တရုတ်ပြည်မှာအလုပ်လုပ်ဖို့ မူဆယ်မှာ စောင့်နေသူတွေကို ပြန်လွှတ်နေ

RFA Burmese
2025.02.13
တရုတ်ပြည်မှာအလုပ်လုပ်ဖို့ မူဆယ်မှာ စောင့်နေသူတွေကို ပြန်လွှတ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တရုတ်နိုင်ငံမှာအလုပ်ရဖို့ ပွဲစားတွေရဲ့ အာမခံချက်နဲ့ မူဆယ်မြို့မှာလနဲ့ချီစောင့်နေတဲ့ လူငယ် လေးထောင်ဝန်းကျင်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ပွဲစားတွေကပြန်လွှတ်နေပြီလို့ ကိုယ်တိုင်ကြုံနေရသူတွေက RFA ကို ပြောပါတယ်။

"တရုတ်မဝင်ရတော့ အိမ်လည်းပြန်လို့မရ၊ လမ်းစရိတ်ကလည်း မရှိဘူး"

တရုတ်ကမခေါ်တဲ့အတွက် မူဆယ်မှာသောင်တင်နေတာ ငါးလကျော် ခြောက်လရှိလာပြီး အခုတော့ ပွဲစားတွေက မပို့နိုင်တော့တဲ့အတွက် ပြန်လွှတ်နေတာလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့မှာ အိမ်ပြန်ဖို့ လမ်းစရိတ်ရော၊ ထမင်းဖိုးပါခက်ခဲနေတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

“နေစရာလည်း မပေးတော့ဘူး။ စားစရာလည်း မရှိတော့ဘူး။ ပိုက်ဆံလည်း မရှိ၊ အလုပ်ကလည်း မရှိ။ တရုတ်မဝင်ရတော့ အိမ်လည်းပြန်လို့မရ၊ လမ်းစရိတ်ကလည်း မရှိဘူး။ ထမင်းကလည်း မနေ့က မစားရဘူး။ ဒီနေ့ဆို နှစ်ရက်ရှိသွားပြီ။ ငါးရက်ကို ထမင်းတစ်နပ်ပဲ စားရတာ။ အကြွေးတွေကလည်း နစ်နေပြီးဆိုတော့ ရရာအလုပ်လုပ်ပြီး ဆပ်မှပဲရတော့မယ်။ ဒီတိုင်းပြန်သွားရင် ဘယ်သူက လက်သင့်ခံနိုင်မလဲ။ အိမ်ကလည်း မထောက်ပံ့နိုင်တော့ဘူးလေ”

ယူနန်ပြည်နယ်မှာ တရားဝင်အလုပ်လုပ်ဖို့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံနားလည်မှုစာချုပ် (MoU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ အလုပ်သွားလုပ်တဲ့သူတွေ များခဲ့ပါတယ်။ ဒါကြောင့် သူကလည်း တရုတ်ပြည်မှာ အလုပ်ရဖို့ မူဆယ်ရောက်နေတာ အခုဆို ၆ လကျော်လာပြီလို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

တရုတ်မှာ အလုပ်သွားလုပ်မဲ့ မြန်မာ ငါးထောင်ကျော် မူဆယ်မှာ ပိတ်မိနေ

ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ တရုတ်ပြည်သွားဖို့မျှော်လင့်နေတဲ့ မြန်မာလူငယ်များ

တရုတ်-မြန်မာနယ်စပ်မှာ စစ်မှုထမ်းအကျုံးဝင်သူတွေ ဝင်ထွက်ခွင့် ကန့်သတ်ခံရ


အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တွေ တရုတ်ကိုဝင်နိုင်ဖို့အတွက် တရုတ်စက်ရုံတာဝန်ရှိသူတွေက မူဆယ်အထိ လာခေါ်ရပါတယ်။ ဒါကြောင့် သူတို့ကို လာခေါ်မဲ့ အလုပ်ရှင်မရှိခင်မှာ မူဆယ် ကားကြီးကွင်းက ဂိုဒေါင်တွေမှာစုထားပြီး တစ်ရက်ကို ထမင်းဖိုး ကျပ် ၁၈,၀၀၀ နှုန်းသတ်မှတ်ထားပါတယ်။ အဲဒီအကြွေးတွေကို တရုတ်ရောက်ပြီး အလုပ်လုပ်ရင်းပြန်ဆပ်ရမှာပါ။

အခုတော့ ပွဲစားတွေက အဲဒီထမင်းစားရိတ် အကြွေးတွေကိုလည်း ပေးစရာမလိုတော့ဘူးလို့ပြောပြီး ပြန်လွှတ်နေတာဖြစ်ပါတယ်။ အဲဒီမှာလနဲ့ချီပြီး သောင်တင်နေတဲ့သူတွေကို ပြန်ချင်တာတောင် ပြန်ခွင့်မပေးတဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။

အခုတော့ အဲဒီလူငယ်တွေကို အကြွေးမတောင်းတော့ဘဲ ပြန်လွှတ်နေတာပါ။ ပြန်ခွင့်ရလာတာတောင်မှ ပြန်ဖို့လမ်းစရိတ်မရှိတဲ့အထိ ဖြစ်နေတာလို့ လူငယ်တစ်ဦးက ပြောပါတယ်။

