လာဘ်စားမှုကျူးလွန်တဲ့ စစ်ဗိုလ်ချုပ်တွေကို ထိရောက်စွာ အရေးယူသင့်

RFA Burmese
2023.09.21
လာဘ်စားမှုကျူးလွန်တဲ့ စစ်ဗိုလ်ချုပ်တွေကို ထိရောက်စွာ အရေးယူသင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့က ကျင်းပသည့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင် တွေ့ရစဉ်။
Screenshot: MRTV

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီတွေရဲ့ ဥက္ကဋ္ဌရာထူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လာဘ်စားမှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရင် ထိရောက်စွာ အရေးယူရမယ်လို့  ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒေါ်လာသုံးစွဲလုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထံကနေ အကြီးအကျယ် လာဘ်ငွေယူခဲ့တယ်လို့ သတင်းထွက်လာပြီးနောက်မှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရာထူးကနေ ဖယ်ရှားခံလိုက်ရတာပါ။ သူ့ကို နေပြည်တော်မှာ နေအိမ်အကျယ်ချုပ် ချထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရာထူးမချခင်မှာ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးကို စစ်ကောင်စီက အရင်ဆုံး ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ကဏ္ဍမျိုးစုံက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အားလုံးရဲ့ ထွက်ဆိုချက်ပေါ် မူတည်ပြီး အခုလို ရာထူးကနေ ဖယ်ရှားလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးစစ်ဆေးခံနေရသည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး။ (Photo: MDN)
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးစစ်ဆေးခံနေရသည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး။ (Photo: MDN)

စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူခဲ့တဲ့ ဥက္ကဋ္ဌရာထူးနေရာတွေမှာ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ အစားထိုးလိုက်တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦးကတော့ အဂတိလိုက်စားတယ်ဆိုတာ မှန်ကန်ရင် စစ်တပ်ထုံးစံအရ အရေးယူကို ယူရမယ်လို့ ပြောပါတယ်။

 “အပြစ်ဖြစ်တဲ့သူကတော့ စစ်တပ်ထုံးစံအရ အရေးယူရမှာပဲလေ။ ကိုယ်က အမှားလုပ်ထားရင်တော့ အရေးယူ မှာပဲ။ ရာထူးကြီးတယ်၊ သေးတယ် မဟုတ်ပါဘူး။ ရဲဘော်ကစ ဗိုလ်ချုပ်ကြီးအထိ အရေးယူမှာ ပါပဲ။ အဂတိ လိုက်စားမှုကတော့ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် မဖြစ်သင့်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက လူတွေက ဂါရဝနဲ့ ပေးတာက အကျင့်ပါနေတော့ အဲဒီဓလေ့ထုံးစံက အဂတိလိုက်စားမှုဘက်ကို အားပေးသလို ဖြစ်တာပေါ့။ ဂါရဝတရားတွေလုပ်ရင်း လုပ်ရင်းနဲ့ အကျင့်ပျက်သွားတာ သူတို့က မသိလိုက်ဘူးလေ”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး စတင်ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီအဖွဲ့မှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နံပါတ် ၇ နေရာမှာ ရှိခဲ့တာပါ။ တစ်ပြိုင်တည်းမှာပဲ သူဟာ စစ်ဦးစီအရာရှိချုပ် (ကြည်း) တာဝန်ကိုလည်း ယူထားပါတယ်။

စစ်တပ်ထဲက ထိပ်တန်းရာထူးရှိသူတွေကြား လာဘ်စားမှုဟာ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်နေပြီး အခု စစ်ကောင်စီလက်ထက်မှာ ပိုဆိုးလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ရှေးတုန်းကလည်း သမိုင်းတစ်လျှောက်မှာ စစ်ခေါင်းဆောင်တွေက တိုင်းပြည်ကို၊ ပြည်သူလူထုကို ဂုတ်သွေးစုပ်ပြီး သူတို့ရဲ့ ကောင်းစားရေး၊ သူတို့သားစဉ်မြေးဆက် ကောင်းစားရေးကို တောက်လျှောက် လုပ်ခဲ့ကြတာ။ အခုအခြေအနေမှာ ဒါတွေကို ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်လာတာကို ကျွန်တော်တို့တွေ့ရတယ်”

