားအသစ်တွေ ခေါ်တဲ့ကြေညာစာတွေ ကပ်ထားတယ်လို့လည်း ဆိုပါတယ်။

လူအင်အားလျှော့မယ်ဆိုရင်လည်း ဥပဒေနဲ့အညီ နေ့စားအလုပ်သမားတွေကနေ အစမ်းခန့် အလုပ်သမား၊ တစ်နှစ်အောက် အလုပ်သမားစတဲ့ လအလိုက်၊ နှစ်အလိုက် လျှော့ချရမှာဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။

အလုပ်သမားအရေး လှုပ်ရှားတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးကတော့ အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ဥပဒေ မြန်မာနိုင်ငံမှာ သီးသန့်မရှိပေမဲ့ ခုံသမာဓိ၊ ခုံကောင်စီက ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးလို့ရတယ်လို့ ပြောပါတယ်။

"ကျွန်မတို့နိုင်ငံမှာက အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေဆိုတာ သီးသန့်မရှိဘူး၊ အဲလိုမျိုး ပြောလိုက်လို့ အလုပ်ဖြုတ်လိုက်လို့ရှိရင် မဖြုတ်နဲ့ဆိုတာမျိုး မရှိဘူး၊ ဆိုကြပါစို့ ညှိနှိုင်းဖျန်ဖြေရေးယန္တရားမှာပေါ့ ခုံသမာဓိ၊ ခုံကောင်စီ သူတို့ဟာ အသက်ပါပဲ၊ ခုံသမာဓိ၊ ခုံကောင်စီမှာရှိနေတဲ့သူတွေက အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးလို့ရတယ်၊ ခုံသမာဓိ ကောင်စီရဲ့ ဆုံဖြတ်ချက်ဟာ နောက်ဆုံးရလဒ်၊ နောက်ဆုံး အဖြေ၊ ခုံကောင်စီရဲ့ အမိန့်ကိုမကျေနပ်ဘူးဆိုရင် ဟိုတုန်းကတော့ စာချွန်တော်တက်ကြတာပေါ့၊ ဒါနိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေး၊ ညှိနှိုင်းဖျန်ဖြေရေးမှာတော့ ခုံကောင်စီက နောက်ဆုံးပဲ"

အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မဖြူဖြူသင်းက တရားမျှတမှုရတဲ့အထိ ဥပဒေနဲ့အညီ အဆင့်ဆင့်တက်သွားမယ်လို့ ပြောပါတယ်။

"မေလ ၂၁ နေ့မှာ အလုပ်ထုတ်တာ ခံလိုက်ရတယ်၊ အဲဒီနောက် မေလ ၂၃ နေ့နဲ့ ၂၇ နေ့တွေမှာ အလုပ်ရှင်နဲ့ အလုပ်သမား ညှိ နှိုင်းဖျန်ဖြေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရုံးမှာ နှစ်ကြိမ်တိတိ ဖြေရှင်းခဲ့တယ်၊ တောင်းဆိုခဲ့တဲ့ သုံးချက်လုံး အဆင်မပြေခဲ့ဘူး။ လုပ်ငန်းခွင်ထဲမှာ မူလအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရဖို့၊ တရားမဲ့ အလုပ်ထုတ်တာကို လက်မခံတာနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ပဲ တောင်းဆိုခဲ့တာပါ၊ အခုလို တောင်းဆိုနေတာ အဆင်မပြေခဲ့ရင် ခုံသမာဓိကောင်စီအထိတက်မယ်၊ အဲဒီခုံကောင်စီမှာမှ ဥပဒေနဲ့အညီ ဖြေရှင်းခွင့်မရဘူးဆိုရင်တော့ ကမ္ဘာ့အလုပ်သမားအဖွဲ့ဖြစ်တဲ့ ILO အထိ တက်ဖို့ဆုံးဖြတ်ထားပါတယ်"

အလုပ်သမားတွေ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က အတွင်းရေးမှူး ဦးအောင်စိုးသန်းနဲ့ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

တရုတ်နိုင်ငံသားပိုင် ဖုယွင်စက်ရုံက စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေကိုလည်း စက်ရုံထဲမှာ ခေါ်ထားလေ့ရှိတယ်လို့ အဲဒီဖုယွင်အထည်ချုပ်စက်ရုံက လုံခြုံရေးအရ အမည်ဖော်လိုသူ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“OT မဆင်းလို့ အလုပ်ဖြုတ်ပါတယ်ဆိုတဲ့ဟာကို ခေါင်းစဉ်တပ်လာတယ်၊ အဲဒီမှာ လုပ်သက်ရင့် ဆယ်နှစ်အထိရှိတဲ့ ဝန်ထမ်းတွေတောင်ပါတယ်၊ စက်ရုံထဲကိုလည်း စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေ ခေါ်သွင်းတာတွေရှိတယ်၊ ဒီအခြေအနေတွေကို သုံးသပ်ခြင်းအားဖြင့် ကျွန်မတို့ အလုပ်သမားတွေက ဖုယွင်စက်ရုံကို စစ်ကောင်စီနဲ့ တစ်တန်းထဲထားပြီး တော်လှန်ရတော့မှာလားဆိုတဲ့ကိစ္စ စဉ်းစားရတော့မယ့် အခြေအနေရောက်နေပြီ”

၂၀၁၄ ခုနှစ် မတ်လက စဖွင့်ခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံဟာ NLD အစိုးရလက်ထပ် ၂၀၁၈ ခုနှစ်ကလည်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အယောက် သုံးဆယ်ကို ဖုယွင်စက်ရုံက အလုပ်ထုတ်ခဲ့တာကြောင့် စက်ရုံရှေ့က ကနောင်မင်းသားကြီးလမ်းပေါ်မှာပဲ ရက်ပေါင်း (၇၀) ကျော်တဲ့အထိ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်မှ တရုတ်နိုင်ငံသားပိုင် ဖုယွင် အထည်ချုပ်စက်ရုံအား ၂၀၂၄ ခုနှစ်၊ ​မေလ ၂၉ နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်မှ တရုတ်နိုင်ငံသားပိုင် ဖုယွင် အထည်ချုပ်စက်ရုံအား ၂၀၂၄ ခုနှစ်၊ ​မေလ ၂၉ နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ နစ်နာကြေးရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ် လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမဲ့ ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။

လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ခုထဲက စက်ရုံ ၃၁၁ ခုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။