ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း ဖယ်ဒရယ်တည်ထောင်ရေးအတွက် ဆုံးရှုံးမှုလို့ပြောကြ

2022.04.30
ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း ဖယ်ဒရယ်တည်ထောင်ရေးအတွက် ဆုံးရှုံးမှုလို့ပြောကြ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းလူမျိုးတွေရဲ့ အကျိုးကိုဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးခွန်ထွန်းဦး ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ရန်ကုန်မြို့ ၉ မိုင်က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

"ပြည်ထောင်စုက လူငယ်တွေကို လက်ဆင့်ကမ်းနိုင်တဲ့ အမွေတော့ ငါပေးထားခဲ့မယ် ဆိုတဲ့သူပြောထားတဲ့ စကားရှိတာပေါ့လေ"

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ဖက်ဒရယ် ပြည်ထောင်စုနဲ့ ရှမ်းအမျိုးသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့အထိ ကြိုးပမ်းသွားဖို့ သစ္စာအဓိဋ္ဌာန်ပြုမယ်လို့ RFA ကို ပြောပါတယ်။

“ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ရည်မှန်းထားတဲ့ ဥက္ကဋ္ဌကြီးဖြစ်ချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ရှမ်းအမျိုးသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အနေအထား တစ်ခုကို မရောက်သေးပေမယ့်လို့ ဥက္ကဋ္ဌကြီး ရည်မှန်းထားတဲ့အတိုင်း မဖြစ်ဖြစ်အောင် လို့ ကျနော်တို့တတွေက သူ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ရဲ့ရည်မှန်းချက်အတိုင်း အမြန် ဆုံးပေါက်မြောက်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ် ခင်ဗျ။ ဒီ့အတွက်ကို ကျနော်တို့ အားလုံးက ဥက္ကဋ္ဌကြီးရဲ့ ရုပ်အလောင်းရှေ့က သစ္စာအဓိဋ္ဌာန်ပြုသွားကြဖို့ လည်း တိုင်ပင်ထားကြပါတယ်ခင်ဗျ”

၁၉၈၈ ခုနှစ်က စလို့ SNLD ဦးခွန်ထွန်းဦးနဲ့ အတူနိုင်ငံရေးလက်တွဲလုပ်ဆောင်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကယန်းအမျိုးသားခေါင်းဆောင် ဦးခွန်မားကိုဘန်းက ဖက်ဒရယ် ပြည်ထောင်စုကို သွားရင်းလမ်းခုလတ်မှာ ဦးခွန်ထွန်းဦး အခုလို ကျဆုံးသွားတဲ့အတွက် SNLD ခေါင်းဆောင် အားလုံးနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်း တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားများ အားလုံးပေါ့ ဗမာတိုင်းရင်းသားတွေ အပါအဝင် NLDနဲ့ ညီညွတ်ဖို့ ကျနော်တို့ လုပ်ဆောင်တဲ့နေရာမှာ သူကတကယ့်ပေါင်းကူးတံတားဖြစ်တယ်လို့ ကျတော်အဲလိုပဲ ဂုဏ်ပြုလိုပါတယ်။ သစ္စာရှိရှိနဲ့ ပင်လုံစာချုပ် အခြေခံမူလမ်းစဉ် အတိုင်းပဲ သူကဒီနေ့ ကျဆုံးသွားတဲ့အထိဟာ သူကအဲလိုခံယူသွားတာ ကျနော်လေးစား ဂုဏ်ပြုတယ် SNLD ခေါင်းဆောင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းတယ်”

ဦးခွန်ထွန်းဦးဟာ အစိုးရအဆက်ဆက်မှာ ပင်လုံကတိကဝတ်တွေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ SNLD ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ဦးခွန်ထွန်းဦးဟာ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌအဖြစ် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တစ်ခုဖြစ်အောင်ထိ ကြိုးစားလုပ်ဆောင်မှသာ ဦးခွန်ထွန်းဦးကို အလေးထား ကျေးဇူးဆပ်ရာ ရောက်တယ်လို့ မြေပုံမြို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စု တစ်ခုဖြစ်အောင်ထိပေါ့ ကျနော်တို့ကြိုးစားလုပ်ဆောင်ခြင်း ဖြင့် ဦးခွန်ထွန်းဦး ကိုလည်း ကျနော်တို့ အလေးထားကျေးဇူးဆပ်ရာ ရောက်ပါတယ်၊ ကျနော်တို့အားလုံး ပြည်ထောင်စု အထဲမှာ အနည်းဆုံး ဖက်ဒရယ် State တစ်ခုဖြစ် လာအောင်တော့ ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ကြိုးစားကြမှ သူ့ရဲ့မပြီးဆုံးခဲ့တဲ့ တာဝန်တွေကို ကျနော်တို့ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ရာ ရောက်ပါလိမ့်မယ်၊ ကျတော်ကတော့ အမှာစကားပြောချင်ပါ့ခင်ဗျ”

ဦးခွန်ထွန်းဦး လိုချင်ခဲ့တဲ့ တိုင်းရင်းသားအရေး ဒီမိုကရေစီ အရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

