စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း လူ ၁၂ ဦး သေဆုံး

RFA Burmese
2025.02.14
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း လူ ၁၂ ဦး သေဆုံး ချင်းပြည်နယ်၊ ဝေဘူလမြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့ကို တွေ့ရစဉ်။
zanniat Info

[Update: 3: 55 PM, Feb 15, 2025]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့ ချင်းပြည်နယ် ဖလမ်းနဲ့ ဝေဘူလမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းရွာက ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဆယ်ဦး သေဆုံးပြီး နှစ်ဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထွက်ပြေးရတာတော့ အစက ဆယ်ရွာကျော်တယ်၊ အခုတော့ ၁၅ ရွာ ဝန်းကျင်လောက်ရှိသွားပါပြီ။ တောတွေတောင်တွေထဲ နီးစပ်ရာပြေးရတာ၊ ပြည်သူတွေကတော့ အိပ်တာတောင်မှ ဗုံးခိုကျင်းထဲ အိပ်ရတဲ့ဘဝ"

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ဗန်းမော်မြို့နယ် စင်းခန်းရွာကို ပေါင်နှစ်ရာဗုံး သုံးလုံး ကြဲချတယ်လို့ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့လာပစ်သွားတာက မနေ့ကညနေပိုင်းပေါ့နော်၊ အချိန်ကတော့ လေးနာရီကျော်ကျော်လောက် လာပစ်သွားတယ်။ ပထမ စစချင်းကတော့ လေယာဉ်ပဲဝဲတာပေါ့နော်၊ သုံးလေးခေါက်ဝဲပြီးတော့မှပဲ လာပစ်သွား တာပေါ့နော်။ သုံးကြိမ်လောက်ပတ်ပြီး ကြဲသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူကတော့ နှစ်ယောက်ကတော့ အသက်ဆုံးရှုံးသွားတယ်ပေါ့၊ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ယောက်ရယ်၊ အမျိုးသမီးတစ်ယောက် ရောပေါ့။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူလည်း သုံးယောက်လောက်ရှိတယ်။ ပစ်သွားတဲ့နေရာက လူနေအိမ် ရပ်ကွက်တွေဆိုတော့ နေအိမ်တွေပျက်စီးတာတွေရော၊ အိမ်တွေ မီးလောင်သွားတာတွေရော အဲဒီလိုလည်း ရှိတာပေါ့နော်”

လေကြောင်းက တိုက်တဲ့အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာနဲ့ သံဖိုရွာဒေသခံ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဆယ်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ပုဂံဒေသအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးနေ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ခန့် သေဆုံး

စစ်ကိုင်းတိုင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ညတည်း လူ ဆယ်ဦးခန့်သေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ


ဒီလေကြောင်း တိုက်ခိုက်မှုမှာ လသားအရွယ် ကလေးငယ်အပါအဝင် သံဖိုကျေးရွာက ဒေသခံတွေလည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်ရက်ကို ဗုံးအလုံး ငါးဆယ်နီးပါး ကြဲတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကတော့ ဗုံးကြဲတယ်၊ ကလေးတောင်ပိုင်း သံဖိုရွာပေါ့နော်၊ သံဖိုရွာနဲ့ ကျော်ရွာဆိုတဲ့ ရွာမှာ တစ်ရွာကို ငါးယောက်စီ၊ ပြည်သူတွေသေတယ်ပေါ့နော်၊ ဗုံးကြဲတဲ့ ဒဏ်ကြောင့်။ ကျားမ အသက်အရွယ်ကတော့ အသေအချာ မသိရသေးဘူး။ Y 12 က ဆီကုန်ခါနီးဆိုရင် လေယာဉ်ကွင်းမှာ ဆင်းတယ်၊ ဆီဖြည့်တယ်၊ ပြီးရင် ပြန်တက်တယ်၊ ပြန်ကြဲတယ်၊ အဲလိုမျိုးတွေ လုပ်နေတာ၊ သူတို့က ဗုံးအလုံးရေ တစ်ရက်ကို လေးဆယ်၊ ငါးဆယ် ကြဲတာတောင် ဒီလောက်ပဲ သေတာဆိုတော့ ကံကောင်းတယ်လို့ ပြောရမှာ”

