စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ဆက်ဆံဖို့ မလေးရှားဆုံးဖြတ်

ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
2022.05.14
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ဆက်ဆံဖို့ မလေးရှားဆုံးဖြတ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah အား ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့က ဝါရှင်တန် ဒီစီမှာရှိသည့် Willard ဟိုတယ်တွင် တွေ့ရစဉ်
Photo: RFA

အမေရိကန်-အာဆီယံထိပ်သီးညီလာခံတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ဆွေးနွေးအပြီး NUG အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟိုတယ်က ပြန်အထွက်မှာ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ပါသလဲလို့ RFA က မေးမြန်းတဲ့ အခါ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆွေးနွေးခဲ့တဲ့အကြောင်း၊ မလေးရှားက မြန်မာပြည်သူ လူထုနဲ့ အတူရှိနေတဲ့အကြောင်း၊ ဘယ်လို အလုပ်တူတူလုပ်လို့ရမလဲဆိုတာတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။ ဆွေးနွေးပွဲကို ကျေနပ်အားရပါတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲဒီနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို RFA က တက်ရောက်ခွင့်ရပါတယ်။

“NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အရင်က အွန်လိုင်းကပဲ တွေ့ဆုံခဲ့ပြီး အခုပထမဆုံးအကြိမ်အဖြစ်လူချင်းတွေ့တာဖြစ်ပါတယ်။ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြတယ်။ အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ကို အလွတ်သဘော အသိအမှတ်ပြုဆက်ဆံဖို့ ကျွန်တော် နှစ်ကြိမ် တင်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံကြတဲ့ မနေ့က အာဆီယံ- အမေရိကန် ထိပ်သီး ညီလာခံမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နဲ့ NUCC တို့ကို အာဆီယံအနေနဲ့ အလွတ်သဘော အသိအမှတ်ပြုဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံရမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီ တစ်ခုတည်းနဲ့ ပြောဆိုဆောင်ရွက်လို့ မလုံလောက်ဘဲ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတွေပါရမယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေ လည်း ပါဝင်ဆောင်ရွက်သင့်တယ်လို့ အဆိုပြုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှု အကူညီတွေကို အမှန်တကယ်လိုအပ်သူတွေထံ ရောက်ရှိဖို့ သေချာအောင် ကျနော်တို့ ဆောင်ရွက်ရပါလိမ့်မယ်”

လူသားချင်းစာနာရေး အကူအညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးမချစေချင် ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“လူသားချင်းစာနာမှုအကူညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးချပြီး သူတို့ ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စမှာ စစ်ကောင်စီ အနေနဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက လက်ခံခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။ NUG ကလည်း ဒီအချက်ငါးချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ ဘာတိုးတက်မှုမရှိဘဲ အခုအချိန်ထိ မြန်မာနိုင်ငံမှာ လူတွေပိုပြီးသတ်ဖြတ်ခံ နေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ် တစ်နှစ် ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး“

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအစိုးရရဲ့ မူဝါဒကဘာပါလဲလို့ RFA မြန်မာဌာနက မေးမြန်း ရာမှာတော့ ဝန်ကြီး ဆိုင်ဖူဒင် က

“နံပါတ်တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ နံပါတ် နှစ် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီးပြီ။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေး အတွက် ဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်“

မလေးရှားမှာ NUG ရုံးခန်းဖွင့်ခွင့်ပေးမှာလားလို့ ဆက်လက်မေးမြန်းရာမှာ

“ရုံးခန်းဖွင့်ဖို့ဖြစ်နိုင်ခြေရှိပုံတွေကို ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ NUG ဟာ မြန်မာပြည်သူတွေ ရွေးကောက်ပွဲ မှာ ရွေးချယ်ခဲ့တဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အချက်ကို တော့ လက်ခံရမှာပါပဲ။ ဒါ့အပြင် NUG/ NUCC တို့နဲ့ ကျွန်တော်တို့ မလေးရှားနိုင်ငံ အကြား တိုက်ရိုက်ဆက်ဆံရေး ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ဒိထက်ပိုပြီး ကျွန်တော် မပြောနိုင်သေးပါဘူး“

အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာ့အရေးအတွက် ဘယ်လိုအကျိုးရလဒ် ရှိတယ် ထင်ပါသလဲလို့ မေးရာမှာတော့

“ဒီညီလာခံမှာ ကျနော်တို့ ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဘိုင်ဒင်ကို မြန်မာ့အရေး အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်ပိုပြီး အရေးပါတဲ့ကဏ္ဍကနေ ပါဝင် ကူညီဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခကြောင့် ထိုင်း- မြန်မာနယ်စပ် နဲ့ မလေးရှားကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ပိုမိုပံ့ပိုးကူညီဖို့ ကျွန်တော်တို့ မနေ့က တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုမိုလက်ခံနေရာချ ထားပေးဖို့လည်း ကျနော်တို့ ပြောဆိုခဲ့ပါတယ်“

ဒါ့အပြင် ဒေါ်ဇင်မာအောင်နဲ့ ပြောဆိုရာမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို ပညာသင်ကြားပေးရေး၊ စစ်ကောင်စီက ပြောဆိုနေတဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စ တွေလည်း ပါဝင်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ko Ko Oo
2022-05-16 02:21

This meeting is very important for changing of political situation in Burma and other south east asian countries also need to follow like Malaysia Government to recognize "National United Government" those who were elected by the whole people of Burmese in 2020 general election.

ဆိုက်တခုလုံးသို့