အညာနဲ့မြေလတ်မှာ တိုက်ပွဲတွေ ပိုများလာ

RFA Burmese
2025.01.14
အညာနဲ့မြေလတ်မှာ တိုက်ပွဲတွေ ပိုများလာ ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တွေ့ရသည့် Mandalay People’s Defense Forces တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။
MDY-PDF Photo

အခု ၂၀၂၅ နှစ်စပိုင်းမှာပဲ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ စစ်ကောင်စီကရွာတွေမှာ စစ်ကြောင်းထိုးတာ ပြန်များလာသလို၊ တော်လှန်ရေးတပ်တွေဘက်ကလည်း စုစည်းမှုပိုကောင်းလာပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်လာနိုင်ကြတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်”

ဇန်နဝါရီ (၃) ရက်နေ့ (၅) ရက်အတွင်းမှာပဲ စစ်ကိုင်းတိုင်း ဝက်လက်နဲ့ ရွှေဘိုမြို့နယ်ထဲမှာ ရွာတွေကို ဝင်စီးခဲ့တဲ့ စစ်ကောင်စီတပ်ကို PDF တွေ စုစည်းပြီးပြန်တိုက်လို့၊ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းယူရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

အညာဒေသတွင် 96 Soldiers - PDF တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (96 Soldiers - PDF တောင်ပိုင်းတိုင်း)
အညာဒေသတွင် 96 Soldiers - PDF တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (96 Soldiers - PDF တောင်ပိုင်းတိုင်း)

အခုအချိန်မှာ တော်လှန်ရေးတပ်တွေ ပိုစည်းလုံးလာပြီး စစ်ကောင်စီကို တိုက်ခိုက်လာနိုင်တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ ရဲ့ တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“ပိုပြီးတော့ စည်းစည်းလုံးလုံးဖြစ်လာပြီလို့ ပြောလို့ရတယ်ဗျ။ ပြန်စည်းလုံးလာပြီပေါ့။ ကြားထဲမှာ နည်းနည်းဟတာတွေ ဒီဘက်ပိုင်းကျတော့ ပြန်စည်းလုံးလာကြပြီပေါ့။ (ရှမ်းမြောက်က ပြန်တဲ့အဖွဲ့) တွေအပါ အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီးတော့ပေါ့။ အခုလည်း ဒီဘက်မှာတော့ စစ်ကြောင်းမရှိဘူး။ ကျွန်တော်တို့နဲ့ မလှမ်းမကမ်း ဘုတလင်တို့မှာလည်း သွားပြီးလုပ်ဆောင်တာတွေ ရှိတာပေါ့”

ဇန်နဝါရီ ၉ ရက်နေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ-နမခ) ကထွက်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ကားတန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ပြီး ကားငါးစီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သားတွေ သေဆုံးတာတွေ ရှိတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၉ က ထုတ်ပြန်ထားပါတယ်။


ဆက်နွှယ်သော သတင်းများ

သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား

အညာဒေသ မဟာဗျူဟာထိုးစစ် အရှိန်မြင့်လာ

အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ


စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကို ပိုပြီးတိုက်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ မုံရွာခရိုင် တိုက်နယ် (၂) ပကဖ တာဝန်ခံက ပြောပါတယ်။

“အားလုံးကတော့ တက်ညီလက်ညီနဲ့ စစ်ကိုင်းတိုင်းကို ကြိုးစားနေကြပါတယ်။ စကစရဲ့ လှုပ်ရှားမှုက အရင်လို မဟုတ်တော့ဘူးဗျ။ အခုခင်ဗျားကို ဖုန်းပြောတဲ့အချိန်မှာ ကျွန်တော် မုံရွာကနေ အရာတော်ပို့တဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တိုက်ခိုက်နေတာပေါ့ဗျ။ အရာတော်ဘက်မှာလည်း ကားတွေ ဘာတွေ ရတယ်တဲ့။ အခုဒီ အရာတော်လမ်းတွေ အရင်ကဆို ၁၅ ရက်တစ်ကြိမ်လောက် ဖြတ်နေတဲ့လမ်းတွေ အခုက ခြောက်လတစ်ကြိမ်လောက်ပဲ ဖြတ်နိုင်တော့တယ်။ ဒီလမ်းတွေကို သူတို့ ကျောက်ကာနဲ့ မုံရွာ ကြားကိုတောင် သူတို့ စိုးမိုးအောင် မလုပ်နိုင်တော့ပါဘူး”

“စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုများ”

စစ်ကောင်စီကလည်း အခုနှစ်ဆန်းမှာ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ စစ်ကြောင်းထိုးပြီး အိမ်တွေမီးရှို့တာ၊ အရပ်သားတွေဖမ်းတာ၊ လေကြောင်းနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင် နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မကွေးတိုင်းထဲက မြိုင်၊ စလင်း၊ ထီးလင်းနဲ့ မြစ်ခြေမြို့တွေမှာ စစ်ကောင်စီတပ်တွေက အိမ် ၁၀၀ ကျော်ကို မီးရှို့တာရှိသလို၊ စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ဓာတ်ပုံ)
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ဓာတ်ပုံ)

မကွေးတိုင်း မြိုင်မြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ လုပ်ရှားမှုပိုများလာတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“၂၀၂၅ ကတော့ စစ်ရေးကတော့ သူတို့ စကစ အနေနဲ့ သူတို့ ဒီမကွေးတိုင်းမှာ စစ်ရှုံးနယ်မြေဘက်ကိုပိုပြီး လှုပ်ရှားမယ်လို့ သတင်းရထားတယ်။ လက်ရှိကျွန်တော်တို့ စစ်ရေးလှုပ်ရှားတာ မြိုင်နယ်မှာလည်း ရှိတယ်။ ပေါက်နယ်မှာလည်း ရှိတယ်။ ကျွန်တော်တို့ ပခုက္ကူခရိုင်ထဲမှာပေါ့။ ပေါက်မှာက ပျူစောထီးရွာတွေဘက်မှာ လျှောက်သွားနေတယ်လို့ သတင်းရတယ်။ မြိုင်မှာတောင်ဘက်၊ မြိုင်အရှေ့ဘက်နဲ့ အဲဒီ နေရာက (ပြည်သူတွေ) ရှောင်ရတာပေါ့ အကုန်လုံး”

တော်လှန်ရေးတပ်တွေလည်း စလင်း-ဆင်ဖြူကျွန်းဘက်မှာ စစ်ရေးလှုပ်ရှားတာတွေရှိခဲ့သလို စလင်းမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းနေရာတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာလည်း ကန့်ဘလူ၊ မုံရွာ၊ အရာတော်၊ ဝက်လက်၊ ဘုတလင်၊ ရွှေဘိုမြို့တွေ ဘက်မှာလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာတွေရှိပြီး အိမ်တွေမီးရှို့တာတွေရှိသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က စစ်ကိုင်းမြို့နယ် မင်းဆည်ရွာကို လေကြောင်းနဲ့တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ်က ရေအေးရွာနဲ့ လမ်းဆုံရွာတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးပြီး အိမ်တစ်ရာနီးပါးမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက စစ်ရေးအရှိန်မြှင့်လာတယ်လို့ ကန့်ဘလူမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကန့်ဘလူနယ်၊ ရွှေဘိုနယ်၊ ဘုတလင်နယ်တို့ အဲဘက်တွေမှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ကျေးရွာတွေ နေအိမ်တွေဖျက်ဆီး ပစ္စည်းဥစ္စာတွေ၊ စပါးဆန်တွေ၊ ပစ္စည်းတွေ သယ်ယူလုပ်နေတာဗျ။ စစ်ရေးကတော့ စစ်ကိုင်းတိုင်းဘက်မှာတော့ အရှိန်မြင့်လာပြီဗျ။ တော်တော်လေးအရှိန်မြင့်လာ တော်တော်လည်း အားကောင်းလာပြီဗျ။ ကျွန်တော်တို့ လုပ်ဆောင်လာခဲ့တာရှိလာပြီဗျ။ သူတို့ဘက်ကလည်း ကျေးရွာတွေဘက်ကို ဟောင်ဝစ်ဇာနဲ့ပစ်တယ် လေယာဉ်ပစ်တယ်။ ဒီလိုနဲ့ သူတို့လည်း မြှင့်လာပြီဗျ”

ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းမှာတော့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ နွားထိုးကြီးမြို့နယ်က ရွာတွေကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အိမ်တစ်ရာလောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ တိုင်းစစ်ဌာနချုပ် နှစ်ခုဆုံးရှုံးထားတဲ့ စစ်ကောင်စီကတော့ လေကြောင်းသုံး တိုက်ခိုက်တာကို ပိုလုပ်နေသလို၊ တဖက်မှာလည်း တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာခဏ ထုတ်ပြောတာတွေရှိပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (MDY-PDF Photo)
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (MDY-PDF Photo)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီနှစ်ထဲမှာ စစ်ပွဲတွေများမယ်၊ မများဘူးဆိုတာ PDF တွေအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

“စစ်ရေးပိုင်းကိုသွားဖို့ စိတ်ကူးရှိတယ်ဆိုရင် စစ်ရေးတင်းမာမှုက ဖြစ်နေမှာပဲ။ ရှောင်လွှဲလို့လည်း ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းသွားမှာကတစ်ပိုင်း၊ ရွေးကောက်ပွဲလုပ်မှာကတစ်ပိုင်း။ အဲဒီလိုတော့ ကျွန်တော် သုံးသပ်ထားတယ်”

အခုနှစ်ဆန်းမှာ တော်လှန်ရေးတပ်တွေ ပိုစည်းလုံးနေပြီဖြစ်တဲ့အတွက် အောင်မြင်မှုတွေပိုပြီး မြင်လာရနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“စစ်ကိုင်းနဲ့ မကွေးကတော့ ပိုပြီးတော့ အားကောင်းလာမဲ့ အနေအထားမျိုးလည်း မြင်ရတယ်။ စစ်ကိုင်းတိုင်း ဘက်မှာဆိုလည်း ဒေသခံအဖွဲ့တွေပေါ့နော် ပူးပေါင်းအဖွဲ့တွေက စည်းလုံးညီညွတ်သွားတဲ့ အနေအထားမျိုးကိုလည်း တွေ့ရတယ်ပေါ့နော်။ အောင်ပွဲတွေလည်း ဆက်တိုက်ရနေမဲ့ အနေအထားမျိုးကို မြင်ရမှာဖြစ်ပါတယ်”

စစ်ကိုင်းတိုင်းမှာ ရွှေပြည်အေး၊ မြို့သစ်၊ ခါမ်းပါတ်၊ ပင်လည်ဘူး၊ မော်လူး စတဲ့ မြို့တွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားသလို ရွာအများအပြားကိုလည်း ထိန်းချုပ်ထားပြီး မန္တလေးတိုင်းထဲက စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းနဲ့ တကောင်းမြို့တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။

KNDF စစ်ဗျူဟာ အမှတ် (၇) မှပြုလုပ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပစဉ်။ (Telegram/ KNDF Photo)
KNDF စစ်ဗျူဟာ အမှတ် (၇) မှပြုလုပ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပစဉ်။ (Telegram/ KNDF Photo)

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်တော် (မန္တလေး) ၊ ရွှေဘိုခရိုင်က တပ်ရင်းတွေ၊ ညောင်ဦးခရိုင်က တပ်ရင်း(၃)၊ မိုးကုတ်ဗျူဟာ တပ်ရင်းတွေ၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ မန္တလေးဘက်က တော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး၊ အခု အညာဒေသမှာ တိုက်ပွဲပြန်ဝင်နေကြတာဖြစ်ပါတယ်။

ဗမာပြည်လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ကလည်း အညာဒေသမှာ စစ်ရှိန်မြှင့်မယ်လို့ အသီးသီး ပြောဆိုထားသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း စစ်ကိုင်းဘက်မှာ စစ်ရေးအချိန်မြှင့်ဖို့ တပ်မဟာအသစ်တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး အခုနှစ်ထဲမှာ စစ်ကောင်စီကို အပြီးသတ် ဖယ်ရှားနိုင်အောင် ကြိုးစားမယ်လို့လည်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။