ချင်းပြည်နယ် မြို့နယ်သုံးခု ဖုန်းလိုင်းဖြတ်တောက်မှု လေးလကျော် ကြာမြင့်လာ

2023.04.03
ချင်းပြည်နယ် မြို့နယ်သုံးခု ဖုန်းလိုင်းဖြတ်တောက်မှု လေးလကျော် ကြာမြင့်လာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီက မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ အခုဆိုရင် အချိန်လေးလကျော်ရှိလာနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီမြို့နယ်တွေမှာ အမ်ပီတီ၊ အူရီဒူး၊ အက်တမ်၊ မိုင်တဲလ် စတဲ့ ဆက်သွယ်ရေး အော်ပရေတာ လေးခုလုံး ဖြတ်တောက်ခံထားရတာပါ။ မတူပီမြို့မှာတော့ ကြိုးဖုန်းလိုင်း တွေကိုပဲ ခွင့်ပြုထားခဲ့ပြီး ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းလောက်ကစလို့ ကြိုးဖုန်းလိုင်းတွေကိုပါ ထပ်မံပိတ်ပင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ ဖုန်းသုံးဖို့လိုတဲ့အခါ နှစ်ရက်ခရီးရှိတဲ့ အိန္ဒိယနယ်စပ်နဲ့ မကွေးတိုင်းအစပ် ဒေသတွေကို သွားရောက်ပြီး အသုံးပြုကြရတာပါ။

မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အရင်က ဖုန်းလိုင်းတွေဟာ မိလိုက်၊ မမိလိုက်ဖြစ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ လုံးဝပြတ်တောက် သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မတူပီ မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖုန်းလိုင်းပြတ်တာတော့ တော်တော်လေးကြာပြီ။ ၂၀၂၂  ဒီဇင်ဘာကတည်းက ဖုန်းလိုင်းက စပြတ်နေပြီ။ အရင်က ပြန်ပေါ်လိုက် ပြန်ပြတ်လိုက်နဲ့။ အတိအကျတော့ ပြောလို့မရဘူး။ ခဏပြတ်တယ်၊ ပြန်ပေါ်တယ်။ နောက်ပိုင်းမှ လုံးဝပြတ်သွားတာ။ အဲဒါကြောင့်မိုလို့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်းက လုံးဝပြတ်ပြီလို့ ပြောလို့ရတယ်။ ဖုန်းလိုင်းက အဲကတည်းက လုံးဝမရှိတော့တာ"

ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲပြီး ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့ မြို့နယ် ရှစ်ခုကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့ကစပြီး မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့ပါ။ အဲဒီနောက် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်သုံးခုကို ဖုန်းလိုင်းတွေပါ ဆက်လက်ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ သာရေး၊ နာရေး ကိစ္စတွေကအစ တစ်နေရာနဲ့ တစ်နေရာကို လူကိုယ်တိုင်သွားပြီး အကြောင်းကြားမှ သိရှိနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

"ကျနော်တို့က ဟိုဘက်ရွာနဲ့ ဒီဘက်ရွာတောင်မှ နေမကောင်းကြဘူးလား၊ ဘာဖြစ်သလဲ၊ မတော်တဆဖြစ်သလား၊ ဘာအကူအညီလိုအပ်သလဲ စသဖြင့်ပေါ့နော်။ မမေးမြန်းနိုင်၊ မသိနိုင်ကြဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာလေးတောင် သိဖို့ခက်ခဲတယ်ဆိုရင် တစ်မြို့နယ် လုံး အနေနဲ့ဆိုရင် အများကြီး ခက်ခဲတာပေါ့။ ဟိုဘက်ရွာလူတွေ ဘာဖြစ်နေလဲ အခြေအနေသိချင်ရင် လူကိုယ်တိုင်ပဲ ခြေလျင်နဲ့ သွားရောက်မှပဲ သိရမယ့်ပုံစံ ဖြစ်နေတာပေါ့"

ဆက်သွယ်ရေးကို အလုံးစုံဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေအတွက် သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးသွားသလို ကိုယ့်ဒေသအနီးအနားမှာ ဖြစ်ပျက်တဲ့အကြောင်းတွေ ကိုတောင် ရက်အတော်ကြာမှ သိရှိနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဟိုဘက်ရွာ ဒီဘက်ရွာလေးတောင် သိဖို့ခက်ခဲတယ်ဆိုရင် တစ်မြို့နယ်လုံးအနေနဲ့ဆိုရင် အများကြီး ခက်ခဲတာပေါ့"

