ချိပ်ပိတ်ထားတဲ့ နေအိမ်တွေကို ရောင်းချဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ )
2022.05.06
ချိပ်ပိတ်ထားတဲ့ နေအိမ်တွေကို ရောင်းချဖို့ စစ်ကောင်စီ ပြင်ဆင်နေ (ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ်ကို သံပုံးတီး ဆန္ဒပြနေသူတွေကို တွေ့ခဲ့ရစဉ်)
Photo:AFP

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းက နှစ်ဧကနီးပါး ကျယ်တဲ့ ခြံအမှတ် ၁၄ နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကာလတန်ဖိုးရဲ့ သုံးပုံတစ်ပုံ တန်ဖိုးဖြတ်ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ရောင်းချသွားမယ်လို့ ဧပြီလ ၂၁ ရက်နေ့က RFA နဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာ NUG ဘဏ္ဍာရေးဝန်ကြီးက ပြောကြားထားပါတယ်။

မေလ ၅ ရက်နေ့မှာတော့ အစုရှယ်ယာတစ်ခုကို အမေရိကန်ဒေါ်လာတစ်ရာနှုန်းနဲ့ အစုရှယ်ယာ တစ်သိန်း သတ်မှတ်ရောင်းချမယ်လို့ NUG က ထပ်မံ ကြေညာလိုက်တာပါ။

“ နိုင်ငံတော်ပိုင်အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ပြီးတဲ့အခါမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် နွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာရံပုံငွေရရှိရေးအပြင်ကို အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ စတင်ရောင်းချနေပါတယ်။ စတင်ရောင်းချတော့မယ်လို့ ကြေညာတာနဲ့ တခဲနက် ဝယ်နေတဲ့အနေအထားတွေလည်းတွေ့နေရပါတယ်။ အဲ့ဒီအထဲမှာလည်း တစ်ဦးတည်းကကို ဒေါ်လာတစ်သိန်းဖိုးဝယ်ယူသွားတဲ့သူလည်း ကျွန်တော်တို့တွေ့နေရပါတယ်။”

NUG ရဲ့စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသွားတာပါ။

NUG က အခုလို စစ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို လေလံတင်ရောင်းချဖို့ လူသိထင်ရှား ထုတ်ဖော်ပြောကြားပြီး တစ်ပတ်အကြာ ဧပြီလ ၂၇ ရက်နေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကိစ္စကို တရားရုံးကို တင်ထားကြောင်းနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ထုခွဲရောင်းချတာ၊ လေလံတင်တာတွေကို ဆောင်ရွက်မှာဖြစ်ပြီး အချိန်ကာလ အတိုင်းအတာကိုတော့ မပြောနိုင်သေးဘူးလို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA က မေလ ၅ ရက်နေ့က ထပ်မံမေးမြန်းရာမှာ ချိပ်ပိတ်ခံနေအိမ်တွေ အားလုံးနီးပါးအတွက် တရားရုံးတွေမှာ သက်သေခံတင်ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

“တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ သက်သေတင်ရမှာဖြစ်တယ်။ တရားရုံးကသက်သေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပြီးရင်တော့ လုပ်ဆောင်ရမယ့် အစီအစဉ်တွေရှိပြီး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ အများအားဖြင့်တော့ တရားရုံးတွေမှာ သက်သေခံတင်ပြီး ဖြစ်ပါတယ်။”

