အိန္ဒိယသူပုန်တွေကို တရုတ်ထောက်ပံ့နေကြောင်း နယ်သာလန်အခြေစိုက်အဖွဲ့ သုံးသပ်


2020.07.25

ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိတဲ့ တရုတ်လက်နက်တွေဟာ အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ အရှေ့မြောက် သူပုန်အဖွဲ့တွေကို တရုတ်က ထောက်ပံ့တာဖြစ်နိုင်တယ်လို့ ဥရောပအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေး ဆိုင်ရာဖောင်ဒေးရှင်းအဖွဲ့ EFSAS က သုံးသပ်လိုက်တဲ့အကြောင်း အိန္ဒိယအခြေစိုက် ANI သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြဝတီတစ်ဘက်ကမ်း မယ်တော်ဒေသမှာ မကြာသေးခင်က ဖမ်းမိလိုက်တဲ့ တရုတ်လက်နက် အသစ်စက်စက်တွေ ဟာ ရက္ခိုင့်တပ်တော် AA က သုံးနေကျလက်နက်မဟုတ်သလို ဝတပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့တို့က ထုတ်လုပ်ထားတဲ့ လက်နက်တွေမဟုတ်ဘဲ တရုတ်လက်နက်အစစ်တွေဖြစ်တယ်လို့ နယ်စပ်အခြေစိုက်အဖွဲ့တွေ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေးသားထားတဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့အခြေစိုက် ပညာရှင်အဖွဲ့က သုံးသပ်လိုက်တာဖြစ်ပါတယ်။

အိန္ဒိယအရှေ့မြောက်ဒေသဖြစ်တဲ့ မြန်မာနဲ့နယ်စပ်မှာ အိန္ဒိယဗဟိုအစိုးရကို နှစ်ပေါင်းများစွာ တော်လှန်နေတဲ့ အဖွဲ့တွေရှိသလို အခုနောက်ပိုင်း AA ရဲ့ လှုပ်ရှားမှုတွေလည်းရှိလာပြီး ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှုက အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအရ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို စိန်ခေါ်နေသလို၊ အမျိုးသား လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ EFSAS က သုံးသပ်ပါတယ်။

မဲဆောက်မြို့နားမှာ တရုတ်လက်နက်တွေမိတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်ထောက်လှမ်းရေးဌာနမှာ အရပ်သားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Anders Corr ဆိုသူရဲ့ တရုတ်အစိုးရရဲ့ မြန်မာပြည်က အကြမ်းဖက်မှုဆိုင်ရာ သံတမန်ရေး ဆိုတဲ့စာတမ်းမှာ တရုတ်ဟာ မြန်မာကို သံတမန်သြဇာညောင်းဖို့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA အဖွဲ့ကို စစ်လက်နက်တွေ ထောက်ပံ့ကူညီ ထားတယ်လို့ ရေးထားတဲ့အကြောင်းကိုလည်း EFSAS က ကိုးကားထားပါတယ်။

အဓိကကတော့ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းမှာပါနေတဲ့ ရခိုင်ဒေသမှာ အိန္ဒိယကလည်း ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရှိနေတဲ့အတွက် အိန္ဒိယ-မြန်မာနယ်စပ်မှာ လက်ဦးမှုယူထားနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေကို တရုတ်က ကူညီနေတဲ့အကြောင်း ထောက်ပြထားတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အိန္ဒိယသတင်းစာတွေအနေနဲ့ ရခိုင်ပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ပတ်သက်လို့ မဟုတ်မမှန် လုပ်ကြံရေးသားနေတာတွေ ရပ်တန်းကရပ်ဖို့ AA ရက္ခိုင့်တပ်တော်က ဇူလိုင်လ ၂၂ ရက်နေ့မှာ သတိပေး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။ AA အဖွဲ့နဲ့ အာဆာအဖွဲ့တို့ အဆက်အသွယ်ရှိနေပုံမျိုး အိန္ဒိယသတင်းစာတွေမှာ စွပ်စွဲရေးသားနေတာတွေ၊ တရုတ်ရဲ့အကူအညီ ယူနေတယ်ဆိုတာမျိုးတွေ၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို နှောက်ယှက်နေပုံမျိုး ရေးသားနေတာတွေဟာ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို၊ သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်ရာ ရောက်နေတယ်လို့လည်း AA အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့အခြေစိုက် ပညာရှင်အဖွဲ့ EFSAS ကတော့ အမေရိကန် အထက်လွှတ်တော် အမတ် Larry Pressler ၂၀၀၂ ခုနှစ်က ကာလ်ကတ္တားမြို့ကို သွားပြီးတဲ့နောက် ပြန်ပြောတဲ့စကားကို ကိုးကားပြီး ပြောတာက ဒီလိုပါ။

မော်ရိုကိုနိုင်ငံကနေ မလေးရှားထိ တစ်နံတစ်လျားဖြစ်နေတဲ့ ပဋိပက္ခတွေမှာ တရုတ်ဟာ အသေးစားလက်နက် အဓိကထောက်ပံ့ပြီး မီးထိုးပေးတဲ့သူ ဖြစ်နေတာတွေ့ ရပါတယ်တဲ့။ အလားတူ အိန္ဒိယနိုင်ငံက သုတေသီ Wasbir Hussain ကလည်း၊ တရုတ်ဟာ အိန္ဒိယ အရှေ့မြောက်ဒေသက သူပုန်အဖွဲ့တွေကို လက်နက်အဓိက ထောက်ပံ့တဲ့သူဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်က သုံးသပ်ထားတာကိုလည်း EFSAS အဖွဲ့ကထောက်ပြပါတယ်။

အချုပ်အားဖြင့်ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စကတည်းက တရုတ်ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ လမ်းညွှန်ချက်ကို ပိုပြီးချိုးဖောက်နေတယ်လို့ EFSAS အဖွဲ့က သုံးသပ်လိုက်သလို၊ တရုတ်အစိုးရကိုယ်တိုင် ကျောထောက်နောက်ခံပြု အားပေးထားတဲ့ အကြမ်းဖက်မှုတွေကို သတိချပ်ဖို့ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။