NLD နဲ့ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေး ဘယ်ကိုသွားမလဲ

ခင်မောင်စိုး
2021-01-14
Share

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တောင်ကြီးမြို့မှာ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ NLD နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲတချို့ အဆင်ပြေပေမယ့် တချို့က ပျက်ပြားသွားခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ့ဆုံပွဲတချို့ ပျက်ပြားသွားခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တချို့ဟာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ပြင်ပမှာ နှစ်ကြိမ်ခန့် ကြိုတင်တွေ့ခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် အယုံကြည်ဆုံး ထိပ်တန်းပုဂ္ဂိုလ်တဦးက SNLD ထိပ်ဆုံး ခေါင်းဆောင် နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တောင်ကြီးမြို့မှာ ပြုလုပ်မယ့် NLD နဲ့ SNLD ပွဲဟာ အဲဒီ အရင်တွေ့ဆုံပွဲတွေကြောင့် ဖြစ်လာတာပါ။ SNLD ဒု-ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က-

“လာဆွေးနွေးတဲ့ ဦးအောင်မိုးညိုတို့က ပြန်ပြောမယ်ဆိုတော့ လူကြီးတွေဆီ ရောက်နိုင်တဲ့ တရားဝင်နည်းလမ်းက အဲဒီ တနေရာပဲရှိတယ်။ ဒီအချိန်မှာတော့ အမျိုးသား ညီညွတ်ရေးကိစ္စက အရမ်းပိုပြီး အရေးကြီးတယ်။ ကိုဗစ်ကာလပြီးရင် ရင်ဆိုင်ရမယ့် စီးပွားရေးကိစ္စတွေ နိုင်ငံရေးကိစ္စတွေလဲ ခင်ဗျားတို့ သိတဲ့အတိုင်းဘဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်။ အဲဒါတွေအားလုံးက အမျိုးသားညီညွတ်ရေးနဲ့ အားလုံးဆိုင်တာပေါ့နော်။ တခြားလူတွေ တခြားအဖွဲ့အစည်းတွေရဲ့ သဘောထားကို ကျနော် မဝေဖန်ချင်ဘူး ကျနော်တို့နဲ့လည်း တူချင်မှတူမှာပါ။ ကျနော်တို့က အဲဒီအတွက်ကို စဉ်းစားတာပါ။ အမျိုးသားညီညွတ်ရေး မရှိဘူးဆိုရင် လာမယ့် ၄-၅ လမှာ ဘယ်လောက်အခက်အခဲတွေ တွေ့သွားမလဲဆိုတာ နိုင်ငံရေးနားလည်တဲ့ သူတိုင်း သိပါတယ်။ ဒါကို မဖြစ်မနေ ကျနော်တို့က ဖြစ်စေချင်တာပါ။ ကူညီချင်တာပါပဲ”

တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ NLD အနေနဲ့ ပိုပြီး သဘောထားကြီးဖို့ လိုတယ်လို့ ပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်က ...

“ဒါတွေက အရင်တုန်းက စစ်အုပ်ချုပ်တဲ့ကာလတုန်းက ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကိစ္စရပ်တွေနဲ့ အလားသဏ္ဍာန် တူတယ်လို့ ကျနော်သွားမြင်တာပေါ့နော်။ ခင်ဗျားတို့ကို ဖိတ်ခေါ်တယ်။ လာချင်လာ မလာချင်နေ ဖြစ်ချင်တဲ့ပုံစံနဲ့ ခင်ဗျားတို့ လာရမယ်ဆိုတဲ့ ဟာမျိုးတွေနဲ့ လုပ်နေတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်လဲ မအောင်မြင်ဘူးပေါ့လေ။ အခု NLD ကလဲ သူတို့ဖြစ်ချင်တဲ့ပုံစံ နဲ့ ကျနော်တို့နဲ့ လာလက်တွဲပါလို့ တိုင်းရင်းသား ပါတီတွေကို ဖိတ်ခေါ်မယ်ဆိုရင်တော့ သူတို့သွားချင်တဲ့ လမ်း သူတို့ဖော်ဆောင်ချင်တဲ့ စနစ် တိုင်းရင်းသား ဖော်ဆောင်ချင်တဲ့ ဖက်ဒရယ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် အဲလိုပဲ သုံးသပ်ချင်တယ်”

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမြင့်ညိမ်းကတော့ NLD ခေါင်းဆောင်ပိုင်းအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဒီထက် ပိုညီညွတ်အောင် အရည်အချင်းပြဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမှာ တလျှောက်လုံး တွဲလာကြတဲ့သူတွေဖြစ်တယ်။ အားလုံးအတူတူ ထောင်ထဲအတူတူ ဝင်သွားခဲ့ကြတယ်။ ထောင်ထဲက အတူတူ ပြန်ထွက်လာခဲ့ကြတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းပေါ် ရောက်သွားပြီး လွှတ်တော်ထဲရောက်သွားတဲ့အခါကျမှ သဘောထားအယူအဆ ကွဲလွဲတာတွေ ဖြစ်လာတယ်။ NLD က ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ တွေ့တာမှာလည်း ဒေသခံ တိုင်းရင်းသားပါတီတွေ ကိုယ်တိုင်က နွေးနွေးထွေးထွေး ကြိုဆိုတာတွေ့ရတယ်။ တအာင်း ပလောင်၊ ရှမ်း၊ ကချင်တို့ ဆိုရင် အင်မတန်ကောင်းတယ်။ ရှေ့မှာ တချို့ အဆင်မပြေတာလေးတွေ တွေ့ရတယ်။ ဒါ ကြိုတင်ပြီး ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်ယူဆတယ်။ ဥပမာ မွန်ပြည်နယ်မှာ တွေ့မယ့်ကိစ္စဆို တရားဝင်စာနဲ့ မဟုတ်ဘဲ တယ်လီဖုန်းဆက်ပြီးတော့ အကြောင်းကြားပြီး တွေ့မယ်ဆိုတော့ ဒါကတော့ အစိုးရ တရပ် အနေနဲ့ မလုပ်သင့်တဲ့ကိစ္စပဲလို့ ကျနော်မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောမှ ဒေါ်အောင်ဆန်းစုကြည် လုပ်မှ ဆိုပြီး လူထုက ပြောကြတာ ရှိတယ်။ ဒုတိယတန်းခေါင်းဆောင်တွေက ဘာလဲ၊ ဒေါ်စုအလွန်မှာ ထွက်လာမှာ ဘယ်သူတွေလဲ ဆိုပြီး မျှော်လင့်ချက်တွေ အများကြီးရှိနေတာပေါ့။ ဒါပေမဲ့ တကယ်တမ်း ဒုတိယတန်း ခေါင်းဆောင်တွေ ထုတ်လဲထုတ်ပေးလိုက်ရော အဆင်ပြေအောင် မလုပ်နိုင်တာ တွေ့ရတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း ပေးလိုက်တယ်လို့ ကျနော်ယူဆတယ်။ သို့သော် တာဝန်ယူခြင်း တာဝန်ခံခြင်း မရှိဘဲနဲ့ လူကြီးတွေကဒီလိုမှာလိုက်တယ်ဆိုတဲ့ စကားက ဒီနေရာမှာ မပြောသင့်ဘူးလို့ ကျနော်ထင်တယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီသုံးယောက်က အခု အများကြီး တိုးတက်လာပြီလို့ ကျနော် ယူဆတယ်”

ကချင်နဲ့ ရှမ်းခေါင်းဆောင်တချို့က NLD နဲ့ တွေ့ဆုံပွဲတွေကနေ အမျိုးသား စည်းလုံးရေးကို အကျိုးပြုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့