အာဆီယံ အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံ လာမည်
2025.02.03

Updated 3:00 PM, Feb 4, 2025
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင် (Othman Hashim) မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ လာရောက်ဖို့ ရှိနေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးက RFA ကို ဖေဖော်ဝါရီ ၄ ရက် ဒီနေ့အတည်ပြုပြောပါတယ်။ ဒါပေမဲ့ ခရီးစဥ်အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ထိုင်းအခြေစိုက် PBS သတင်းတစ်ပုဒ်မှာတော့ အထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ဖော်ပြပါတယ်။
“အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဥ်အတွင်း မြန်မာ့အရေး အပြောင်းအလဲအတွက် အဖြေတစ်ခုရဖို့ ကြိုးပမ်းနိုင်ပါတယ်”
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဥ်အတွင်း မြန်မာ့အရေး အပြောင်းအလဲအတွက် အဖြေတစ်ခုရဖို့ ကြိုးပမ်းနိုင်တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“တွေ့ဆုံဆွေးနွေးလို့ရပြီ။ တွေ့ဆုံဆွေးနွေးသင့်ပြီ ဆိုတဲ့စဥ်းစားမဲ့လူက ၂၀၂၁ စဖြစ်တဲ့အချိန်နဲ့ဆိုရင်တော့ ပိုများသွားတဲ့ အခြေအနေမျိုးလို့ ပြောလို့ရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီအခြေအနေမှာတော့ သူ့ (အော့သ်မန် ဟာရှင်) အနေနဲ့ တစ်ခုခုပေါ့။ ပြောင်းလဲမှုတော့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပြောင်းလဲမှု ရလာနိုင်စရာ အဖြေတစ်ခုကိုတော့ သူ စတည်လို့ ရလောက်မယ်လို့တော့ မှန်းလို့ရတယ်ခင်ဗျ”
မြန်မာနိုင်ငံ ခရီးစဥ်အတွင်း အော့သ်မန် ဟာရှင်အနေနဲ့ စစ်ကောင်စီကို ဖိအားပေးတာမျိုးလည်း ရှိလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ကတော့ အာဆီယံက မူလကတည်းက ချမှတ်ခဲ့တဲ့လမ်းစဥ်တွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ဖိအားပေးတာ ဖြစ်လာမယ်ပေါ့နော်။ ထူးခြားချက်ကတော့ ရွေးကောက်ပွဲ မလုပ်ဖို့ကိစ္စကို ဒီအာဆီယံမှာ အခုနောက်ပိုင်း ပြောလာတယ်ပေါ့နော်။ အာဆီယံ အစည်းအဝေးတွေမှာလည်း ပြောလာတဲ့အခါမှာ ဒီရွေးကောက်ပွဲ လုပ်ဖို့ကိစ္စကို စစ်ကောင်စီကို တားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်”
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်း အပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ဇန်နဝါရီ ၁၉ ရက်နေ့ တိုက်တွန်းပြောဆိုထားတာပါ။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ်အပေါ် ကြိုတင်မှန်းဆဖို့ ခက်နိုင်တယ်လို့ ပြောပါတယ်။
“တချို့ဟာတွေက ကူဖို့လာတာ သီးသန့်ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ တချို့ကျတော့ နိုင်ငံရေးအရ ဖိအားပေးဖို့ လာတာမျိုးလည်း ရှိနိုင်တယ်။ နောက်တစ်ခါကျတော့ ကူတယ်လို့ ဆိုသော်ငြားလည်းပဲ အဆင်မပြေတဲ့ဟာတွေ အများကြီးရှိနိုင်တယ်ဆိုတော့ ကျွန်တော်တို့က အဲဒါကို သူတို့လာပြီးလို့ တကယ်ကို အလုပ်လုပ်တဲ့အချိန်၊ ပြောဆိုတဲ့အချိန်ကျမှ ဒါတွေကို မှန်းရမှာကို။ အဲဒီတော့ အဲဒါကတော့ ပြောဖို့ခက်ပါလိမ့်မယ်”
အော့သ်မန် ဟာရှင်ကို အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့က မလေးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အသစ်ခန့်အပ်
ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း
အာဆီယံတိုက်တွန်းချက် လက်တွေ့ဖြစ်နိုင်ခြေနည်းကြောင်း လေ့လာသူတွေ ပြော
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်တဲ့ အော့သ်မန် ဟာရှင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ငါးဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံက ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) ကတော့ ၂၀၂၄ ခုနှစ်၊ မေလမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ မြန်မာ့အရေးမှာ ထူးခြားတဲ့ အပြောင်းအလဲတော့ မရှိခဲ့ပါဘူး။
(မှတ်ချက် - ဤဆောင်းပါးတွင် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး၊ အာဆီယံအရေး လေ့လာသုံးသပ်သူ၊ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)