ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအပေါ် အားမလို အားမရဖြစ်သူတွေရှိနေ

ဝေမာထွန်း
2020-06-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်ပြောင်းလဲလာတာ ၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်လာပြီ ဖြစ်ပေမယ့် ခက်ခက်ခဲခဲ ညှိနှိုင်းအဖြေရှာဖို့မလိုတဲ့ ပညာရေးကဏ္ဍမှာ ရှေ့မရောက်ဘဲဖြစ်နေတာမို့ အစိုးရရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် အားမလိုအားမရမှုတွေ ရှိနေကြပါတယ်။

လာမယ့် အစိုးရသစ်လက်ထက်မှာ ပညာရေးကဏ္ဍ တိုးတက်ဖို့ ပြင်ဆင်ပြောင်းလဲသင့်တဲ့ အချက်တွေရှိတယ်လို့ လေ့လာသူတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက အကြံပြုကြပါတယ်။

နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီနိုင်ငံမှာရှိတဲ့ လူစွမ်းအား အရင်းအမြစ်တွေ ပညာတတ်တွေ ဖြစ်ဖို့လိုပြီး ဒီလိုအရေးကြီးတဲ့ ပညာရေးကဏ္ဍမှာ အစိုးရက ပြည့်စုံလုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ စီမံခန့်ခွဲမှုကောင်းတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ ပညာရေး အသိုင်းအဝိုင်းက အကြံပြုကြပါတယ်။

ပြီးခဲ့တဲ့ အစိုးရနဲ့ လက်ရှိအစိုးရနှစ်ရပ်လုံးမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့ အပြောင်းအလဲကောင်းတွေ မရှိဘဲ အချိန်ကုန်ခဲ့တာကြောင့် လာမယ့် အစိုးရသစ်လက်ထက်မှာ ပညာရေးကဏ္ဍအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ စတင်သင့်ပြီလို့ အိုးဝေစာကြည့်တိုက်နဲ့ ပညာဒါနကျောင်း တည်ထောင်သူ ကိုမင်းသွေးသစ်က ပြောပါတယ်။

“ဦးသိန်းစိန် အစိုးရလက်ထက်ရော၊ NLD အစိုးရလက်ထက်ရော ပညာရေးကဏ္ဍမှာ သိသိသာသာ ပြုပြင် ပြောင်းလဲမှု မရှိဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်ကတော့ ပညာရေးဟာ နဂိုစစ်အစိုးရ လက်ထက်က စပြောင်းလာတာဖြစ်လို့ လုံးဝကို လှည့်မကြည့်ဘဲ ပစ်ထားခံရတဲ့ သဘောမျိုး ကြုံရတယ်။ NLD အစိုးရ လက်ထက်မှာတော့ လူအများမြင်သာတဲ့ အပေါ်ယံ ပြုပြင်ပြောင်းလဲမှုလောက်ပဲ လုပ်တယ်။ ဒီနှစ်ခုလုံးမှာတော့ အတူတူပါပဲ။ အပေါ်ယံပြောင်းတာနဲ့ လုံးဝမပြောင်းတာ နည်းနည်းလေးပဲကွာတယ်။ နောက်လာမယ့် အစိုးရအတွက်ကို ကျွန်တော်တို့ ကြိုပြီးတော့ ပြောထားချင်တာက ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် တကယ့် အပေါ်ယံကို မဟုတ်ဘဲ  အတွင်းအနှစ်သာရပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲစေချင်တယ်”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၀ ကစလို့ လက်ရှိအချိန်အထိ ၁၀ စုနှစ်နီးပါး ကာလတစ်ခုအတွင်း ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့ရာမှာ လူအများ မြင်စေတဲ့ အခြေခံ ပညာအဆင့်က သင်ရိုးညွန်းတန်းတချို့ ပြောင်းလဲခဲ့တာနဲ့ ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်ကစလို့ ပညာရေးကဏ္ဍအတွက် အသုံးစာရိတ်ကို အရင်ကထက် အနည်းငယ်တိုးမြှင့်ပေးခဲ့တာသာရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အစိုးရက ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲလာခဲ့တယ်လို့ ဆိုပေမယ့် ကာကွယ်ရေး အသုံးစရိတ်နဲ့ယှဉ်ရင် ပမာဏကွာခြားလွန်းနေတာမို့ နှစ်စဉ်ဘဏ္ဍာငွေ ချထားချိန်ရောက်တိုင်း ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာထက် ပညာရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်တာကို အစိုးရက ဦးစားပေးလုပ်သင့်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“ကိုယ့်နိုင်ငံသားတွေ ပညာတက်အောင်၊ ကိုယ့်နိုင်ငံသားတွေ ကျန်းမာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် ကျွန်တော်တို့ အစိုးရက မူဝါဒကောင်းကောင်းနဲ့ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရမယ်။ ရန်ကုန်မြို့သစ် စီမံကိန်းလိုဟာမျိုး နောက်မှလုပ် မိုးပျံရထားနောက်မှလုပ် ကျောင်းကောင်းကောင်း ဆောက်ပေးပါ။ ကလေးတွေရဲ့ ပညာရေးစနစ်တွေ ကောင်းအောင် ပြုပြင်ပြောင်းလဲပေးပါ။ ကလေးတွေကို စာသင်မယ့် ဆရာ၊ ဆရာမတွေကို တတ်အောင်လုပ်ပေးပါ။ ဆရာ၊ ဆရာမတွေ သင်ချင်စိတ်ရှိအောင် သူတို့ဘဝ အနာဂတ်တွေကို တာဝန်ယူပေးပါ”

