ကယားနဲ့ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေ၊ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.09.04
ကယားနဲ့ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေ၊ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးက ပြည်သူများ ၂၀၂၁ စက်တင်ဘာ ၁ ရက်နေ့က စစ်ဘေးရှောင်ရန် ထွက်ခွာနေကြစဉ်
Photo: News Light in Karenni

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNDF တို့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ အုပ်စုမှာရှိတဲ့ ခေါင်းအိ၊ စက်တော်၊ လွယ်လုံ၊ လွယ်ဘွဲ့၊ တောင်တစ်လုံး၊ မြောက်တစ်လုံး စတဲ့ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ငါးထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

အဲဒီ ခေါင်းအိကျေးရွာ အုပ်စုကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကရင်နီ ပြည်ကာကွယ်ရေးတပ် KNDF နဲ့ ဖယ်ခုံ PDF ပူးပေါင်းအဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ကရင်နီပြည်ကာကွယ်ရေးတပ် KNDF ပြောခွင့်ရှိသူက RFA ကိုအခုလို ပြောပါတယ်။

“တိုက်ပွဲက သုံးရက်ရှိပြီ။ စစ်တပ်ဘက်က ဒုတိယတစ်ရက်မှာ သူတို့မိုင်းထိတော့ ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ သေသွားတာတော့ မသိသေးဘူး။ သယ်သွားတာတော့ တွေ့တယ်။ ဘယ်လောက် သေလဲဆိုတာတော့ မသိရဘူး။ သေချာတာတစ်ခုကတော့ ၁၀ ယောက်ကျော်လောက်က ဒဏ်ရာ အပြင်းအထန်ရပြီးတော့ အနောက်ပြန်ပို့နေတာကိုတော့ တွေ့ရတယ်”

ဒီတိုက်ပွဲအတွင်း အရပ်သားတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ KNDF က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနားမှာရှိတဲ့ ရွှေပြည်အေးရွာက ဦးမောင်ကျီးနဲ့ ဒေါ်ဝင်းကြည်တို့ ဇနီးမောင်နှံကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

သူတို့တွေကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရပေမယ့် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲမှာ အရပ်သား တွေကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးချဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ KNDF ပြောခွင့်ရှိသူက သုံးသပ်ပါတယ်။

"ဒါကမနက် ၈ နာရီလောက်ဖြစ်တယ်။ တောင်ယာသွားရင်းနဲ့ ဖမ်းခံရတာ။ အဲဒီ ရွှေပြည်အေးရွာက ပေါ့လေ။ အခုအချိန်ထိ အဲဒီနှစ်ယောက်ကို ကျွန်တော်တို့ ကြိုးစားဆက်သွယ်နေတယ်။ ဘယ်ထိ ခေါ်သွားလဲ အသေးစိတ် မသိရသေးဘူး။ လက်ရှိအချိန်ထိ ဆက်လက်စုံစမ်းနေတုန်းပဲ။ အဓိကကတော့ စစ်ကြောင်းကို လူသားဒိုင်းကာအဖြစ် ဦးဆောင်သွားပြီးတော့ လမ်းပြခိုင်းမယ့် သဘောမှာရှိတယ်"

ကယားပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း လွိုင်လင်လေးရွာဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေး နေရပါတယ်။

"စစ်ကောင်စီဘက်က ကျွန်မတို့ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာတွေလည်း ရှိတယ်။"

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တောထဲတောင်ထဲကို ထွက်ပြေးနေရပြီး တိမ်းရှောင်နေတဲ့ သူတွေ အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖယ်ခုံဒေသခံ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ကျွန်မတို့ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာတွေလည်း ရှိတယ်။ ကျွန်မတို့ဒီဘက်မှာ ဟိုအရင်တစ်ခေါက် ပြီးခဲ့တဲ့ ရှေ့လတုန်းကလည်း စစ်ပွဲတွေဖြစ်တော့ တိုက်ပွဲရှောင် အနေနဲ့ ပြေးတာတွေရှိတယ်။ ပြန်ငြိမ်သွားတော့ ပြန်လာကြတယ်။ အခုတစ်ခေါက် ပြန်ဖြစ်တဲ့ အခါကျတော့ ပြည်သူတွေက တစ်ခါပြန်ပြေးရတယ်။ ခေါင်းအိပြည်သူတွေ တစ်ခါပြန်ပြီးပြေးရတော့ စစ်ဖြစ်တယ်ဆိုတော့ ကြိုတင်ပြင်ဆင်မှု အားနည်းတော့ သူတို့အတွက် စားနပ်ရိက္ခာ ဆေးဝါး အခက်အခဲ ဖြစ်လာနိုင်တယ်။ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးကလေးတွေကို လုံခြုံတဲ့နေရာ ထားထားတော့ ကျေးရွာ တွေနဲ့လည်း တော်တော်အလှမ်းဝေးတဲ့ နေရာဖြစ်နေတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အခက်အခဲတွေ ရှိတယ်”

အလားတူပဲ ကရင်ပြည်နယ်ထဲမှာ ဘားအံမြို့နယ် လက်တောကြီး ရွာနားမှာလည်း စစ်တင်ဘာ ၃ ရက်နေ့ မနေ့က ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်တာကြောင့် စစ်ကောင်စီဘက်က သုံးယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၂၀၁) တပ် ဖွဲ့က လယ်တောကြီးရွာ အနီးကို နယ်မြေကျော်လာ တာကြောင့် KNLA တပ်ရင်း ၁၊ တပ်ခွဲ-၂ နဲ့ ထိပ် တိုက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကရင်ပြည်နယ်အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲရဲ့ အသေးစိတ်အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားရာ နယ်မြေဖြစ်တဲ့ KNU သထုံခရိုင်ရဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

phal khone refugees
(ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး ၂၀၂၁ စက်တင်ဘာ ၁ ရက်နေ့က စစ်ဘေးရှောင်ရန် ထွက်ခွာနေကြသူများကို တွေ့ရစဉ်) Photo: News Light in Karenni

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ် ထားတဲ့ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့ ပြီး စစ်တပ်ဘက်က သေဆုံးသူ ၁၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၈ ဦးအထိရှိခဲ့တယ်လို့ KNLA က ပြောထား ပါတယ်။

ဒီနေ့ ကယားနဲ့ ကရင်ပြည်နယ်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒေသတွင်းက ဒုက္ခသည်အရေး လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို မေးမြန်းပြီး RFA က သီးခြား ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ် လကုန်အထိ ခုနစ်လအတွင်း တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေရှိရာ ကရင်နဲ့ မွန်ပြည်နယ်က ဒေသခံ ခုနှစ်သောင်းနီးပါးနဲ့ ကယားပြည်နယ်က ဒေသခံ တစ်သိန်း သုံးသောင်းကျော်တို့ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။