တိုက်ပွဲသတင်းလိုမျိုး ဒေသခံတွေအတွက် လုံခြုံရေးနဲ့ဆိုင်တဲ့ အရေးကြီးသတင်းတွေကို အချိန်မီမသိကြရတော့ဘူးလို့ ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဖုန်းလိုင်းကလည်းဖြတ်ဆိုတော့ အခက်အခဲကြုံရင်လည်း ဥပမာ တစ်ပတ်ဝန်းကျင်မှပဲ သတင်းမီဒီယာဆီမှာ ရောက်နိုင်တာတို့ ဖြစ်တာလေ။ နောက်ပြီး ကျနော်တို့လူတွေ အချင်းချင်း ဥပမာ မိုင် ၃၀ ဝန်းကျင်မှာ ဖြစ်ပျက်တဲ့ဟာ သုံးလေးငါးရက်ကြာ လူကိုယ်တိုင်သွားမှ သတင်းပြန်ရတာမျိုးရှိတယ်။ အဲလို အချိတ်အဆက်တွေက အဆင်မပြေဘူး"

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေမှာ ဖုန်းလိုင်းဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနဲ့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။

မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့ မြို့နယ်သုံးခုမှာ လူပေါင်း တစ်သိန်းသုံးသောင်းခွဲ ဝန်းကျင် နေထိုင်ကြတာပါ။ ဖုန်းလိုင်းဖြတ်တောက်မှုဟာ အဲဒီဒေသက ပြည်သူတွေ အားလုံးရဲ့ အခြေခံလူ့အခွင့်အရေး ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံနေရတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က RFA ကိုပြောပါ တယ်။

"စစ်ကောင်စီအနေနဲ့ ဆက်သွယ်ရေးတွေကို အဓိက ဖြတ်တောက်တာပေါ့နော်။ သတင်းရယူမှုနဲ့ ပြည်သူလူထုတွေကို အမှန်တရားသိရှိနိုင်ဖို့အတွက် လုံးလုံးလျားလျား ချိုးဖောက်တာပေါ့နော်။ သတင်းရမှုက သူတို့ရဲ့ အသက်နဲ့ ပတ်သက်နေတယ်။ အခုက နေ့စဉ်တိုက်ပွဲဖြစ်ပျက်နေတဲ့အခါမှာ ပြည်သူလူထုတွေ နေ့စဉ်ဘယ်လို တွေဖြစ်နေလဲ၊ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိဖို့လိုတယ်။ သိမှပဲ သူတို့ကဘယ်လိုပုံစံမျိုးနဲ့ သူတို့ရဲ့ လုံခြုံမှုအတွက် ဆောင်ရွက်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ စီစဉ်ကြမယ်ဆိုတာက သတင်းရရှိမှ သိတယ်။ အခု သတင်းဖြတ်တောက်မှု၊ ဖုန်းလိုင်းဖြတ်တောက်မှုတွေသည် တကယ်တမ်း ဆိုရင်တော့ သူတို့ရဲ့ အသက်ရှင်ပိုင်ခွင့်၊ သူတို့ရဲ့ လုံခြုံပိုင်ခွင့်တွေကို သွယ်ဝိုက်သော် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သိသိသာသာချိုးဖောက်နေတာ ဖြစ်ပါတယ်"

ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ ပလက်ဝ၊ ထန်တလန် စတဲ့မြို့နယ်တွေမှာလည်း ဖုန်းလိုင်းပျောက်တာတွေ မကြာခဏဖြစ်နေတာအပြင် ဖုန်းဆက်သွယ်ပြောဆိုတဲ့ အခါလည်း ကြည်လင်ပြတ်သားမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကယား စတဲ့ တိုင်းနဲ့ ပြည်နယ် ငါးခုက မြို့နယ်ပေါင်း ၂၉ ခုမှာ ၂၀၂၁ ဩဂုတ်လကစလို့ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံထား ရတာနဲ့ အမြန်နှုန်းလျှော့ချခံရတာတွေ ကြုံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။