ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကစလို့ ကမ္ဘာမှာရော အာရှတိုက်မှာပါ မြန်မာနိုင်ငံလောက် ဘယ်နိုင်ငံမှ စစ်တပ်အုပ်ချုပ်တဲ့ ကာလမရှည်ကြာပါဘူး။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း မကြာခဏ စစ်အာဏာသိမ်းပါတယ်။
ဒီလို တခြားနိုင်ငံတွေမှာ စစ်အာဏာသိမ်းတာနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းပုံ မတူညီတာကို နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က သုံးသပ်ပြပါတယ်။
တခြားနိုင်ငံတွေက ရေတိုပဲဖြစ်ပြီး ဗမာပြည်မှာ ဗိုလ်ချုပ်နေဝင်းကစလို့ စစ်ဗိုလ်ချုပ်တွေက စစ်ဗျူရိုကရေစီယန္တရားကို သေသေချာချာတည်ဆောက်ပြီး စစ်တပ်ကို သီးသန့်လူတန်းစား တရပ်အဖြစ် ဖန်တီးတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ပုံက ပုံစံနှစ်မျိုးရှိပါတယ်။ မြန်မာတွေ ဆိုစကားနဲ့ဆိုရင် ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ် လူဝတ်လဲတာပဲ ကွာပြီး စစ်တပ်သက်သက်နဲ့ တပ်ထွက်နဲ့ စစ်တပ်ကျောထောက်နောက်ခံ လူတွေပဲ နိုင်ငံကို တလျှောက်လုံးလိုလို အုပ်ချုပ်လာတာပါ။

၁၉၆၂ ကနေ ၁၉၇၄ ထိနဲ့ ၁၉၈၈ ကနေ ၂၀၁၀ ထိ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တဲ့ ပုံစံနဲ့ ၁၉၇၄ ကနေ ၁၉၈၈ ထိနဲ့ ၂၀၁၀ က ၂၀၁၅ မှာ စစ်ခေါင်းဆောင်တွေက အရပ်ဝတ်ပြောင်း အုပ်ချုပ်တဲ့ စစ်တပ်တပိုင်း အရပ်သားတပိုင်းအုပ်ချုပ်တဲ့ ပုံစံနှစ်မျိုးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် Stimson စစ်ဘက်ရေးရာ သုတေသနဌာနက ဆန်းစစ်ပြပါတယ်။
၁၉၅၈ ကနေ ၁၉၆၀ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရကို ဖော်ပြမထားပေမယ့် အိမ်စောင့်အစိုးရ ကာလက တိုတောင်းလည်း အာဏာအရသာကို စစ်တပ်က သိသွားတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ အရသာဘယ်လိုတွေ့သွားသလဲဆို တတိုင်းပြည်လုံးကို ဘိုးဘွားအမွေ ယူလို့ရတယ်ဆိုသလိုမျိုး အာဏာကို မက်မောသွားတယ်လို့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်တပ်က အာဏာကို စတင်မြည်းစမ်း အရသာတွေ့သွားတဲ့ အိမ်စောင့်အစိုးရလက်ထက်ကို ထည့်မတွက်ပါဘူး။
စစ်အာဏာသိမ်းတာ မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် အာဏာထိန်းတာပါလို့ စစ်ကောင်စီက ဆင်ခြေပေးပါတယ်။ တောင်သူလယ်သမား အကျိုးဆောင်သူ မြန်မာ့အရေးလေ့လာနေတဲ့ ဦးဇော်ရမ်းကတော့ အာဏာသိမ်းချင်လို့ တမင်သိမ်းတာလို့ပြောပါတယ်။
၁၉၆၂ စစ်အာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီနဲ့ ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းပြီး တက်လာတဲ့ စစ်အစိုးရနဲ့ လုပ်နည်း တူနေပြန်ပါတယ်။

န-ဝ-တ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီကနေ န-အ-ဖ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံံ့ဖြိုးရေးကောင်စီလို့ နာမည်ပြောင်းတဲ့ စစ်အစိုးရဟာ တော်လှန်ရေးကောင်စီလုပ်ခဲ့တဲ့ အတိုင်း de facto government အုပ်ချုပ်သူလို့ မိမိကိုယ်မိမိ ကြေညာတဲ့ အာဏာလက်ကိုင် အစိုးရအဖြစ်က de jury government အာဏာလက်ခံ အစိုးရဖြစ်အောင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်အောင် လုပ်ပါတယ်။ အခြေခံဥပဒေကို ပထမရေးဆွဲ၊ ဒုတိယအဆင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၊ တတိယအဆင့် ရွေးကောက်ပွဲကျင်းပပြီး လူထုကတင်မြှောက်တဲ့ တရားဝင်အစိုးရ တနည်းပြောရရင် အာဏာလက်ခံအစိုးရအဖြစ် ကြေညာပါတယ်။
၁၉၆၂ စစ်အာဏာသိမ်းချိန်မှာ ၁၉၄၇ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ၁၉၇၄ အခြေခံဥပဒေကို အတည်ပြုပါတယ်။ စစ်တပ်ကပဲ ရေးဆွဲတဲ့ ၁၉၇၄ အခြေခံဥပဒေကို ၁၉၈၈ မှာ ဖျက်သိမ်းပြီး စစ်တပ် စိတ်ကြိုက်ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အာဏာလက်ခံအစိုးရ အသွင်ပြောင်းပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့အခါ ဖွဲ့စည်းပုံကို မဖျက်သိမ်းဘဲ ဒီထဲက ပုဒ်မတွေကိုးကားပြီး အာဏာထိန်းတယ်လို့ ပြောပေမဲ့ အာဏာသိမ်းချင်လို့ သိမ်းတာပဲဖြစ်ပါတယ်။ de jury government အာဏာလက်ခံ အစိုးရပုံသဏ္ဍာန်ဖမ်းပြီး အာဏာထိန်းတယ်ပြောပေမယ့် အာဏာသိမ်းလိုက်တဲ့အခါ သူအုပ်ချုပ်တာကို လက်မခံဘူးဆိုတာ တနိုင်ငံလုံးက လက်မခံဘူးဆိုတာ ပုံစံမျိုးစံနဲ့ ပြသနေပါတယ်။

၂၀၁၆ က ၂၀၂၁ နှစ်ဦးပိုင်းထိကလွဲလို့ ၁၉၆၂ ကတည်းက ခု ၂၀၂၁ ထိ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တာနဲ့ သွယ်ဝိုက်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုလောက် လူထုပေါ် မညှာမတာ အငြိုးတကြီး လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ပြုမူဆက်ဆံတာမျိုး မကြုံဖူးသလို လူထုကလည်း ဘယ်စစ်အာဏာသိမ်းကာလကနဲ့မှ မတူဘဲ အသေခံ ဘဝပျက်ခံပြီး အဆမတန်အင်အားကြီးတဲ့ စစ်တပ်ကို ရတဲ့နည်းနဲ့ အာခံတော်လှန်နေတာတွေကိုလည်း အထင်အရှား မြင်တွေ့ကြားသိ နေရပါတယ်။