“အခုတော့ မပို့နိုင်တော့လို့ အဆာင်ကနေ ကန်ချလိုက်ပြီ ကျွန်နော်တို့ကို။ အလုပ်ကလည်း ရှားနေတော့ အလုပ်ကလည်း တော်ရုံတန်ရုံနဲ့မရဘူး အခုရတဲ့အလုပ်တွေ လိုက်စုံစမ်းပြီးတော့ ပြန်လို့ရရင်လည်း ပြန်မှာပေါ့။ ဝင်လို့ရရင်လည်း ဝင်မှာပေါ့။ ကျွန်တော်တို့က ဒီမှာဒီတိုင်း နေနေရတာကို။ ဒီမှာဆိုလည်း ဒုက္ခရောက်တဲ့သူတွေက အများကြီးလေ”

အစပိုင်းမှာ သူတို့လို သောင်တင်နေတဲ့သူ ငါးထောင်လောက်ရှိရာကနေ အခုတော့ နေရပ်ပြန်သွားတဲ့သူ တချို့ရှိလာတဲ့အတွက် အယောက် လေးထောင်ဝန်းကျင်လောက် ကျန်နိုင်တယ်လို့ ပြောကြပါတယ်။

ဒီလိုဖြစ်နေတာဟာ ပွဲစားအတုတွေကြောင့်လို့ တရုတ်ကို အလုပ်သမားပို့တဲ့ အေဂျင်စီတစ်ခုက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သွားလို့မရတာ မဟုတ်ပါဘူး။ သူတို့ အေးဂျင့်တွေ မထည့်ပေးနိုင်တာပါ။ အေးဂျင့် အတုတွေ၊ ပွဲစားတွေလေ။ အောက်ပြည်ကလူတွေ ခေါ်စုပြီးမှ ထည့်လည်းမထည့်ပေးနိုင်ဘူး ပွဲစားတွေလေ။ မှန်ကန်တဲ့ အေးဂျင့်နဲ့ပဲရမယ်။ မမှန်ကန်တဲ့ ပွဲစားတွေကခေါ်စုပြီး အေးဂျင့်တွေမှာတစ်ဆင့် ပြန်ရောင်းတာ။ အဲလိုမျိုးလူတွေ အဲမျိုးဆို ဒုက္ခရောက်တာလေ ကလေးတွေ။ တချို့တွေက ကလေးကိုမကြည့်ဘဲ ပိုက်ဆံပဲ ကြည့်ပြီးမှ သူများကို မတရားကိုလုပ်တာ။ အခု မူဆယ်မှာ အများကြီးရှိတယ် အဲလိုမျိုး ပွဲစားတွေ”

စက်မချုပ်တတ်တဲ့သူတွေကို ချုပ်တတ်တယ်လို့ လိမ်ညာပြီး အလုပ်သွင်းတာတွေရှိတဲ့အတွက် တရုတ် အလုပ်ရှင်တွေက ပိုပြီးစစ်ဆေးလာတာလို့လည်း ပြောပါတယ်။

လူငယ်တွေရင်ဆိုင်ရတဲ့ နောက်ပြဿနာတစ်ခုကလည်း စစ်မှုထမ်းကောက်နေတဲ့ကိစ္စပါ။ အိမ်ပြန်ရင်စစ်ထဲ အပို့ခံရမှာမို့လို့ ပြန်မလာဖို့ မိဘတွေကပြောတယ်လို့ လူငယ်တစ်ဦးက ပြောပြပါတယ်။

“အိမ်လည်း မပြန်ရဲဘူး။ အိမ်ကိုပြန်လာမယ်ဆို မိဘတွေက မလာနဲ့တဲ့။ ပြန်လာလို့ မရဘူးတဲ့။ ဟိုနေ့က မန္တလေးသွားတာ လမ်းမှာဖြတ်ဆွဲလို့ ပါသွားတယ်တဲ့။ အဲဒါကြောင့် ပြန်မလာနဲ့တဲ့”

ဒီအတောအတွင်းမှာပဲ တရုတ်ကို အလုပ်သွားလုပ်နေတဲ့သူတွေ စစ်မှုထမ်းရမဲ့ အမည်စာရင်းထဲပါလာရင် မြန်မာအေဂျင်စီတွေက ပြန်ခေါ်ပြီး စစ်မှုထမ်းဖို့နေရာအထိ ပို့ဆောင်ပေးရမယ်ဆိုတဲ့ကိစ္စ တရုတ် အဏာပိုင်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်လို့လည်း သတင်းထွက်နေပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီ ကားကြီးဝင်းတစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (Screenshot: Citizen Video)
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီ ကားကြီးဝင်းတစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (Screenshot: Citizen Video)

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး တရုတ်ဘက်က ဆင့်ခေါ်စာရလို့ တရုတ်ဘက်ဝင်မဲ့သူတွေကိုလည်း စစ်မှုထမ်းအကျုံးဝင်တဲ့ အသက် ၃၅ နဲ့အောက် အမျိုးသားတွေနဲ့ အသက် ၂၇ နှစ်နဲ့အောက် အမျိုးသမီးတွေဆိုရင် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ မကျသေးကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေရဲ့ ထောက်ခံစာပါမှပဲ စစ်ကောင်စီက ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP) လက်မှတ် ထုတ်ပေးတော့တယ်လို့ မူဆယ်မှာ ရောက်နေသူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဖေဖော်ဝါရီ ၃ ရက်နေ့က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီသတင်းလွှင့်တဲ့နေ့အထိ အကြောင်းပြန်စာ မရသေးပါဘူး။

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်ကို နှစ်နိုင်ငံအာဏာပိုင်တွေ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ သိန်းနဲ့ချီရှိနိုင်တယ်လို့ အလုပ်သမားတွေနဲ့ ကူညီနေသူတွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။