“ဦးခွန်ထွန်းဦးပြောထားတဲ့ သူ့ယုံကြည်ချက် သူ့ယုံထင်မြင်ချက် တစ်ခုပြောထားတာ ရှိတယ်၊ တိုင်းရင်းသားအရေး ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးဟာ နှစ်ခုလုံး အရေး ကြီးတယ်ဆိုတဲ့အကြောင်း ပြောပြထားတာရှိတယ်။ ငါ့ခေတ်ထဲမှာတော့ မဖြစ်နိုင်ဘူး၊ ပြည်ထောင်စုက လူငယ်တွေကို လက်ဆင့်ကမ်းနိုင်တဲ့ အမွေတော့ ငါပေးထားခဲ့မယ် ဆိုတဲ့သူပြောထားတဲ့ စကားရှိတာပေါ့လေ၊ အဲဒါကျတော်တို့ အလေးထားပြီးတော့ အကောင်အထည်ဖော်ဖို့က ကျနော်တို့မှာ တာဝန်ရှိတာပေါ့လေ၊ ကျနော်တို့ ရှမ်းရယ်လို့ မဟုတ်ပါဘူး ကျတော်တို့ ဗမာအပါအဝင်ပေါ့လေ တခြားတိုင်းရင်းသားတွေလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ်ဆိုတဲ့ဟာ ကျတော်တို့ မှတ်မှတ်ရရ စကားတော့ ရှိတာပေါ့ဗျာ”

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦးဟာ သူဇာတိဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒ နယ်အမှတ် ( ၁ ) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ SNLD ပါတီက ရွေးကောက်ပွဲဝင်ခဲ့ပေမယ့် ပါတီ ခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဦးခွန်ထွန်းဦးကို ၂၀၀၅ ခုနှစ်မှာ ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလို့ဆိုပြီး စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ သူဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အခုလို ဦးခွန်ထွန်းဦး ကွယ်လွန်သွားတဲ့ အပေါ်မှာ စိတ်မကောင်းပေမယ့် ဒီနေ့တော်လှန် ရေးကာလမှာ ခွန်အားအဖြစ်ယူဆောင်သွားမယ်လို့ KNU နိုင်ငံခြားရေး တာဝန်ခံ ဖဒို စောတောနီးက ပြောပါတယ်။

“ဝမ်းနည်းစရာကောင်းတဲ့ သတင်းတစ်ခုပေါ့နော်၊ ကျတော်တို့အတွက်လည်း ဆုံးရှုံးမှု တစ်ခုပဲ၊ ကျတော်တို့ဖက်ဒရယ် အရေးမှာ ရုန်းကန်လှုပ်ရှားနေတဲ့အထဲမှာ အင်မတန် ထင်ရှားတဲ့ ခေါင်းဆောင် တစ်ယောက်ဆိုတာ ဒီလိုရုန်ကုန်းလှုပ်ရှားခဲ့တဲ့ ခေါင်းဆောင် တစ်ယောက် ဆုံးရှုံးသွားတာ စိတ်မကောင်းပါဘူး ဒါပေမဲ့လို့ ကျတော်တို့က အဲဒါကို တော့ ကျနော်တို့က အများကြီး ခွန်အားယူလို့ရတယ်ဆိုတာ ကျတော်တို့ ကျန်တဲ့လူ တွေကကော ဒါကြီးကိုတော့သက်သေကောင်း တစ်ခုအနေနဲ့ ကြိုးစားဖို့လိုတယ်ဆိုတာ ကျတော်ပြောချင်တယ်”

snld-khuntunoo.jpg
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တည်ထောင်သူ ဦးခွန်ထွန်းဦး (Photo: SNLD)

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဦးခွန်ထွန်းဦး ကွယ်လွန်သွားတာဟာ ရှမ်းတိုင်းရင်းသားတွေ အတွက်သာမက မြန်မာနိုင်ငံသူ၊ သားတွေအတွက် ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ဦးခွန်ထွန်းဦး ဆုံးသွားတဲ့ဟာက ရှမ်းတစ်မျိုးသား အတွက်တင်မကပါဘူး ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အကုန်လုံးအတွက် ဆုံးရှုံးမှု အကြီးကြီးတစ်ခုပေါ့နော်၊ ဆရာဦးခွန်ထွန်းဦးက တစ်စိုက်မတ်မတ် တိုင်းပြည်အတွက် လုပ်လာခဲ့တာ ကိုယ်ကျိုး မငဲ့ဘဲ လုပ်လာခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး တစ်ယောက်ပါ၊ သူကရှမ်းအမျိုးသား ခေါင်းဆောင်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ဖို့အတွက်ကို တစ်စိုက်မတ်မတ်ကို ကိုယ်ကျိုးမငဲ့ဘဲနဲ့ ဒုက္ခဆင်းရဲတွေ ခံပြီး တော့သူ လုပ်လာခဲ့တယ် နှစ်ပေါင်း ၃၀ ကျော်ပေါ့နော်၊ အဲဒါဆုံးရှုံးမှုကြီး အကြီးကြီး တစ်ခုလို့ ပြောချင်ပါတယ်”

ဦးခွန်ထွန်းဦးလိုချင်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ညီညွတ်စွာ လက်တွဲပြီး ဆက်လက် ချီတက်သွားမယ်လို့လည်း ပြောပါတယ်။ ဦးခွန်ထွန်းဦးရဲ့ဈာပနကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ ရေဝေးသုဿန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် SNLD က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။