စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ရဲ့သက်တမ်းကို နောက်ထပ် ခြောက်လ ထပ်တိုး လိုက်ပြီးတဲ့နောက် လာမယ့် ရွေးကောက်ပွဲတွေမှာ အီလက်ထရွန်နစ် မဲပေးစနစ်ကိုအသုံးပြုဖို့ ကြိုးပမ်းနေတာ တွေ့ရတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူတို့ ဖန်တီးထားတဲ့ အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနဲ့ စက်ပိုင်းဆိုင်ရာတွေကို ပြသခဲ့တာပါ။
အီလက်ထရွန်နစ်မဲပေးစနစ်မှာ ဘယ်သူကမဲပေးတယ်၊ မပေးဘူးဆိုတဲ့ မှတ်တမ်းတင် စနစ်ကို အိမ်ထောင်စုစာရင်း အချက်အလက်တွေနဲ့ ချိတ်ဆက်ထားတာကြောင့် လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးဆိုင်ရာအချက်အလက် အတွက်လည်း အရေးပါနေပါတယ်။ အခုလိုလူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက်နဲ့ နိုင်ငံရေး ရပ်တည်ချက်အပေါ် တိုက်ရိုက်သက်ဆိုင်နေတဲ့ မဲပေးစနစ်ကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မဲမပေးချင်တဲ့ သူတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက RFA ကိုပြောပါတယ်။
“အီလက်ထရွန်နစ်နစ်မဲပေးတဲ့စနစ် (E-Voting) ကိုအကောင်အထည်ဖော်ဖို့ဆိုရင် နိုင်ငံတကာရဲ့ အတွေ့အကြုံတွေလည်း လိုတယ်။ နိုင်ငံတကာက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျင့်သုံးနေတဲ့ ဥပမာတွေလည်းရှိတယ်။ ဒီဟာမျိုးကို ကျနော်တို့ မယူဘဲနဲ့ စစ်တပ်နဲ့နီးစပ်တဲ့ နည်းပညာအသိုင်းအဝိုင်းက သူတွေရဲ့ အတွေ့အကြုံကိုပဲ ယူပြီးတော့ လုပ်တယ်ဆိုရင် စစ်တပ်က နောက်ခံပေးထားတဲ့ ပါတီတွေပိုပြီးတော့ အနိုင်ရဖို့လုပ်တာဖြစ်နိုင်သလို ရွေးကောက်ပွဲမှာ မဲမပေးဘဲနဲ့နေမယ့်သူတွေကို မဲမပေး ပေးအောင်၊ မဲပေးရင်ငါတို့ အလွယ်တကူသိနိုင်တယ်ဆိုတဲ့ အချက်မျိုးဖြစ်အောင် ဖိအားပေးတာလည်းဖြစ်နိုင်တယ်”
ဒီစနစ်ကိုအသုံးပြုရင် လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက တာဝန်ခံပေးရမယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကတော့ မဲပေးတာ၊ မပေးတာဟာ လူတစ်ဦးချင်းရဲ့ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့က အစိုးရတာဝန်ဖြစ်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
နည်းပညာ ကျွမ်းကျင်သူတွေကတော့ အခုအသုံးပြုနိုင်ခြေရှိတဲ့ အီလက်ထရွန်နစ် မဲပေးစနစ်ဟာ Direct-recording electronic voting machine (DRE) လို့ခေါ်တဲ့ တိုက်ရိုက်မှတ်တမ်းတင်ထားတဲ့ မဲပေးစနစ် ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ဒီစနစ်မှာ ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ကို ခလုတ်နှိပ် မဲပေးရတာဖြစ်ပါတယ်။ ဒီလို အီလက်ထရွန်နစ် စနစ်နဲ့ မဲပေးနိုင်ဖို့အတွက် နှစ်နဲ့ချီအချိန်ယူရတာဖြစ်ပြီး အသုံးပြုထားတဲ့ နည်းပညာတွေကလည်း လွတ်လပ်တဲ့ ပညာရှင်တွေက အချိန်မရွေး စစ်ဆေးခံနိုင်ရမယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နည်းပညာ ကျွမ်းကျင်သူ တစ်ဦးက RFA ကိုပြောပါတယ်။
“ဘက်မလိုက်တဲ့ မျှတတဲ့အဖွဲ့အသီးသီးက ဒီ Program ပေါ်မှာ ဘယ်လောက် ယုံကြည်စိတ်ချရလဲဆိုတာကို အချိန်မရွေး စစ်ဆေးနိုင်ဖို့ တံခါးဖွင့်ပေးထားရမယ်။ Program တစ်ခုမှာ ဘာတွေနဲ့ရေးထားလဲ။ ဘယ်လို အဟ (ကွာဟချက်) တွေရှိလဲဆို တာ မသိရတဲ့အတွက်ကြောင့် ရလဒ်(မဲ)ကိုချက်ချင်း ပြောင်းပစ်နိုင်တာမျိုး ရှိတယ်။ ဒါကလည်း မလုပ်ဘူးလို့ ပြောလို့မရဘူး။ ရှေ့ပြေးစီမံချက် (Pilot Project) တွေလုပ်ရမယ်။ မဲပေးတဲ့ (Voting) စနစ်ကို တခြားရွေးကောက်ပွဲမဟုတ်တဲ့ တခြားသော ရွေးကောက်ခံ ဥပမာ-စည်ပင်လို ဟာမျိုးပေါ့ (စည်ပင်ရွေးကောက်ပွဲ) အဲလိုမျိုးတွေမှာရှေ့ပြေးစီမံချက်တွေနဲ့ စပြီးတော့လုပ်ပြီးမှ အားလုံးအဆင်သင့် ဖြစ်ပြီဆိုတော့မှ ရွေးကောက်ပွဲကို သွားတာကောင်းမယ်ထင်ပါတယ်”