လူတိုင်းစာတတ်မြောက်ရေးအတွက် အခြေခံပညာအဆင့် ကျောင်းသူ၊ ကျောင်းသားတိုင်းကို အစိုးရက ကျောင်းလခ ကင်းလွတ်ခွင့်နဲ့ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းနဲ့ သင်ထောက်ကူပစ္စည်း ထောက်ပံ့မှုတွေ ပေးဖို့လိုအပ်သလို တက္ကသိုလ်အဆင့်မှာတော့ နိုင်ငံတကာ အဆင့်မီပညာရပ်တွေ သင်ကြားနိုင်ဖို့ အစိုးရရဲ့ စိုက်ထုတ်သုံးစွဲငွေကိုသာ အားကိုးနေလို့မရဘဲ ကျောင်းလခတွေ သင့်တင့်တဲ့နှုန်းထား တိုးမြှင့်ကောက်ခံပြီး နိုင်ငံတကာအဆင့်မီ ဆရာ၊ ဆရာမတွေ ငှားရမ်းသင်ကြားရေး ဆောင်ရွက်ဖို့သင့်တယ်လို့ လေ့လာသူတွေက အကြံပြုပါတယ်။

နိုင်ငံတကာအဆင့်မီ ပညာရေးကို မျှော်လင့်တယ်ဆိုရင် နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့တဲ့ မြန်မာ့ပညာရေးအတွက် လက်ရှိ ဆရာ၊ ဆရာမတွေကို ထိရောက်တဲ့ မွမ်းမံသင်တန်းတွေ ဦးစွာပို့ချဖို့က လိုအပ်နေတယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဒီလိုပြောသူတွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်လည်း ပါဝင်ပါတယ်။

“ကျွန်တော်တို့တွေ ကျောင်းသားဘဝတုန်းက စစ်အစိုးရ လက်ထက်က။ တကယ်တမ်းကျတော့ သတ်မှတ်ထားတဲ့ဟာတွေ ပြည့်မီအောင် မတက်ခဲ့ရဘူး။ တခြားသော ကျောင်းသားများထက်စာရင်တော့ စာလေးနည်းနည်းပါးပါး ပိုလုပ်တဲ့သူတွေဆိုတော့ ဆရာသတ်မှတ်ချက် အရည်အချင်းတွေနဲ့ ပြည့်လာပြီး ဆရာဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဝန်ခံရရင် ကျွန်တော်တို့ ကိုယ်တိုင်က ဒီစာတွေ အပေါ်မှာ တကယ်လုံလောက်အောင် ပြည့်ဝစွာ နားလည်ခဲ့တာတွေ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ဆရာတွေ ဖြစ်နေတယ်။ ဒီစနစ်ဆိုးထဲကနေ ထွက်လာတဲ့ သူတွေဖြစ်နေတယ်။ အဲတော့ ဒီလူတွေအများစုကို သင်တန်းတွေပေးဖို့ သေချာပေါက်ကိုလိုတယ်”

