စစ်ကောင်စီ ရေလမ်းခရီးပိတ်ပင်မှုကြောင့် ပလက်ဝဒေသခံတွေ အခက်ကြုံ

2022.06.28
စစ်ကောင်စီ ရေလမ်းခရီးပိတ်ပင်မှုကြောင့် ပလက်ဝဒေသခံတွေ အခက်ကြုံ ကုလားတန်းမြစ်ပေါ်မှာ ပြေးဆွဲနေသည့် မော်တော်များကို ၂၀၂၁ ခုနှစ်က တွေ့ရစဥ်
Photo: RFA

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေပြီး စစ်ကောင်စီတပ်က ကုလားတန် မြစ်ကြောင်းအတွင်း သွားလာမှုတွေ ကို တင်းကျပ်ကန့်သတ်ထားတာကြောင့် အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝကနေ မတူပီဘက်ကို ဆက်သွယ်ထားတဲ့လမ်းဟာ မိုးတွင်းမှာ အသုံးပြုဖို့ခက်ခဲ သလို စစ်အာဏာ သိမ်းပြီးနောက်ပိုင်း CDF အဖွဲ့တွေနဲ့ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီလမ်းကို အသုံးမပြုနိုင်ကြတော့ ပါဘူး။ ဒါကြောင့် ကုလားတန်မြစ်ကြောင်းအတိုင်း ဆက်သွယ်သွားလာနိုင်တဲ့ ရခိုင်ပြည်နယ်ဟာ ပလက်ဝမြို့နယ်အတွက် အဓိက အားထား လာရတာပါ။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကုလားတန်မြစ်ကြောင်းအတိုင်း သွားလာမှု တွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေလမ်းအတိုင်း သွားလာမယ်ဆိုရင် စစ်ကောင်စီရဲ့ ဒေသခံအာဏာပိုင်တွေထံမှာ အချိန် တစ်ပတ်လောက် ကြိုတင်ခွင့်ပြုချက်တင်ပြီးမှ သွားလာရတယ်လို့လည်း ဆိုပါတယ်။

ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အရင်က တစ်ပတ်ကို နှစ်ကြိမ် စက်လှေထွက်ခွင့်ရပေမယ့် အခု သီတင်းနှစ်ပတ်ကျော်လာတဲ့အထိ ကျောက်တော်မြို့ကို ထွက်ခွင့်မရသေးဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းက တစ်ပတ်မှာ နှစ်ကြိမ် ထွက်ပါတယ်။ အခုက တစ်ပတ်မှ တစ်ကြိမ်မှ မထွက်သေးဘူး။ ဒီတိုင်းပဲ။ မလာတာတော့ နှစ်ပတ်လောက်ရှိပြီ”

စစ်ကောင်စီတပ်က ခွင့်ပြုမှသာ ရေလမ်းခရီးကို သွားလာလို့ရတာကြောင့် အခုဆိုရင် ပလက်ဝမြို့မှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်တွေ အဆမတန်စျေးမြင့်တက် လာနေပြီး အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

“အခု ပလက်ဝမြို့ ရေကြောင်းအကုန်ပိတ်ထားတယ်။ ကုန်စျေးနှုန်းတွေက အဆမတန် တက်နေတယ်။ အရင်တုန်းက ဆန်တစ်အိတ်ကို ငါးသောင်းနဲ့ရတာကို အခု ရှစ်သောင်း လောက်ထိရှိနေပြီ။ ကုန်ပစ္စည်းတွေ ထပ်သယ်လို့မရတော့ ဒီမှာရှိတဲ့ဟာနဲ့ ရောင်းနေ တော့ ဒီလိုစျေးတက်သွားတာပေါ့”

ဆန်စျေးတွေ အဆမတန်တက်နေသလို ဓာတ်ဆီတစ်လီတာကိုလည်း ကျပ်လေးထောင် ကျော်အထိ စျေးတက်နေတယ်လို့ ဆိုပါတယ်။

ရေလမ်းကို ကန့်သတ်ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးအတွက် မြို့ပေါ်ဆေးရုံကို လာရောက်ဖို့ အတွက်တောင် ခက်ခဲနေတယ်လို့ နောက်ထပ် ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခက်အခဲကတော့ စားသောက်ကုန်၊ စားဝတ်နေရေးက ခက်ခဲတယ်။ ကျနော်တို့ အကုန်လုံးကတော့ အလုပ်မရှိဘူး။ အလုပ်လက်မဲ့ဖြစ်ကုန်တော့ ဘာမှ ဝင်ငွေမရှိတော့ အခက်အခဲဖြစ်တယ်။ အခု ကုလားတန်ရေကြောင်းကို ပိတ်ထား တာကြောင့် တစ်ရွာနဲ့ တစ်ရွာ အဆက်အသွယ်ခက်ခဲတယ်။ ကျန်းမာရေး၊ သာရေး၊ နာရေး၊ အရေးပေါ်ကျန်းမာရေး ပေါ်လာရင် တော်တော်လေးအခက်အခဲဖြစ်တယ်”

