ဦးကျော်သူပြောပြတဲ့ ဦးကျော်ဟိန်းအကြောင်း

တင်အောင်ခိုင်
2020.07.11

တစ်ချိန်က ကျော်ကြားခဲ့တဲ့ အကယ်ဒမီ ငါးထပ်ကွမ်း မင်းသားကြီး ဦးကျော်ဟိန်းဟာ ဦးကိတ္တိသာရ ဆိုတဲ့ရဟန်းဘဝနဲ့ သြစတေးလျနိုင်ငံ ကန်ဘာရာမြို့မှာ စနေနေ့က ကွယ်လွန်သွားပါတယ်။ သူ့ဘဝမှာ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို လူငယ်တွေမလုပ်ကြဖို့ တိုက်တွန်းခဲ့သလို၊ မကွယ်လွန်ခင်မှာ ကောင်းမွန်တဲ့ဘဝကို တည်ဆောက်သွားတယ်လို့ ဦးကျော်သူက ပြောပါတယ်။

အကယ်ဒမီ ငါးဆုရှင် မင်းသားကြီး ကျော်ဟိန်း ခေါ် ဦးဇင်းကြီး ဦးကိတ္တိသာရ သက်တော် ၇၃ နှစ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ပျံလွန်ခဲ့ပါတယ်။ ဦးဇင်းကြီး ကွယ်လွန်တာဟာ တူတော်သူ နာမည်ကျော် ရုပ်ရှင်မင်းသား ဒွေး ကွယ်လွန်ခဲ့တာ ၁၃ နှစ်တိတိပြည့်တဲ့ နေ့မှာမို့၊ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တယ်လို့ တစ်ချိန်က နာမည်ကျော် ရုပ်ရှင်မင်းသား အခု ပရဟိတသမားဖြစ်နေတဲ့ ဦးကျော်သူ ကပြောပါတယ်။

“ဒီနေ့ဒီရက်မှာပဲ တူဖြစ်တဲ့သူရော ဦးလေးရော ဆုံးတယ်ဆိုတော့ တော်တော်လေးကို တိုက်ဆိုင်တဲ့ အမှတ်တရ ဖြစ်စရာပါ။ ပြီးတော့ သူအရင်က အကြောင်းတွေ၊ ဆိုးခဲ့မိုက်ခဲ့တာတွေ အကုန် အမှန်အတိုင်း ပြောတယ်။ လူငယ်တွေကို သူလိုမဖြစ်အောင် ပြောခဲ့တာ။”

ဦးကျော်ဟိန်းဟာ ပြောရင်ပြောတဲ့ အတိုင်းလုပ်တဲ့ သူလို့ဆိုပါတယ်။ဦးကျော်ဟိန်းဟာ ငယ်စဉ်က ရန်ကုန်မြို့မှာ နာမည်ကြီး လမ်းသူရဲဂိုဏ်းဖြစ်တဲ့ စိန်ဂေါ်လီဂိုဏ်း ဆိုတာကိုထောင်ခဲ့သူ၊ ဆေးခြောက်၊ အရက်အပြင် မကောင်းတာမှန်သမျှ လုပ်ခဲ့သူလို့ ဦးကျော်သူကပြောပါတယ်။

“ကျနော်မင်းသားမဖြစ်ခင် ကျနော်တို့ အမျိုးသားရုပ်ရှင်နဲ့ သူရိုက်နေတော့ ဆေးချတာတွေ ဘာတွေလုပ်တယ်။ ကျနော်မင်းသားဖြစ်လာတော့ သူက သတ်သတ်လွတ်စားနေပြီ။”

ဦးကျော်ဟိန်းဟာ ရုပ်ရှင်မင်းသားဘဝ နှစ်ပေါင်း ၄ ၀ကျော် ကျင်လည်ခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်ရိုက်ခဲ့ပြီး အကယ်ဒမီ ငါးကြိမ် ရခဲ့သလို သီးချင်းခွေတွေလည်း ထုတ်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။