NUG က စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အစုရှယ်ယာအနေနဲ့ ရောင်းချတယ်ဆိုတာဟာ ပြည်သူပိုင်ပစ္စည်းကို ပြည်သူ့လက်ဝယ်ရောက်အောင်ပြုလုပ်တာဖြစ်လို့ ကြိုဆိုရမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းဆည်းပြီး ရောင်းချမယ်ဆိုတာကတော့ လက်ခံနိုင်စရာမရှိဘူးလို့ နေအိမ်ချိပ်ပိတ်ခံထားရသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ဒီလိုဆောင်ရွက်ချက်တွေဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေကို လက်စားချေ၊ လက်တုံ့ပြန်တဲ့ သဘောဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ချိပ်ပိတ်တယ်ဆိုတဲ့ဟာတွေမှာလည်း ကျွန်တော်တို့တွေ့ရတာက တရားရုံးကနေပြီးတော့ ဒီလူတစ်ယောက်က အပြစ်ရှိသွားပြီလို့ သတ်မှတ်သေးတာမဟုတ်ဘူး။ အဲ့ဒီလိုမသတ်မှတ်ခင်မှာ အိမ်တွေကို ချိပ်ပိတ်တယ်ဆိုတာက ဥပဒေနဲ့လည်းမလျော်ညီဘူး။ ပိုင်ဆိုင်တယ်ဆိုရင်ပိုင်ဆိုင်တဲ့သူရဲ့ပစ္စည်းကိုပဲ သိမ်းရတာလေ။ ပိုင်ဆိုင်တဲ့သူ မဟုတ်တဲ့သူရဲ့ ပစ္စည်းတွေကို သွားသိမ်းခွင့်မရှိဘူး။ တချို့အိမ်တွေက သူတို့အရေးယူတယ်ဆိုတဲ့သူရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး။ သူ့မိသားစုတွေ၊ ဘိုးဘွားပိုင်တွေ၊ ဒါတွေကိုလည်း သိမ်းတာတွေ့ရတယ်။ ဒါက လက်စားချေတဲ့ ပုံစံမျိုးဖြစ်နေတယ်။”

လူ့အခွင့်အရေး အမှုတွေကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချဖို့ ပြင်ဆင်တာက ဥပဒေကို အလွဲသုံးစားလုပ်တာပဲလို့ ထောက်ပြပါတယ်။

“မင်းအောင်လှိုင်ရဲ့အိမ်၊ အင်းလျားလမ်းက သူအပိုင်လုပ်ထားတဲ့ တပ်မတော် ဧည့်ဂေဟာကို ပြန်ပြီးတော့ လေလံပစ်မယ်လို့ NUG အစိုးရက ပြောတဲ့ဟာကို ကျွန်တော်ကတော့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ ကျွန်တော်တို့ကို တန်ပြန်တယ်ပဲ ပြောပြောသူတို့ဘာသာလုပ်တယ်ပဲ ပြောပြောဟာကတော့ ဘယ်လိုလုပ်ဥပဒေနဲ့ညီမလဲဗျ။ ဓားမြတွေပဲ။ တရားရုံးကို သူတို့လက်အောက်ကို သွင်းပစ်လိုက်တာကိုး။ တရားသူကြီးချုပ်က စစ်ဗိုလ်လေ။ မြန်မာပြည်မှာ တရားစီရင်ရေးပျက်သွားတာကြာပြီ။ ရိုးရိုးနိုင်ငံရေးလုပ်တဲ့ သူတွေရဲ့ ပစ္စည်းတွေကိုလိုက်သိမ်းမယ်ဆိုတဲ့ ဥစ္စာက ဥပဒေကို အလွဲသုံးစားလုပ်တာပဲ။ ”

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ တေးသံရှင် ချမ်းချမ်းက သူရဲ့သန်လျင်မြို့ကနေအိမ်ကို စစ်တပ်က ရောင်းချဖို့ပြင်ဆင်နေတာကြားသိရပြီး မတရားမှုကို ဝိုင်းဝန်းဆန့်ကျင်ပေးကြဖို့ မေလ (၁) ရက်နေ့က သူရဲ့လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ တစ်ဆင့် သတင်းစကားပါးခဲ့ပါတယ်။

နေအိမ်ချိပ်ပိတ်ခံရသူတွေဟာ တော်လှန်ရေးမှာပါဝင်တဲ့ အနုပညာရှင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်တွေ၊ NLD ပါတီဝင်တွေ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တွေ အများဆုံးဖြစ်ပါတယ်။

signal-2022-05-04-094054_001.jpeg
( ၂၀၂၂ ခုနှစ်မေလ ၃ ရက်နေ့က ကန့်ဘလူမြို့ပေါ်က နေအိမ်တစ်လုံးကို စစ်ကောင်စီက ချိတ်ပိတ်ထားတာကို တွေ့ရစဉ်။Photo: CJ)

အခုမေလ ၃ ရက်နေ့က မိဘတွေရဲ့အမည်ပေါက်နေအိမ်ချိပ်ပိတ်ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဇော်ဦးက ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်မျိုးလို့ မှတ်ချက်ချပါတယ်။