နည်းပညာဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာတော့ ဒီစနစ်အသုံးပြုတာက မဲပေးတဲ့သူအတွက် အချိန်ကုန်သက်သာ စေတယ်လို့ သူကပြောပါတယ်။
အီလက်ထရွန်နစ် မဲပေးတဲ့စနစ်နဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ စစ်ကောင်စီရော၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
" Program ပေါ်မှာ ဘယ်လောက် ယုံကြည်စိတ်ချရလဲဆိုတာကို အချိန်မရွေး စစ်ဆေးနိုင်ဖို့ တံခါးဖွင့်ပေးထားရမယ်။"
ဒီလိုမဲပေးစနစ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးကိုလည်း RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ စာရွက်နဲ့ မဲပေးတဲ့စနစ်ကိုတောင် ပြည်သူတချို့ မသိကြသေးတဲ့အချိန်မှာ အီလက်ထရွန်နစ် မဲပေးတဲ့စနစ်က မဲဆန္ဒရှင်တွေ ကျွမ်းကျင်မှုမရှိရင် အခက်အခဲဖြစ်လာနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ထောက်ပြပါတယ်။
“ပြည်သူတွေမပြောနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေတောင် အဲဒီစက်ပေါ်မှာ ကျနော်တို့နားလည်မှု မရှိသေးဘူး။ အဲဒီစက်နဲ့ပတ်သက်လို့ သာမန်မဲပေးတဲ့ အချိန်မှာတောင် မဲဆန္ဒရှင်ပြည်သူတွေမဲပေးမှုကို ကျွမ်းကျင်မှုရှိဖို့ လိုတယ်။ မဲဆန္ဒရှင်တွေကျွမ်းကျင်မှု မရှိရင် ဒီစက်ရဲ့အကျိုးရလဒ်က ကောင်းမယ်လို့ ပြောဆိုဖို့ ခက်ခဲတယ်လို့ ကျနော်မြင်တယ်”
ဒီအတွက်လာမယ့်ရွေးကောက်ပွဲမှာ အဲဒီစနစ် အသုံးပြုခဲ့ရင် မဲဆန္ဒရှင်တွေကို ထိထိရောက်ရောက် အသိပညာ ပေးသင့်တယ်လို့ သူကပြောပါတယ်။
မဲစာရင်းအတွက် လူဦးရေစာရင်း အတိအကျကောက်ယူဖို့တောင် ခက်ခဲနေတဲ့ အချိန်မှာ အီလက်ထရွန်နစ် မဲပေးစနစ်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီစနစ်ဟာ မဲပေးတဲ့သူတွေရဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လို့ လိုအပ်သလိုပြောင်းလဲနိုင်တာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ မှန်ကန်ပြီးတရားမျှတမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
“အီလက်ထရွန်နစ် မဲပေးတဲ့စနစ် (E-Voting) ကရွေးကောက်ပွဲမှာ မဲထည့်သူရဲ့ စာရင်းဇယား၊ အမှားအမှန်ကို သူတို့ (စစ်ကောင်စီ)ကြိုက်သလိုလုပ်ခွင့်ရသွားတယ်။ အဲဒီအတွက်ကြောင့်သူတို့ (စစ်ကောင်စီ) သုံးမှာဖြစ်တယ်။ နောက်တစ်ချက်ကတော့ အုပ်ချုပ်နိုင်စွမ်းမရှိတဲ့ အခြေအနေအောက်မှာ ဒါကိုထုတ်သုံးလာတာ။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှတရားမျှတ ပြီးတော့ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကျနော်ပြောချင်ပါတယ်”
အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ အိမ်ထောင်စု လူဦးရေစာရင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်ကနေ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း ၈၆ ရာခိုင်နှုန်းကျော်ပဲ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီလအစောပိုင်းက ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ပြင်ဆင်ပြဌာန်းပြီး တင်းကျပ်ထားတာပါ။ အဲဒီနောက်အရင်က နိုင်ငံရေးပါတီ ၉၀ ကျော်ရှိတဲ့အနက် လက်ရှိအချိန်အထိ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားတဲ့ပါတီဟာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ (MPD)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) စတဲ့ နိုင်ငံရေးပါတီ ငါးပါတီရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံ တော်လှန်မှုတွေနဲ့ ပိုပြီးကြုံတွေ့လာရဦးမယ်လို့လည်း နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။