ကလေးမြို့နယ်တောင်ပိုင်းက ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်ရှိ ကမ္ဘားနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီလ ၁၃ ရက်က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်းရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့ကို တွေ့ရစဉ်။ (Citizen Photo )
ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်းရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့ကို တွေ့ရစဉ်။ (Citizen Photo )

ဒါ့အပြင် ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း လေကြောင်းက ဆက်တိုက်ခိုက်နေဆယ်လို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

“လေကြောင်းက အခုထိလည်း လာနေပါတယ်၊ မနေ့ညကလည်း ကြဲသွားတယ်၊ အခုထိက လုံခြုံရေးအရ စိတ်မချရသေးတော့ အသေးစိတ်ကို ကျွန်တော်တို့ လိုက်ပြီး မကောက်နိုင်သေးဘူး၊ သေဆုံးတဲ့ ပြည်သူတွေ၊ ထိခိုက်တဲ့ ပြည်သူတွေကတော့ တော်တော်လေး များနေပါတယ်။ ကြဲတာလည်း ကလေးနယ်တောင်ပိုင်း တစ်ပိုင်းလုံးနီးပါးကို ကြဲနေတာ။ ဆက်တိုက်ကို ကြဲနေတာ၊ Y12 တွေနဲ့လည်း ကြဲတယ်၊ ဂျက်ဖိုက်တာတွေနဲ့လည်း ကြဲတယ်၊ တောက်လျှောက်ကို ကြဲနေတာ”

လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ကလေးတောင်ပိုင်းရှိ တင်သား၊ ကုက္ကိုလ်၊ အရှေ့စည်း စတဲ့ ကျေးရွာ ၁၅ ရွာက ဒေသခံ တစ်သောင်းကျော်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဘေးလွတ်ရာပြေးရတဲ့ ဒေသခံတွေဟာ ဗုံးခိုကျင်းတွေမှာပဲ နေရပြီး စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကလေးမြို့နယ်တောင်ပိုင်းက အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ထွက်ပြေးရတာတော့ အစက ဆယ်ရွာကျော်တယ်၊ အခုတော့ ၁၅ ရွာ ဝန်းကျင်လောက်ရှိသွားပါပြီ။ လူဦးရေကတော့ သောင်းဂဏန်းကျော်သွားပြီခင်ဗျ၊ တောတွေတောင်တွေထဲ နီးစပ်ရာ ပြေးရတာ၊ ပြည်သူတွေကတော့ အိပ်တာတောင်မှ ဗုံးခိုကျင်းထဲ အိပ်ရတဲ့ဘဝ ပြည်သူတွေက၊ ဒါကတော့ လက်ရှိ အမှန်တရားပေါ့။ ဆောင်းကလည်း သိပ်ပြီး မကျွတ်သေးဘူး၊ ကျွန်တော်တို့ဆီမှာက၊ အရမ်းအေး အရမ်းချမ်းတဲ့အခါ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ တော်တော်လေး ဒုက္ခရောက်တာပေါ့။ ကျန်းမာရေး ထိခိုက်လာနိုင်တယ်၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ပြတ်လပ်မှုတွေ ဒီအတိုင်းဆိုရင် ဖြစ်ပေါ်လာနိုင်တာပေါ့”

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း၊ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုနဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ထောင့်ခုနစ်ရာကျော် (၁၇၆၉ ဦး ) သေဆုံးပြီး သုံးထောင့် ခုနစ်ရာကျော် ( ၃၇၂၀) ဒဏ်ရာရရှိပါတယ်။

(မှတ်ချက် - ဤသတင်းတွင် ကလေးဒေသခံတစ်ဦးနှင့် အကူအညီပေးနေသူတစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။