မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေချိန်မှာ နေရပ်ပြန်ပို့ခံရမယ့် မြန်မာဒုက္ခသည်တွေအတွက် လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်တဲ့ နည်းလမ်းတွေ စီစဉ်ပေးဖို့နဲ့ မြန်မာစစ်ကောင်စီဆီ ပြန်မလွှဲဖို့ ပြည်နယ်အစိုးရကို India For Myanmar က တောင်းဆိုလိုက်တာပါ။
ပြည်နယ်အစိုးရက ထိန်းသိမ်းခံထားရသူတွေထဲက မြန်မာ ၇၇ ယောက်ကို နေရပ်ပြန်ပို့မယ့် လုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်နေတယ်လို့ ဒေသတွင်း သတင်းဌာနတချို့က ဖော်ပြထားပါတယ်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းက အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက် များတဲ့အတွက် အားလုံးကို တစ်ကြိမ်တည်းနဲ့ နေရပ်ပြန်ပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသအခြေစိုက် သတင်းဌာနတချို့ကို ပြောထားပါတယ်။
အခုလက်ရှိ အိန္ဒိယ-မြန်မာနယ်စပ်က အိန္ဒိယတပ်စခန်းတစ်ခုမှာ နေရပ်ပြန်ပို့မယ့် မြန်မာအမျိုးသမီး အယောက် ၃၀ ရောက်ရှိနေပြီး စစ်ကောင်စီဘက်က လက်လွှဲခေါ်ယူမယ့်အခြေအနေ ရှိတယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“တမူးအခြေစိုက် စကစ တာဝန်ရှိသူတွေထံ လွှဲဖို့ ဖြစ်မယ်ဆိုပြီး အိန္ဒိယဒေသတွင်း သတင်းဌာနတချို့မှာ ရေးထားတယ်။ သူတို့ကို မြန်မာပြည်ကနေ လာကြိုမယ်ဆိုပြီး စောင့်ခိုင်းထားတယ်ဆိုတော့ တမူးမြို့ကို ထိန်းချုပ်ထားတာက စကစ ပဲ ရှိသေးတယ်။ အဲ့တော့ တမူးဘက်က စကစလက်ထဲ လွှဲဖို့ များတယ်။”
မိုရေးမြို့က အိန္ဒိယစစ်တပ်ထဲမှာ နေရပ်ပြန်ပို့ခံရမယ့် မြန်မာအမျိုးသမီးနဲ့ ကလေး အယောက် ၃ဝ ခန့် ရှိနေတယ်လို့ အဲဒီကိုရောက်နေတဲ့ အမျိုးသမီးတစ်ဦးက India For Myanmar ကို ဆက်သွယ်ထားပါတယ်။
“မတ်လ ၉ ရက်က အယောက် ၂ဝ ရောက်တယ်၊ ၈ နေ့က ရှစ်ယောက် ရောက်တယ်၊ အယောက် ၃ဝ လောက်ရှိတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေနဲ့ပဲ၊ မိန်းကလေးတွေပြီးမှ နောက်ထပ် ယောကျာ်း ၁၉ ယောက် ထပ်ရောက်မယ်ပြောတယ်။”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မဏိပူရ်အစိုးရဘက်ကတော့ အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးသလို မြန်မာစစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ပြီးတဲ့နောက် အခုလိုနေရပ်ပြန်ပို့မယ့်လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်လာတာဖြစ်ပါတယ်။
လက်ရှိမြန်မာပြည်အခြေအနေအရ စစ်ကောင်စီကနေတဆင့် နေရပ်ပြန်ပို့တာဟာ လုံခြုံရေးစိုးရိမ်ရတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“အဖမ်းခံထားရသူအားလုံးက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ရပ်ရွာတွေက ဖြစ်တယ်။ ဒီလိုနေရာမျိုးတွေကို စကစ က စေတနာရှိရှိ ပြန်ပို့ပေးနိုင်ခြေကတော့ အင်မတန်နည်းတဲ့အနေအထားဖြစ်တယ်။”
အိန္ဒိယမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို မြန်မာစစ်ကောင်စီတဆင့် ပြန်မလွှဲဘဲ တခြားနည်းလမ်း သုံးခုနဲ့ အကောင်အထည်ဖော်ဖို့ India For Myanmar က တိုက်တွန်းပါတယ်။
“ပထမလမ်းကြောင်းက NUG နဲ့ ချိတ်ဆက်ပြီးမှ၊ NUG မဟုတ်ရင်တောင် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့မှ မြန်မာပြည်ပြန်နိုင်ရေးအတွက် လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ပေါ့။ တကယ်လို့ စကစလည်းမဟုတ်၊ NUG လည်းမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး ကြားခံအရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အိမ်ပြန်တဲ့လမ်းစဉ်ကို အကောင်အထည်ဖော်တာ လုပ်လို့ရတယ်။ ဒါမှမဟုတ် မီဇိုရမ်ပြည်နယ်ပေါ့ မဏိပူရ်မှာ ခိုလှုံခွင့်မပေးရင်တောင် မီဇိုရမ်မှာ ခိုလှုံခွင့်ပေးဖို့ပေါ့၊ မြန်မာပြည်ပြန်ပို့ဖို့ လုံးဝအဆင်မပြေသေးတော့ မဏိပူရ်မှာလည်း ဆက်ထားဖို့ အဆင်မပြေလို့ မီဇိုရမ်မှာ ယာယီလက်ခံထားပေးဖို့ပေါ့။ မီဇိုရမ်ကလည်း ဒါကို လှိုက်လှိုက်လှဲလှဲကြိုဆိုထားပြီးဖြစ်မှာပါ။ တတိယကတော့UNHCR နဲ့ စကားပြောပြီး နယူးဒေလီက UNHCR စောင့်ရှောက်မှုအောက်ကို ပို့ပေးဖို့ပါ။ ဒီသုံးခုကတော့ အိန္ဒိယအစိုးရအနေနဲ့ အကောင်အထည်ဖော်တယ်ဆိုရင် နိုင်ငံရေးသိက္ခာလည်း ပိုရှိပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း လုံခြုံမှုရှိပြီး နှစ်ဖက်အကျိုးရှိမယ့် လုပ်ရပ်ဖြစ်မှာပေ့ါ အခုကတော့ တိုက်ရိုက်လွှဲတာဖြစ်တော့ မိသားစုတွေကတော့ စိတ်ပူနေတယ်။ စကစ လက်ထဲရောက်ရင် အိန္ဒိယအစိုးရလက်အောက်မှာရှိတာထက် ပိုပြီးစိုးရိမ်စရာမြင့်မားနေတယ်။”

အိန္ဒိယဘက်ကနေ နေရပ်ပြန်ပို့မယ့် မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။
India For Myanmar စာရင်းတွေအရ မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာတွေမှာ Foreigner Act ကို ချိုးဖောက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ရှိပြီး အဲဒီထဲက အနည်းဆုံး ၈၆ ယောက်ကတော့ ပြစ်ဒဏ်အသီးသီး ကျခံပြီးသားသူတွေဖြစ်ပါတယ်။
အခုပြန်ပို့ဖို့ စီစဉ်ထားတဲ့ ၇၇ယောက်ကလည်း အိန္ဒိယတရားရုံးတွေက ချမှတ်တဲ့ ထောင်ဒဏ် ခြောက်လနဲ့ ငွေဒဏ်အသီးသီးကျခံပြီးသား မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ကိုဆလိုင်းဒိုခါရ်က ပြောပါတယ်။