ICC တရားရုံးကနေ စစ်ခေါင်းဆောင်တွေကို အမြန်အရေးယူဖို့ ကုလအရာရှိဟောင်းတွေတောင်းဆို
2022.12.15
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရက်ရက်စက်စက်ကျူးလွန်ထားပေမယ့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူပေးဖို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က မနေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက်ကျူးလွန်နေပြီး ဒီ ၂ဝ၂၂ ခုနှစ် တစ်လျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။
"ICC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုမရှိဘဲ မြန်မာပြည်ကို နောက်တစ်နှစ် ပစ်ပယ်မထားသင့်ပါဘူး"
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ....
" မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေက ဒီနှစ်မှာ ပိုလို့တောင် ဆိုးလာပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက် စစ်ဗိုလ်ချုပ်တွေက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နေဦးမှာပဲ၊ ဒါတွေရပ်တန့်အောင် မလုပ်နိုင်မချင်း ကျူးလွန်နေမှာပဲ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဒီစစ်ဗိုလ်ချုပ်တွေကို ICC တရားရုံးမှာ တရားစွဲနိုင်ရေး လုပ်နိုင်တာအားလုံး လုပ်ဖို့လိုပါတယ်" လို့ပြောပါတယ်။
တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်နိုင်မှ အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်သွားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ICC တရားရုံးအနေနဲ့ အရေးယူနိုင်တဲ့ အခွင့်အလမ်းရှိသလို အရေးယူလည်း ယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘယ်လိုအရေးယူလို့ရနိုင်လဲဆိုတဲ့ အတိုချုံးရှင်းလင်းချက်တစ်စောင်ကိုလည်း မနေ့က ထုတ်ပြန်ခဲ့တာပါ။
အထူးအကြံပေးကောင်စီအဖွဲ့ဝင် Chris Sidoti က ....
" မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဖို့ ကျနော်တို့တောင်းဆိုနေတာ ၂ဝ၁၈ ခုနှစ်ကတည်းကပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC ကတရားစီရင်ပိုင်ခွင့်ရှိတယ်လို့ တင်ထားခဲ့ပြီးပြီမို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ICC ကတရားစီရင်ပိုင်ခွင့်ရှိပါတယ်။ ICC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုမရှိဘဲ မြန်မာပြည်ကို နောက်တစ်နှစ် ပစ်ပယ်မထားသင့်ပါဘူး" လို့ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ရာဇဝတ်မှုတွေကို ICC တရားရုံးကနေ တရားစီရင်တာကို လက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနှစ်ဩဂုတ်လမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေထွက်ပြေးရတဲ့ ကိစ္စနဲ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ ICC တရားရုံးကနေ အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆေးမှုဟာ အကန့်အသတ်ရှိနေတယ်လို့ ထောက်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို ICC တရားရုံးက ဘယ်လိုအရေးယူနိုင်မလဲဆိုတဲ့ အတိုချုံး ရှင်းလင်းချက်အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေသာမက တိုင်းရင်းသားလူနည်းစုတွေ၊ အရပ်သားပြည်သူတွေကို နှစ်ရှည်လများကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ အာဏာသိမ်းပြီးနောက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုဥပဒေကြောင်းအရ အရေးယူနိုင်မလဲဆိုတာ ရှင်းပြထားတယ်လို့ SAC-M က ဆိုပါတယ်။
အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Marzuki Darusman ကလည်း ....
" ICC တရားရုံးကို တည်ထောင်ထားတာဟာ ရာဇဝတ်မှုကျူးလွန်တဲ့သူတိုင်းကို အရေးယူဖို့ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို ICC တရားရုံးကနေ အရေးမယူနိုင်ဘူးဆိုရင် ICC တရားရုံးတည်ထောင်ထားရတာ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူး" လို့ ဝေဖန်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် နောက်တစ်ကြိမ်ရွေးချယ်ခံရတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေတစ်ဆင့် မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အဆိုပြုပေးဖို့ လိုတယ်လို့ RFA နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မေးမြန်းခန်းမှာ ပြောပါတယ်။
ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ နိုင်ငံတကာတရားရုံး (ICJ) အာဏာသိမ်း စစ်ကောင်စီကို အရေးယူရမယ့် အချိန်ရောက်ပြီလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။