မြန်မာ့နယ်မြေ ထက်ဝက်ကျော်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နေ
2023.12.28
မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်းထက်ဝက်ကျော်မှာ မိုင်းအန္တရာယ်ကျရောက်နေပြီး ဒါဟာ အရပ်သားတွေ မလုံခြုံမှုကို ဖော်ပြနေတယ်လို့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor)က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်း အန္တရာယ်ကြုံနေရတာဖြစ်ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကထက် ၆၈ မြို့နယ် ထပ်တိုးလာတာလို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာမှာ လူသတ်မြေမြှုပ်မိုင်း အသုံးပြုတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်အဖြစ် ရပ်တည်နေခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ရုရှားနိုင်ငံပါ ပါဝင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေ သော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ က သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် ( Yeshua Moser-Puangsuwan) က ဒီနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သူ့ရဲ့ စစ်တပ်ကနေပြီးတော့ လူသတ်မြေမြှုပ်မိုင်းတွေ အသုံးပြုတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ယခင်နှစ်တွေကဆိုရင် မြန်မာစစ်တပ် ဟာ လူသတ်မြေမြှုပ်မိုင်းတွေ အသုံးပြုတဲ့ တစ်ခုတည်းသော စစ်တပ်ဖြစ်ခဲ့တယ်။ ဒီဘက်နောက်ပိုင်း နှစ်တွေမှာတော့ ရှရှားနိုင်ငံကပါ ပါဝင်ပြီးတော့ လူသတ်မြေမြှုပ် မိုင်းတွေကို အသုံးပြုလာတာ တွေ့ရပါတယ်”
စစ်ကောင်စီတပ်တွေအနေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ အများပိုင် အဆောက်အအုံတွေအပြင် မိုဘိုင်းဖုန်းတာဝါတိုင်တွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ အနီးမှာ မြေမြှုပ်မိုင်းတွေ ထောင်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
မြေမြှုပ်မိုင်းတွေကို စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အသုံးပြုမှု ရှိနေပြီး စစ်တပ်က သူတို့ အသုံးပြုမှုကို ထုတ်ဖော်ပြော ဖူးသလို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေကလည်း အထောက်အထားတွေ သိမ်းဆည်းရမိတာရှိတယ်လို့ Landmine & Cluster Munition Monitor အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက သိမ်းဆည်းရမိတဲ့ မိုင်းတွေထဲမှာ နိုင်ငံပိုင် မြန်မာ့ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ) က ထုတ်တဲ့ လူသတ် မြေမြှုပ်မိုင်းတွေဖြစ်တဲ့ MM1၊ MM2 ၊ MM3၊ MM5 နဲ့ MM6 တို့ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က မဒိန်ရွာဘေးမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲတာ ကြောင့် ၁၂ နှစ်အရွယ် မောင်လွမ်းခမ် ဆိုတဲ့ ယောက်ျားလေး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ စစ်ကောင်စီတပ် ခလရ (၅၈) တပ်ရင်းအနီးအနီးမှာ ဖြစ်ပွားခဲ့တာလို့ မဒိန်ရွာက လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။
"ညနေပိုင်းမှာ နွားသွားမောင်းရင်းနဲ့ ကဝါးခချောင်းနားမှာ မိုင်းနင်းမိတာဟုတ်တယ်။ နွားက မိုင်းနင်းမိတော့ သူ့ကိုထိတာ ဟုတ်တယ်။ မိုင်းအစတွေ ခြေထောက်တွေမှာ အများကြီး ထိတယ်လို့ ပြောတယ်။ ဘယ်မျက်လုံး ထိလို့ ခွဲရတယ် ပြောတယ်။ တပ်ရဲ့ အနောက်ဘက် ကဝါးခချောင်းအနားမှာ မိုင်းနင်းမိတာ ဟုတ်တယ်"
ဒဏ်ရာရထားတဲ့ မောင်လွမ်းခမ် ကိုတော့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေတယ်လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ မြေမြှုပ်မိုင်းအန္တရာယ်တွေကို ပိုရင်ဆိုင်လာရ တာကြောင့် ဒေသခံတွေအနေနဲ့ တောင်ယာတွေကို သွားကြဖို့တောင် စိုးရိမ်နေကြရတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ က ပြောပါတယ်။
“ကျွန်တော်တို့ ချင်းမှာက ရွာတိုင်းရွာတိုင်းက တောင်ယာကို အားကိုးပြီး နေနေရ တာဖြစ်တယ်။ ဆိုတော့ Landmine သွားထောင်တာမျိုး၊ ပြည်သူတွေ တောင်ယာသွား လမ်း၊ ဘေးဘယ်ညာတွေကို Landmine သွားထောင်တဲ့အခါကျတော့ ပြည်သူတွေအနေ နဲ့ အခုချိန်မှာ တောင်ယာသွားချင်တာတောင်မှ စွန့်စားရာကျတဲ့ ပုံစံမျိုး ဖြစ်နေတယ်”
