ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးမှု စစ်ကောင်စီ ဝေဖန်ခံနေရ

2022.05.11
ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးမှု စစ်ကောင်စီ ဝေဖန်ခံနေရ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟကို တွေ့ရစဥ်
AFP Photo

တိုင်းပြည်ရဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီး နှစ်ဦးဖြစ်တဲ့ ဧဒင် ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလထဲမှာ ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟကို မတ်လ၊ ဧဒင် ဦးချစ်ခိုင်နဲ့ သားဖြစ်သူ ဦးဝင်းမင်းခိုင်ကို ဧပြီလထဲမှာ ဖမ်းဆီးခဲ့တာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလွဲရင် တိုင်းပြည်ရဲ့ ထိပ်တန်းလုပ်ငန်းရှင် အားလုံးနီးပါး ရန်ကုန်က စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ရဲ့ ခေါ်ယူစစ်ဆေးတာကို ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

စီးပွားရေးလုပ်ငန်းအခြေအနေ အသေးစိတ်အပြင် NLD နဲ့ ဘယ်လို ပတ်သက်ခဲ့သလဲ၊ လက်ရှိ ဘယ်လိုပတ်သက်နေသလဲ ဆိုတာတွေကို စစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို မေးမြန်းခံရပြီးနောက်ပိုင်းမှာ ခရိုနီလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အများစုက ဘက်ပြောင်းပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် ဇေကမ္ဘာ ဦးခင်ရွှေနဲ့ ဧဒင် ဦးချစ်ခိုင်တို့ကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်နေထိုင်တဲ့အတွက် အခုလို အဖမ်းခံရတာလို့ လုပ်ငန်းရှင် အသိုက်အဝန်းက ပြောပါတယ်။

ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင် အဖမ်းခံရတာဟာ NLD ပါတီနဲ့ရော ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ ရင်းနှီးတာကြောင့် အဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“ဦးချစ်ခိုင်ကတော့ ကျနော်သိသလောက် အရင်က NLD ပါတီဝင်တောင် ဖြစ်ခဲ့ဖူးတယ် လို့ ပြောတယ်။ နောက်ပိုင်း နဝတ၊ နအဖလက်ထက်တွေမှာ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေပြီးတော့ ခရိုနီဖြစ်သွားတာပေါ့လေ။ NLD အာဏာပြန်ရပြီးတဲ့အချိန်မှာ NLD နဲ့ ရင်းနှီးပြီးတော့ ထောက်ပံ့မှုတွေ ရှိပုံရပါတယ်။ အခုနောက်ဆုံးဖြစ်သွားတဲ့ အမှုကိစ္စ မှာကတော့ သတင်းမှာ ထုတ်ပြန်ကြေညာထားသလိုပေါ့နော်။ စာချုပ်မှာပါတဲ့အတိုင်း ကျောက်မီးသွေး တန်ဖိုးကို မသတ်မှတ်ဘဲနဲ့ လျှော့သတ်မှတ်တာပေါ့ဗျာ။ လျှော့သတ် မှတ်တဲ့အတွက် နိုင်ငံတော်ကိုသွင်းတဲ့အခါကျတော့ နိုင်ငံတော်က နစ်နာတယ်ပေါ့နော်”

ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးချစ်ခိုင်ဟာ အဖမ်းခံရချိန်မှာ အသက် ၇၄ နှစ် ရှိနေပါပြီ။

စစ်ကောင်စီထုတ် သတင်းစာတွေမှာတော့ ဦးချစ်ခိုင် လုပ်ပိုင်ခွင့်ရထားတဲ့ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးထုတ်လုပ်ရောင်းချမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါး နစ်နာဆုံးရှုံးခဲ့တယ် လို့ စွပ်စွဲထားပါတယ်။

ဦးချစ်ခိုင်တို့ သားအဖကို စစ်တပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၅ နဲ့ ၆၃ အရ နေပြည်တော်တရားရုံးတစ်ခုမှာ အမှုဖွင့်အရေးယူထားပါတယ်။ အမှုတွဲတူအဖြစ် NLD လက်ထက်က ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအုန်းဝင်း နဲ့ ဦးဝင်းခိုင်၊ လျှပ်စစ်ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး တို့ကိုပါ စစ်ကောင်စီက တရားစွဲထားပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေကတော့ ၂၀၁၃၊ ၁၄ ခုနှစ်လောက်က ပွင့်လင်းမြင်သာမှုမရှိဘဲ ရယူခဲ့တဲ့ မြရိပ်ညိုဟိုတယ် စီမံကိန်းကြောင့် နောက်ကြောင်း ပြန်ပြီး အဖမ်းခံရတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူတို့သားအဖနှစ်ဦး ကိုတော့ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ဆိုပြီး ရှေးဟောင်း ဥပဒေပုဒ်မ - ၂၄ နဲ့ အမှုဖွင့် ခံထားရပါတယ်။