နိုင်ငံတကာအဆင့်မီပညာရေးအတွက် အစိုးရက ငွေကြေးစိုက်ထုတ်ပြီး နိုင်ငံတကာကို ထူးချွန်ကျောင်းသားတွေကို ပညာတော်သင်စေလွှတ်ဖို့ လိုအပ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ အစိုးရက ငွေကြေးစိုက်ထုတ်ပြီး ပညာတော်သင် စေလွှတ်တာထက် နိုင်ငံတကာက ဖွံ့ဖြိုးဆဲနိုင်ငံမို့ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတချို့ကို အချိုးကျ အရေအတွက်နဲ့ ခေါ်တာသာရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ကို အင်္ဂလန်၊ သြစတြေးလျ၊ တရုတ်၊ ဂျာမနီ၊ ထိုင်းနဲ့ အမေရိကန် နိုင်ငံတွေကို ပညာတော်သင် စေလွှတ်ထားတာ တွေ့ရပါတယ်။

ပညာတော်သင်တွေကို များများစေလွှတ်ပြီး ပြန်အသုံးပြုနိုင်မယ်ဆိုရင် နိုင်ငံအတွက်အကျိုးရှိမှာ အသေအချာပဲလို့  ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မှတ်ချက်ပြုပါတယ်။

“စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့ နိုင်ငံတွေ ကျွန်တော်တို့နဲ့ နီးနီးနားနားကြည့်လိုက်ရင် တရုတ်တို့ ဗီယမ်နမ်တို့ ကြည့်လိုက်ရင် သူတို့နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေကို ပညာတော်သင်အဖြစ်နဲ့ရော၊ သူတို့ ဘာသာ တက်နိုင်တဲ့သူတွေအဖြစ်နဲ့ရော လွယ်လွယ်ကူကူ သွားနိုင်အောင်လုပ်ပြီး ပညာတော်သင်တွေရဲ့ အတွေ့အကြုံတွေ ယူလုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ ၂၀၁၄-၂၀၁၅ မှာတုန်းကလည်း သမ္မတ ပညာတော်သင်ဆု ဆိုပြီးလုပ်ခဲ့တယ်။ အစိုးရသစ် ပြောင်းသွားတော့ အဲဒီအစီအစဉ်က ရပ်သွားတယ်။ အရင်တုန်းက ရွေးထားခဲ့တဲ့ သူတွေတောင်မှ ဆက်ပြီးတော့မှ သွားလို့မရဘူး။ ဘယ်လိုများ ပြန်ဆက်လုပ်မလဲ ကျွန်တော်တို့ ကြည့်ရမှာ ပေါ့။ ပညာတော်သင်တွေ များများလွှတ်တာကတော့ နိုင်ငံအတွက် ပိုပြီးတော့ အကျိုးရှိတာတော့ အမှန်ပဲ”

မြန်မာ့ပညာရေးလောကမှာ နိုင်ငံတကာ ပညာရေးနဲ့ ထိတွေ့လာသူတွေကို ပြည်တွင်းမှာ ပြန်အသုံးချမှုမှာ အားနည်းနေပြီး ပညာတော်သင်သွားရောက်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို စနစ်ဟောင်းထဲမှာ ပြန်ထည့်ပြီး အသုံးပြုတဲ့အခါ ထိရောက်မှု အားနည်းတာတွေရှိတယ်လို့ ထောက်ပြကြတာတွေလည်း ရှိနေပါတယ်။

ဒီလိုအပ်တဲ့ ပြောင်းလဲရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ပညာရေးကဏ္ဍမှာ နိုင်ငံရေး အမြင်ရှိတဲ့ ဦးဆောင်သူ လိုအပ်တာကြောင့် လာမယ့် အစိုးရသစ်လက်ထက်မှာ ပညာရေးအသိုင်းအဝိုင်းက ဝန်ကြီး ဖြစ်လာမယ့်သူထက် နိုင်ငံရေးအမြင်ရှိသူက ပညာရေးဝန်ကြီးဖြစ်လာဖို့ မျှော်လင့်သူတွေလည်း ရှိနေကြောင်း တင်ပြလိုက်ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့