အာဏာမသိမ်းခင် ကာလတွေမှာဆိုရင် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးတာမျိုး မရှိခဲ့သလို မြေမြှုပ်မိုင်းအန္တရာယ်လည်း စိုးရိမ်စရာ အခြေအနေ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ မြေမြှုပ် မိုင်းကြောင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အခုနှစ် စက်တင်ဘာလအတွင်းမှာ ထုတ်ပြန် ထားပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သူ့ရဲ့ စစ်တပ်ကနေပြီးတော့ လူသတ်မြေမြှုပ်မိုင်းတွေ အသုံးပြုတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်"
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ ကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း မှာလည်း မိုင်းကြောင့် အရပ်သား ထိခိုက်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ရွာက အသက် ၆၃ နှစ် အရွယ် အမျိုးသား တစ်ဦး ဝါးခုတ်သွားရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ ရပါတယ်။ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အမျိုးသားတစ်ဦး တောထဲမှာ ပျားရည်သွားရှာရင်း မိုင်းနင်းမိတာကြောင့် ခြေထောက် တစ်ဖက် ဆုံးရှုံးပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲမြို့ တွေမှာ ဒီဇင်ဘာလ အတွင်းမှာပဲ မိုင်းပေါက်ကွဲလို့ အရပ်သား ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နဲ့ ၁၀ မိုင် ဝန်းကျင်သာဝေးတဲ့ လားရှိုးမြို့နယ် အီနိုင်း ရွာမှာ ဆိုရင်လည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေတာ တစ်လနီးပါးရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကျေးရွာ အနီးမှာ စစ်ကောင်စီဘက်က မိုင်းတွေ ထောင်ထားလို့ ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေရပြီး အခက်အခဲတွေလည်း ရှိနေတယ်လို့ အီနိုင်းရွာသူ M နူးနူးက ပြောပါတယ်။
“မိုင်းထောင်ထားတယ်ဆိုတာလည်း ရွာကလူတော့ သိတယ်။ အဲဒါကြောင့်မို့လို့ တောထဲ လုံး၀မသွားဘူး။ ခွေးတွေ ဘာညာတွေတော့ ဒီမိုင်းထောင်ထားတဲ့ဟာကို သွားနင်းမိ ပြီးတော့မှ မိုင်းပေါက်တာတွေတော့ ရှိတယ်။ ကျွန်မတို့ရွာက နိုင်ငံရေးကောင်းတဲ့အချိန် တောထဲဝင်ပြီးမှ ဖက်သွားခူးတာတွေ၊ ပြောင်းဖူးခြံသွားတာတွေ၊ ထင်သွားခွေတာတွေက တောထဲမှာပဲသွားတာဆိုတော့ အခုက ဒါတွေတစ်ခုမှ မသွားကြတော့ဘူး။ အဲဒီခွေးတွေ၊ နွားတွေ သွားနင်းမိလို့ ပေါက်တာတွေလည်း ခဏခဏကြားရတယ်။ အလုပ်သွားလုပ် မယ်ဆိုရင်လည်း သွား လုပ်လို့မရဘူး စိုးရိမ်ရတယ်ပေါ့နော်။ ထင်းသွားခွေမယ်ဆိုလည်း မရဘူး။ တောင်ယာသွားလည်း မရဘူး။ တောထဲဝင်ဖို့ဆိုတာ ဘာတစ်ခုမှ မရတော့ဘူး။ တောထဲမပြောနဲ့ ဒီလမ်းမကြီးဘေးတောင် ကျွန်မတို့ မသွားရဲတော့ဘူး လုပ်ကိုင် စားသောက်ရတာ အဆင်မပြေတော့ဘူးပေါ့ အခုက”
အီနိုင်းရွာဟာ နမ္မတူနဲ့ လားရှိုးမြို့ကို အဓိက ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတာဖြစ်ပြီး အိမ်ခြေ တစ်ထောင် နီးပါး ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။
အခုတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ လားရှိုးမြို့အနီးကို နေရပ်စွန့်ခွာ ထွက်ပြေး နေရပြီး ရွာမှာ အိမ်စောင့်တချို့သာ ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောက်ဒေသ အခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြေမြုပ်မိုင်း အပါဝင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၃၀ ဦး သေ ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ထပ်ဆင့်ပေါက်ကွဲအားပြင်းထန်တဲ့ မြေမြှုပ်မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာတာကိုလည်း မြေပြင်မှာ ကြွင်းကျန်ရစ်တဲ့ လက်နက်အစိတ်အပိုင်းတွေကနေတစ်ဆင့် တွေ့ရတယ်လို့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့် ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အထိ မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ တိကျတဲ့ ဗျူဟာမရှိသေး သလို နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း လုပ်ဆောင်ခွင့် မပေးခဲ့ဘူးလို့ အစီရင်ခံစာမှာ ထောက်ပြထားပါ တယ်။