ရန်ကုန်မြို့ ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေ ၁၄ ဧကနီးပါးမှာ ဇေကမ္ဘာဦးခင်ရွှေက ရှေးဟောင်းအဆောက်အအုံ လေးခုကို ဖြိုချခဲ့လို့ အခုလို တရားစွဲတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေဟာ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ မတည့်တဲ့ သူရဦးရွှေမန်းနဲ့ ခမည်းခမက် တော်စပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးလို့ အဖမ်းခံရတာ ဖြစ် နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ယူဆပါတယ်။

"သူတို့အကျိုးစီးပွားကို အထောက်အပံ့ပေးနိုင်မယ်ဆိုရင် အဲဒီအပေါ်မှာ အခွင့်အလမ်းတွေရအောင် ဖန်တီးပေးနိုင်မယ်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ ဦးချစ်ခိုင် တို့ရဲ့လုပ်ဆောင်ချက်တွေ ဟာ ဥပဒေနဲ့မညီလို့ အရေးယူခံရတာလို့ ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့လက်ထက်ကျမှ လုပ်နေတာ မဟုတ်ပါဘူး။ သူကတော့ ကျနော်တို့ ပြောပြီးသားပဲ၊ တရားဥပဒေအထက်မှာ ဘယ်သူမှတော့ ရှိစရာ အကြောင်း မရှိပါဘူး။ ဒီဗမာနိုင်ငံထဲမှာလည်း လုပ်ငန်း ရှင်ကြီးများနဲ့ ပတ်သက်ပြီးရင် ဒါဘာမှ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ လုပ်နေတဲ့သူတွေ ရှိသလို အဂတိလိုက်စားမှုအရလည်း ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ ယခင်ကတည်းကတိုင် အစဉ်အဆက် လုပ်နေတဲ့သူတွေ အခုချိန်အထိ အထင်အရှားရှိတယ်လို့ပဲ ပြောချင် ပါတယ်”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ NLD ဝန်ကြီးဟောင်းတွေ၊ အစိုးရရုံး အကြီးအကဲတွေရဲ့ ထွက်ဆိုချက်တွေအရ သက်သေအထောက်အထားခိုင်လုံလို့ ဦးချစ်ခိုင်ကို အရေးယူတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီလိုလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးလိုက်တာဟာ စစ်ကောင်စီက ဇာတ်တူသားစားတာ ဖြစ်ပြီး NLD နဲ့ ပိုရင်းနှီးတဲ့ ဦးချစ်ခိုင်ကို ထောင်ချလိမ့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပေးပါတယ်။

“သူကတော့ ဇာတ်တူသား စားပြီပေါ့ကွာ။ ဒီပုဂ္ဂိုလ်တွေက စစ်တပ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖေးမပြီးတော့ တစ်ခရီးတည်း သွားတဲ့လူတွေပဲ။ သူတို့ကို ဦးချစ်ခိုင်ကိုတော့ NLD နဲ့ ရင်းနှီးတယ်ဆိုပြီးတော့ ဦးချစ်ခိုင်ကိုတော့ ထောင်ချလိမ့်မယ်။ မဖြစ်ဖြစ်အောင် ချလိမ့်မယ်။ ခင်ရွှေတို့ကတော့ သိတဲ့အတိုင်းပဲလေ။ ခေါင်းတုံးပေါ် ထိပ်ကွက်နေတဲ့ကောင်တွေပဲ။ ဒီကောင်တွေကတော့ ထောင်မကျပါဘူး။ ပြန်လွတ်လာ မှာ။ ပုံစံတစ်ခုခုနဲ့ ပြန်လွတ်လာမှာပေါ့”

ဦးချစ်ခိုင်ဟာ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ NUG နဲ့ ဆက်သွယ်ခဲ့တာကို စစ်ထောက်လှမ်းရေး က သိရှိသွားတာကြောင့် ဘာမှမဆိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေး ယူခံရတာလို့လည်း ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဧဒင် ဦးချစ်ခိုင် ကို တွေ့ရစဥ်
စီးပွားရေးလုပ်ငန်းရှင် ဧဒင် ဦးချစ်ခိုင် ကို တွေ့ရစဥ်

အာဏာရှင်စနစ်ကို တည်ဆောက်တဲ့အခါ တိုင်းပြည်ရဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေကို ကြောက်အောင် ခြောက်ပြီး ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာက အာဏာရှင် တွေရဲ့ လုပ်လေ့ရှိတဲ့ နည်းဗျူဟာတစ်ခုလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပါတယ်။

“အဲဒီစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း သူတို့ကို သြဇာခံပြီးတော့ ငြိမ်သွားဖို့ သူတို့ ပြောတဲ့ဟာ၊ သူတို့ခိုင်းတဲ့ဟာ၊ သူတို့လုပ်စေချင်တဲ့ဟာ လုပ်နေဖို့ဆိုတဲ့ဟာ ကလည်း အရေးကြီးတာကိုး။ အရင် ခေတ်အဆက်ဆက် အာဏာရှင်တွေကိုပဲကြည့်၊ ဦးသန်းရွှေကို လူတိုင်းကြောက်ကြတယ်။ သူ့အပေါ်မှာ ကြောက်တယ်၊ ဂါရဝထားနိုင်တဲ့ လူအတွက်ဆိုရင် အကျိုးအမြတ်တွေ ရတယ်။ လုပ်ကွက် စားပေါက်တွေ ဖန်တီးပေးလို့ ရတယ်။ အဲဒါက သူတို့ဖော်မြူလာပဲ။ အာဏာရှင်စနစ်ကို တည်ဆောက်တဲ့နေရာမှာ အဲဒီဖော်မြူလာအတိုင်းပဲ သူတို့ရအောင်လုပ်မှာပဲ။ အခု လတ်တလောတော့ လူတွေ ကြောက်အောင် လုပ်မယ်။ ကြောက်တာကနေ သူတို့နဲ့ နီးနီးစပ်စပ်နေမယ်။ သူတို့ အကျိုးစီးပွားကို အထောက်အပံ့ပေးနိုင်မယ်ဆိုရင် အဲဒီအပေါ်မှာ အခွင့်အလမ်းတွေ ရအောင် ဖန်တီးပေးနိုင်မယ်ဆိုတဲ့ အသွင်သဏ္ဌာန်မျိုး ရောက်သွားမှာ”

စီးပွားရေးဆောင်းပါးတွေ ရေးသားလေ့ရှိတဲ့ ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) ကတော့ “ပြည့်ဝမ်းကို မဖောက်ရာ” ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း တိုင်းပြည်ရဲ့ ဝမ်းဗိုက်ဖြစ်တဲ့ လုပ်ငန်းရှင်ကြီးတွေကို အခုလို ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်သင့်ဘူးလို့ ထောက်ပြ ဝေဖန်ပါတယ်။

“ပြည့်ဝမ်းကိုဖောက်လိုက်တာနဲ့ ဝမ်းဗိုက်ကြီးက ဟာသွားပြီဆိုတာနဲ့ ဒီမှာက ပြဿနာက ဘာလဲဆိုတော့ ဗမာပြည်ရဲ့ စီးပွားရေးက အရင်တုန်းကခေတ်ကလည်း မလွတ်မကင်းတွေပဲ ရပ်တည်ခဲ့တဲ့လူတွေ အကုန်လုံး ဖြစ်တဲ့အတွက် တကယ်လို့ ခရေစေ့တွင်းကျလိုက်ရင် အကုန်လုံးက တစ်ခုမဟုတ်တစ်ခုက နွှယ်နေကြတာ များတယ်။ များတော့ ပြည့်ဝမ်းကို ဖောက်လိုက်လို့ရှိရင် သူတို့က ဘာဖြစ်သွားမလဲ ဆိုတော့ ကြောက်ကုန်ကြမယ်။ အရမ်းလန့်ကုန်တော့ စီးပွားရေးလုပ်ရတာက သူ့ရဲ့ Supply Chain သဘောတရားအရဆိုရင် သူတို့ ကြီးကြီးတွေက မလုပ်ရင် အောက်က အငယ်လေးတွေ၊ အလတ်လေးတွေ အကုန်ရပ်ကုန်တာ။ ရပ်ဆိုင်းကုန်တော့ အဲဒီလို ပြည့်ဝမ်းကို မဖောက်နဲ့လို့ပဲ ပြောချင်တယ်”

လက်ရှိအခြေအနေဟာ အာဏာရှင်အသိုက်အဝန်းနဲ့ အဆင်ပြေမှ စီးပွားရေးဆက်လုပ် လို့ရမယ့် ၁၉၈၈ နောက်ပိုင်းကာလ အခြေအနေမျိုးဖြစ်နေတာကြောင့် စိုးရိမ်မိတယ် လို့လည်း သူက ဆိုပါတယ်။

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဝရုန်းသုန်းကားဖြစ်လာတဲ့ ဘဏ်ပြဿနာ၊ ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှု၊ တရားဥပဒေ ကင်းမဲ့မှုနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအပေါ် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် တိုင်းပြည်ဟာ အထွေထွေ အကျပ် အတည်းကို ရင်ဆိုင်နေရပြီး လူတိုင်း မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားနေရတယ်လို့ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။