မင်းပြားတိုက်ပွဲကြောင့် ကိုးလအရွယ် ကလေးတစ်ဦး သေဆုံး

0:00 / 0:00

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပြီး အသက် ကိုးလအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မင်းပြားမြို့နယ် ညောင်ကန်ရွာကနေ လွန်ခဲ့တဲ့ နှစ်လလောက်က စစ်ဘေးရှောင်နေတဲ့ ဒီမိသားစု သုံးယောက်ဟာ သူတို့ရွာမှာ နယ်မြေတည်ငြိမ်နေပြီဆိုလို့ ဒီနေ့ စက်လှေနဲ့ ရွာကိုပြန်လာရာမှာ အပစ်ခံရလို့ ကလေးသေဆုံးခဲ့တာပါ။

ကလေးငယ် သေဆုံးခဲ့တဲ့အခြေအနေကို ဒေသခံတစ်ဦး ပြောတာက

“ညောင်ကန်ရွာကိုအပြန်မှာ မင်းပြားနဲ့ မေလွန်းရွာကြားမှာရှိတဲ့ ကျေးကျိုဆိုတဲ့ ရွာနားရဲ့ ကျွန်းနားမှာ စစ်တပ် ကနေပြီးတော့ သေနတ်နဲ့ပစ်လိုက်တာ။ အချက် ၁၀ လောက် ပစ်လိုက်တယ်ပြောတယ်။ အဖေနဲ့ အမေက လှေမှာဝပ်နေတယ်။ ကလေးငယ်ကို ကျည်ကကျောကဖောက်ဝင်သွားတာ ဗိုက်ပွင့်သွားတယ်“

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်

လို့ ပြောပါတယ်။

မင်းပြားမြို့နယ်မှာ ဒီမနက်ကတည်းက တိုက်ပွဲတွေဖြစ်နေပေမယ့် အခုအပစ်ခံရတဲ့နေရာက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ တစ်မိုင်ခွဲခန့် ဝေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မနက်က ရာမောင် တံတားကို ဖြတ်သွားတဲ့ တပ်မ ၅၅ က ပစ်လိုက်တာလို့ ဒေသခံတွေ က ယူဆနေကြတာပါ။

ဒီမနက်တိုက်ပွဲမှာ တပ်မတော်က လေယာဉ်အသုံးပြုခဲ့တာတွေ ရှိခဲ့သလို ရွာအနီးကို ဗုံးကြဲတာတွေ ရှိတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောပါတယ်။

"ဆယ်နာရီကျော်လောက်ကတော့ လေယာဉ်နဲ့လာပြီး ဗုံးကြဲတယ်။ ဟိုတစ်နေ့ကဖြစ်တဲ့ ဖားပြိုကျေးရွာနား ကျမယ်။ လေယာဉ် နှစ်စီးနဲ့။ သူတို့အချင်းချင်းပစ်ကြတဲ့အထဲမှာ ပြည်သူတွေကိုတော့ မထိခိုက်စေချင်ဘူး ။ ဒါပဲပြောချင်တယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့

"မင်းပြားမှာ ကမ်းနီဝန်းကျင်တဝိုက်မှာရှိတယ်။ ခုနက သေနတ်မှန်တာတော့ တပ်ကမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေက လက်နက်ကြီးတွေက တိုက်ပွဲဖြစ်တဲ့နေရာကိုပဲပစ်တာ။ တခြားမှန်းပစ် ရမ်းပစ် မပစ်ဘူး။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေး ဒေသခံပြည်သူတွေရဲ့ အသက်ကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းက ဒေသခံပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် မလုပ်ဘူးလို့ ပြောချင်တယ်" လို့ ပြောပါတယ်။

AA နဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်မှုတွေဟာ နယ်မြေထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံတွေကိုလည်း သက်ရောက်မှုရှိနေတာပါ။

ပလက်ဝမြို့နယ် ဆီးဖလောင်းကျေရွာမှာ ရက္ခိုင့်တပ်တော် AA ဖမ်းဆီးသွားတဲ့ မူလတန်းကျောင်းအုပ်ဆရာ တစ်ဦးနဲ့ ရွာသား နှစ်ဦး အသတ်ခံခဲ့ရပါတယ်။

သူတို့အချင်းချင်းပစ်တဲ့အထဲမှာ ပြည်သူတွေကို မထိခိုက်စေချင်ဘူး

ပလက်ဝမြို့နယ်ကနေ တာဝန်ကျနေရာ ဆီးဖလောင်းကျေးရွာ ကိုသွားတဲ့ အသက် ၅၅နှစ်အရွယ် မူလတန်းပြ ကျောင်းအုပ် ဆရာ ဦးအာဗေလနဲ့ ရွာသားနှစ်ဦးကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက AA အဖွဲ့က ဖမ်းဆီခေါ်ဆောင်သွားခဲ့တာလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ဒီနေ့ ပြောပါတယ်။

ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာ ဆရာအာဗေလရဲ့ အလောင်းကိုရွာထိပ်မှာ တွေ့ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ရွာသား နှစ်ဦး အလောင်းကိုတော့ လယ်ကွင်းအနီးမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရတာကြောင့် အလောင်းတွေကို ဒီနေ့မှ သယ်ဆောင်ရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"ပလက်ဝမြို့ပေါ် လုံခြုံရေးအခြေအနေက တော်တော်လေးဆိုးပါတယ်။ ကွပ်ကဲမှုစနစ်တွေ အုပ်ချုပ်မှုစနစ်တွေ တော်တော်ပျက်ယွင်းနေတဲ့ အနေအထားဖြစ်နေတယ်။ လက်ရှိကလည်း ပလက်ဝရဲ့အရှေ့ဘက်က ရွာသား နှစ်ယောက်နဲ့ မူလတန်းကျောင်းအုပ်ကိုခေါ်ပြီး သတ်လိုက်တယ်"

တဆက်တည်းမှာပဲ AA အဖွဲ့ဟာ လွန်ခဲ့တဲ့တစ်ပတ်ခန့်လောက်က ပလက်ဝမြို့နယ် ကျီးလေကျေးရွာက ကျေးရွာသားတစ်ရာကျော်ကို ရိက္ခာဆန်အိတ်တွေ သယ်ခိုင်းတာ၊ လက်နက်နဲ့ ခြိမ်းခြောက်ရိုက်နှက်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

အဲဒီရွာသားတစ်ရာကျော်ကို ဆန်အိတ်တွေသယ်ခိုင်းပြီး နောက်ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လေးယောက်လောက်ကတော့ ပြန်ရောက်မလာဘူးလို့ ဦးစိုးထက်က ပြောပါတယ်။

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက်

အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကြောင့် အောက်ခြေမှာ ဒီလိုပြုမူနေတာတွေကို AA အဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးအရေးယူပေးဖို့ လိုအပ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။ "အစောပိုင်းကတော့ သူ့ဟာသူ တပ်နဲ့ တိုက်တာဆိုတော့ ဘာမှပြော စရာမရှိဘူး။ ဒါပေမဲ့ အခုက အရပ်သားတွေကို ထိခိုက်မှုက တော် တော်ဆိုးဆိုးဝါးဝါးဖြစ်လာတယ်လို့ သုံးသပ်ရတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေဖြစ်လာတယ်။ အပေါ်မှာ ကိုထွန်းမြတ်နိုင်တို့ ပြောနေတာကတစ်မျိုး။ ဒါပေမဲ့ အောက်မှာဖြစ်နေတဲ့ကိစ္စက ချင်းနဲ့ ရခိုင်ကြားမှာပိုပြီးတော့ နားလည်မှုလွဲမှားအောင် ပိုပြီးဖြစ်လာ စေတယ်"

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နှစ်လကြာ တဖက်သတ်အပစ်ရပ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ကြေညာထားပေမယ့် နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူအရပ်သား တစ်ရာဝန်းကျင်အထိ ရှိလာနေသလို စစ်ဘေးဒုက္ခသည်အရေအတွက်လည်း တစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေကိုလည်း အလုံအလောက် မရရှိတာကြောင့် နိုင်ငံတကာအဖွဲ့ အစည်းတွေကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။

“ဒါကတော့ လူထုကို သက်သက်နှိပ်စက်နေတာပဲ။ သူတို့ တော်လှန်ရေးလုပ်တာကို ဘာမှမပြောလိုပေမယ့် ဒီလိုပြည်သူတွေကို နှိပ်စက်နေမယ်ဆိုရင် ရေရှည်မှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှု ဖြစ်လာရင် ကျွန်တော်တို့ဒေသက တော်တော်အခြေအနေ ဆိုးသွားမယ်။ ကျွန်တော်တို့ ဒေသမှာလည်း မကျေနပ်မှုတွေ တော်တော်ပြင်းထန်လာပြီ။ ဒီအတိုင်းသာဆိုရင် ကျွန်တော်တို့ အနေအထားက တော်တော်ဆိုးသွားမယ်လို့ ထင်တယ်“

ကျီးလေရွာဟာ ပလက်ဝမြို့နယ်နဲ့ မိုင် ၃၀ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၉၀ ခန့်ရှိပါတယ်။ AA အဖွဲ့ဟာ အင်အား၁၀၀ကျော်ခန့်နဲ့ ကျီးလေကျေးရွာထဲကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက အခုအချိန်ထိ ဝင်ရောက်နေထိုင်နေတယ်လို့ ပြောပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ အထိ ပြန်လည်မဖြေကြားခဲ့ပါဘူး။

ချင်းပြည်နယ်ထဲမှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေးဖို့ ချင်းတိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြတာတွေ ရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေဟာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲကြောင့် ၁၀ ယောက်နီးပါး သေဆုံးကာ ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ ချင်းတိုင်းရင်းသားများပါတီက ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ထားပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်