လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး အစည်းအဝေး


2019.03.12
yangheelee-622.jpg မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂ဝ၁၉ မတ်လ ၁၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာတင်သွင်းခဲ့ပြီး  မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

■ ဂျီနီဗာမြို့မှာ တနင်္လာနေ့ကကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက… မြေလွတ်မြေရိုင်း ဥပဒေကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာတွေ၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးရတာတွေအပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေက တင်သွင်းခဲ့ပါတယ်။

မြေလွတ်မြေရိုင်းဥပဒေကြောင့် ကျေးလက်ဒေသကပြည်သူတွေ ထောင်နဲ့ချီပြီး တရားစွဲခံရမယ့် အခြေအနေရှိနေပြီး၊သဘာဝသယံဇာတ အရင်းအမြစ်တွေကို အတားအဆီးမဲ့ ထုတ်ယူနေတာတွေကြောင့် ဒေသခံတွေ ထိခိုက်နစ်နာနေရကြောင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးရသလို ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း မစ္စယန်ဟီးလီက တင်ပြခဲ့ပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးလာနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့၊ ICC ကို လွှဲပြောင်းဖို့မဖြစ်နိုင်ရင် နိုင်ငံတကာအနေနဲ့ သီးခြားလွတ်လပ်တဲ့ ခုံရုံးတစ်ခု ထူထောင်ဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းသွားပါတယ်။

လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ Forum Asia အဖွဲ့က မခင်ဥမ္မာ ကလည်း… မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ICC ကိုလွှဲပြောင်းဖို့လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့အပေါ် စိုးရိမ်ရတဲ့ အခြေအနေနဲ့၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချမှုရှိရှိ နေရပ်ပြန်လာဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို တွေ့နေရကြောင်း၊ မြန်မာ့ သယံဇာတတွေကို အတားအဆီးမဲ့ ထုတ်ယူမှုတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်ကြရပြီး ရရှိတဲ့အကျိုးအမြတ်တွေကိုလည်း စစ်တပ်နဲ့ စစ်တပ်ပိုင်လုပ်ငန်းကြီးတွေကသာ ရယူသွားကြတာ၊ သယံဇာတတွေကို တရားလက်လွတ် ထုတ်ယူမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို ဒေသခံတိုင်းရင်းသားတွေ ခံစားနေရသလို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ကြုံတွေ့နေရကြောင်း၊ အခုလို မြန်မာနိုင်ငံတွင်းက အခြေအနေတွေကြောင့် ICC ကို လွှဲပြောင်းဖို့ မခင်ဥမ္မာက တိုက်တွန်းသွားပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့… မြန်မာ့အရေးကို ICC လွှဲပြောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ ဒါကြောင့်  ICC မှာ လွှဲပြောင်းစစ်ဆေးဖို့ ပြောဆိုချက်ကို လုံးဝ လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။