လူဦးရေ ခြောက်သောင်းကျော်နေထိုင်တဲ့ ပလက်ဝမြို့နယ်မှာ လူဦးရေ ၇၀၀ ကျော်ဟာ စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ ပလက်ဝမြို့ပေါ် ဘောလုံးကွင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရတာပါ။

"ကုလားတန်ရေကြောင်းကို ပိတ်ထားတာကြောင့် တစ်ရွာနဲ့ တစ်ရွာ အဆက်အသွယ်ခက်ခဲတယ်"

စစ်ကောင်စီက ရေလမ်းကို ကန့်သတ်ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာ အကျပ် အတည်းကို စစ်ဘေးဒုက္ခသည်တွေပါ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒေသခံတွေအတွက် မိုင်းအန္တရာယ်စိန်ခေါ်မှုကလည်း ကြီးမားနေဆဲဖြစ်တာကြောင့် ပိုခက်ခဲနေရတယ်လို့ ပလက်ဝမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“မိုင်းနင်းမိလို့ ပေါက်ကွဲတာတို့ ဘာတို့တွေ၊ အဲ့ဒါမျိုးတွေ၊ သူတို့ကန့်သတ်တဲ့နေရာမျိုး တွေ၊ နယ်မြေတွေ အများကြီးရှိတာပေါ့။ တောင်ယာသွားဖို့ လွတ်လွတ်လပ်လပ်တော့ မရဘူး။ လုံးဝသွားခွင့်မရှိတဲ့ရွာတွေတော့ ရှိတာပေါ့။ ရွာတိုင်းလိုလိုပဲ။ ဟုတ်တယ်။ ပိတ်ထားတာများတယ်”

ပလက်ဝမြို့ ဘောလုံးကွင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အမျိုးသမီးနှစ်ဦးဟာ စားနပ်ရိက္ခာ အခက်အခဲကြောင့် တောင်ပေါ်ကို ဟင်းသွားရှာရာကနေ မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ပလက်ဝမြို့နယ် ကုလားတန်မြစ်ဖျားပိုင်းဒေသရှိ  တရွန်အိုင်ကျေးရွာကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Photo: RFA)
ပလက်ဝမြို့နယ် ကုလားတန်မြစ်ဖျားပိုင်းဒေသရှိ တရွန်အိုင်ကျေးရွာကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Photo: RFA)

ဒေသခံတွေ အခက်အခဲကြုံတွေ့နေကြရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဇွန်လ ၂၇ ရက် မနေ့က မေးမြန်းခဲ့ရာမှာ ရေလမ်းကို ပိတ်ထားတာမဟုတ်ဘဲ သွားလာမှုကို စစ်ဆေး နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့က ပိတ်ထားတာမရှိဘူး။ စစ်ဆေးနေတာတော့ရှိတယ်။ တချို့နေရာတွေ ကတော့ မစစ်ဆေးလို့ မရဘူး။ စစ်ဆေးရတာမျိုးရှိတယ်။ ဒီပလက်ဝလမ်းကြောင်း ဆိုတာ ကျနော်တို့ အစိုးရအနေနဲ့ ပိုပြီးလို့တောင် ဖွင့်ချင်နေသေးတယ်။ အဓိကတော့ ဘာကြောင့်လဲဆိုတော့ ဒီဒေသ‌ ဖွံ့ဖြိုးဖို့အတွက် ကုလားတန်မြစ် စီမံကိန်းရှိတယ်။ ကုလားတန်မြစ်စီမံကိန်းဖြစ်လာမှ ရခိုင်ပြည်နယ်မှာ ပြည်သူလူထုများ လုပ်ငန်း လုပ်ကိုင်နိုင်မှာ ဖြစ်တာတာတွေကို ကျနော်တို့ ပိုပြီးတော့ လုပ်နေတာလို့ ပြောချင် ပါတယ်”

ဒေသခံတွေအတွက် အဓိကအရေးပါတဲ့ ရေလမ်းကြောင်းကို ကန့်သတ်ပိတ်ပင်ထားတာဟာ စစ်ကောင်စီက အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်နေတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ပေါ်လစီအောက်မှာ ကျင့်သုံးထားတဲ့ ပြည်သူလူထုတွေ စားနပ်ရိက္ခာမရနိုင် အောင် သူတို့အကြောင်းပြချက်ကတော့ AA ပဲဖြစ်ဖြစ်၊ တော်လှန် ရေးဘက်က လူတွေပဲဖြစ်ဖြစ် ဖြတ်တောက်နိုင်ဖို့ ပြောပေမယ့်လည်း သူတို့အဓိကထား တာက ပြည်သူလူထုပဲ။ ဒါကတော့ အခြေခံ လူ့အခွင့်အရေးအားလုံးကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုမြောက်တာတွေလည်း အများကြီးရှိနေနိုင်ပါတယ်”

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အနီးအနားကျေးရွာတွေမှာ နှစ်ဖက်တပ်စွဲထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။