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရုတ်တရက် ရာထူးကနေဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

“သူတို့က ဘယ်တော့မှ သူတို့လူတွေကို အဂတိလိုက်စားတယ်လို့ ဝန်ခံမှာ မဟုတ်ဘူး"

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဘာကြောင့် ရာထူးက ဖယ်လိုက်သလဲဆိုတာ သူအတိအကျ မသိဘူးလို့ ပြောပါတယ်။

အခု စစ်ကောင်စီလက်ထက်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေ မကြာခဏ အပြောင်းအလဲ လုပ်တဲ့အပေါ်  လူတွေက ထင်ကြေးအမျိုးမျိုး ပေးနေကြတာလို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“န၀တ၊ နအဖ ခေတ်ပေါ့ အဲဒီအပိုင်းမှာတော့ အဲဒီတုန်းက ထိပ်ပိုင်းမှာ အပြောင်းအလဲ သိပ်မရှိကြဘူး။ အပြောင်းအလဲ ကြီးကြီးမားမားလုပ်တာတော့ နှစ်ခါ၊ သုံးခါလောက်ပဲ မြင်တွေ့ရမယ် ထင်တယ်။ အဲတော့ ဒီခေတ်ပိုင်းမှာတော့ အပြောင်းအလဲ နည်းနည်းမြန်တဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ ခုနပြောတဲ့ မှတ်ချက်တွေ၊ သုံးသပ်ချက်တွေ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေ မျိုးစုံထွက် မှာပေါ့”

ရှေ့နေ ဦးကြီးမြင့်ကတော့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ အဂတိလိုက်စားမှုရှိရင်တောင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုံးတင်စစ်ဆေးတာမျိုး လုပ်မှာမဟုတ်ဘဲ ရာထူးက ဖယ်ရှားတာမျိုး လောက်ပဲ လုပ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“သူတို့က ဘယ်တော့မှ သူတို့လူတွေကို အဂတိလိုက်စားတယ်လို့ ဝန်ခံမှာ မဟုတ်ဘူး။ အဲတော့ အဲပြဿနာက တရားရုံးလည်း ရောက်လာမှာ မဟုတ်ဘူး။ ဥပေဒလည်းတပ်မှာ မဟုတ်ဘူး။ အသာလေးပဲ ဖယ်လိုက်မှာပဲ။ သူတို့က သူတို့လူတွေကိုဖယ်ရင် ငါတို့ချင်း ဘာမှမဖြစ်ဘူး၊ တစ်ယောက်ချင်းကပဲ လာဘ်စားလို့ လုပ်တယ် ဆိုတဲ့သဘောမျိုးပဲ လုပ်တာ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ဗိုလ်ချုပ်တွေ ကိုယ်ကျိုးရှာနေတာကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိစ္စက ထင်ထင်ရှားရှားပြသနေတာမို့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ပြောပါတယ်။

“သူ့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ကိုယ်ကျိုးရှာနေတယ်ဆိုတာ အခု မိုးမြင့်ထွန်းကိစ္စက ပီပီပြင်ပြင် ပုံဖော်လိုက်တာပဲ။ ဒေါ်လာတွေ အလွဲသုံးစားလုပ်ထားတာကတော့ စံနမူနာပြအနေနဲ့တော့ အနည်းဆုံး လုပ်ပြသင့်တာပေါ့။ စစ်ဗိုလ်ချုပ်အားလုံးမှာ အနည်းနဲ့အများ အဲသလို ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ ဘယ်သူမှ မကင်းပါဘူး”

လာဘ်စားမှုနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပြင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။