“သူတို့က စည်းမရှိ၊ ကမ်းမရှိ၊ ဗရမ်းဗတာနဲ့ မဲမဲမြင်မြင်ရာလိုက်ဆွဲနေတယ်။ ဒီဟာတွေကို လုပ်လိုက်တယ်ဆိုရင် ကျွန်တော်တို့ စိတ်ယိုင်သွားမလား။ စိတ်ဓာတ်စစ်ဆင်ရေးတစ်မျိုးလို့ မြင်တယ်။ ကျွန်တော်တို့က အဆုံးအစွန် အထိတွက်ပြီးသားဖြစ်တဲ့အတွက် သူ့ဘာသူသိမ်းသိမ်းမသိမ်းသိမ်း၊ မီးရှို့ပဲသွားသွား၊ ဒါအဆုံးအစွန်အထိ တွေးပြီးသားပေါ့နော်။”

ဒီလုပ်ရပ်ဟာ တန်ပြန်လက်စားချေတဲ့လုပ်ရပ်လို့ သုံးသပ်ပြောဆိုကြသူတွေရှိ သလို NUG က စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို မရောင်းချရင်လည်း စစ်ကောင်စီဘက်က ချိပ်ပိတ်လိုက်တဲ့ နေအိမ်တွေကို ရောင်းချတာမျိုး လုပ်ဆောင်မှာပဲလို့ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ ကာယကံရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတချို့က မှတ်ချက်ပေးပါတယ်။

“NUG ဘက်က ဒီလိုမျိုးအစီအစဉ်တွေမလုပ်ရင်လည်း သူတို့ဘက်က သိမ်းယူထားတဲ့ နေအိမ်တွေကို လုပ်မှာပဲ။ အစကတည်းက လိုချင်လို့ကို သိမ်းယူထားတာ၊ လူမကျန်တော့လို့ရှိရင် အိမ်ကိုသိမ်းမယ်။ ဆက်ပြီးလှုပ်ရှားနေကြတဲ့အတွက် ရောင်းချတယ်။ သူများကိုနေခွင့်ပေးတယ်ဆိုတာမျိုးတွေအထိ NUG ကိုတုံ့ပြန်တဲ့အနေနဲ့ ဆိုတာထက် NUG က ဒီကိစ္စတွေကို မလုပ်ခဲ့ရင်လည်း သူတို့အခုလိုမျိုးရောင်းချတဲ့ အစီအစဉ်တွေကို သေချာပေါက်လုပ်မယ်လို့တော့ ကျွန်မတော့ ထင်တယ်။”

နေအိမ်ချိပ်ပိတ်ခံထားရသူတစ်ဦးဖြစ်တဲ့ ပန်ဆယ်လို ပြောခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာပါဝင်လို့ဆိုပြီး နေအိမ်ချိပ်ပိတ်ခံလိုက်ရသူတွေရှိသလို နေအိမ်အတွင်းက ပစ္စည်းတွေအားလုံး ဖျက်ဆီးခံလိုက်ရသူတွေလည်းရှိနေပါတယ်။

“ကျွန်တော်အိမ်ကတော့ အတွင်းထဲက ပစ္စည်းတွေအကုန်ထုတ်ပြီးတော့ မီးရှို့သွားတာပေါ့။ လေးကြိမ်မြောက် ဖျက်ဆီးသွားတာပေါ့။ ဆိုင်းဘုတ်ကြီးတင်ပြီးတော့ ချိပ်ပိတ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘူးဗျ။ အိမ်ကတော့ RC ဆိုတော့ အကုန်လုံးမလောင်ဘူး။ တံခါးပေါက်တွေ၊ ဆိုဖာလိုဟာမျိုးတွေ၊ စာအုပ်စာတမ်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ ရိုက်ခွဲပြီးတော့ ဖျက်ဆီးသွားတာပေါ့နော်။”

NLD ပါတီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းပြောသွားတာပါ။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ဧပြီလကုန်ပိုင်းအထိ တစ်နိုင်ငံလုံးမှာ ချိပ်ပိတ်လိုက်တဲ့နေအိမ်နဲ့ အဆောက်အအုံပေါင်း ၅၇၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။