ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်က စိန်ပန်းပင်တွေ ဖယ်ရှားခံရ

တင်အောင်ခိုင်
2023.04.05
ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်က စိန်ပန်းပင်တွေ ဖယ်ရှားခံရ ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ ၃၈ လမ်း ဖွင့်ပွဲ ကျင်းပခဲ့စဉ်။
Myanmar Digital News

မန္တလေးမြို့က ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ လူသိများတဲ့ မျက်ပါးရပ် ၃၈လမ်း လမ်းဘေးက စိန်ပန်းပင်တွေကို ခုတ်ပစ်ပြီး တခြားအပင်တွေ စိုက်နေပါတယ်။ စိန်ပန်းပင် အပင် ၂ဝဝ ကျော်ရှိပြီး စိန်ပန်းပွင့်ချိန်ဆို တစ်လမ်းလုံး ရဲရဲနီနေတတ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အခုတ်ခံရတဲ့ စိန်ပန်းပင်တွေထဲမှာ တချို့ဟာ လုံးပတ် သုံးပေလောက်အထိ ရှိတာကြောင့် သဘာဝပတ်ဝန်းကျင် မြတ်နိုးသူတွေက နှမြောနေကြပါတယ်။

အဲဒီ ၃၈ လမ်းဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က မျက်ပါးရပ်က စစ်တပ်ဝင်းခံနေတာကြောင့် ၇၈ လမ်းနဲ့ ၇၃ လမ်းမဆက်မိဘဲ ပြတ်နေပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ ညှိနှိုင်းလို့ရပြီး ခြောက်လမ်းသွားလမ်းမကြီးကို ဆောက်လုပ်ရတာပါ။

မိုင်ဝက်လောက်ရှည်တဲ့ ဒီလမ်းအမည်ကို ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ခေါ်ကြပြီး Google မြေပုံမှာ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့သာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီလမ်းအမည်ကို စစ်တပ်က သဘောမတူလို့ ၃၈ လမ်းလို့သာ အမည်တပ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

အခုလို အပင်တွေခုတ်ပစ်နေတာနဲ့ပတ်သက်ပြီး မျက်ပါးရပ်မှာ နေထိုင်သူတစ်ဦးကတော့ ဒီလုပ်ရပ်ဟာ အင်မတန်သေးသိမ်တဲ့ကိစ္စလို့ပြောပါတယ်။

“လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ သတ်မှတ်ထားတယ် စိန်ပန်းတွေကလည်း ပွင့်တယ်ဆိုတော့ မနီစေချင်လို့ ဖြစ်မှာပေါ့။ သေးသိမ်တဲ့ ကိစ္စပါပဲ”

1.jpg
မန္တလေးမြို့ ၃၈ လမ်း လမ်းဘေးမှ စိန်ပန်းပင်တချို့ ခုတ်လှဲမခံရမီနှင့် ခုတ်လှဲအပြီး မြင်ကွင်း။ (Photo: Citizen Journalist)

သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတစ်ဦးကတော့ ရည်ရွယ်ချက်ကြီးကြီးမားမား တစ်ခုခုရှိလို့သာ အခုလိုလုပ်တာလို့ သုံးသပ်ပါတယ်။

“သူတို့က သစ်ပင်ကို စေတနာနဲ့သာ ပြောင်းရင် အပင်တစ်ပင်ကို ၁၅ သိန်းလောက် တန်တယ်။ အခုဟာက ထင်းလိုကို ဖြတ်ပစ်လိုက်တာ။ ကျွန်တော်က တော်တော်ကို စိတ်မကောင်းဖြစ်တာ သစ်ပင်တစ်ပင်ဖြစ်ဖို့ဆိုတာ နှစ်အများကြီးကြာတာ သုံးပေပတ်လည်ရှိပြီး ပေ ၃ဝ လောက် မြင့်တဲ့ စိန်ပန်းပင်ကို နုတ်ပြီး ထင်းလို ဖြတ်လိုက်တယ်ဆိုတာတော့ တော်တော့်ကို ဆိုးတယ်။ တစ်ခုခုရည်ရွယ်ချက် ကြီးကြီးမားမားရှိလို့သာ လုပ်တာ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်း‌ဌေးကို ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းဘယ်သူပြောသလဲလို့ မေးတာကြောင့် ဓာတ်ပုံတွေ တွေ့ရပါတယ်လို့ RFA က ပြောရာမှာ… 

“ကျွန်တော် မေးကြည့်ပေးမယ် message ပို့ပေးပါ” လို့ပြောတာကြောင့် သစ်ပင်တွေကို ဖြတ်ထားတဲ့ ဓာတ်ပုံကို RFA က ပို့ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာတာ မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်သာမြို့နယ် ခြုံကြီးရွာ စီးနင်းခံရမှု ခုနစ်ဦးသေဆုံး
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။