နိုဝင်ဘာ ၁၂ ရက်နေ့က ပြီးဆုံးသွားခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ကုလသမဂ္ဂလက်အောက်ခံ UNFCCC ရာသီဥတုပြုပြင်ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို COP26 လို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကမ္ဘာ့သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ ၁၉၄ နိုင်ငံက အစီရင်ခံစာတွေ တင်သွင်းခဲ့ရာမှာ မြန်မာပြည်က ထူးထူးခြားခြား အစီရင်ခံစာ နှစ်စောင်ပို့ခဲ့ပါတယ်။
အမှန်တကယ်မှာ အဲဒီ အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက စစ်တပ် အာဏာမသိမ်းမီ ၂ဝ၂ဝ ခုနှစ်အတွင်းမှ ပြုစုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက NLD အစိုးရပြုစုခဲ့တဲ့ အစီရင်ခံစာကို သူတို့ထိန်းချုပ်ထားတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ဝန်ကြီး ဦးခင်မောင်ရီ လက်မှတ်ထိုးပြီး UNFCCC ကို ဇူလိုင်လမှာ ပို့ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာကို UNFCCC က သူတို့အင်တာနက်ဝက်ဆိုဒ်မှာ သြဂုတ်လ ၃ ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တာမြင်ရပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး UNFCCC က တရားဝင် အသိအမှတ်ပြုထားတဲ့ကိုယ်စားလှယ်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဖြစ်ပါတယ်။ UNFCCC အနေနဲ့ တရားဝင်တည်ရှိနေဆဲ နိုင်ငံကိုယ်စားလှယ်တွေထံက ရရှိတဲ့ အစီရင်ခံစာကို ထုံးစံအတိုင်း တင်ပြခဲ့တာဖြစ်တယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ လုံခြုံရေးအရ သူ့အမည်နဲ့ ပြောစကားတွေကို ထုတ်ဖော်တင်ပြနိုင်ခြင်း မရှိပါဘူး။
တပြိုင်နက်လိုလိုမှာပဲ NLD အစိုးရပြုစုခဲ့တဲ့ အဲဒီအစီရင်ခံစာကို NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဇူလိုင်လ ၁၂ ရက်နေ့စွဲနဲ့ UNFCCC ကိုပေးပို့ခဲ့ပါတယ်။ NUG ကေ ပးပို့တဲ့ အစီရင်ခံစာကိုတော့ ယာယီသမ္မတ ဒူးဝါး လရှီလနဲ့ NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ တူးခေါင်က လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမယ့် UNFCCC ကတော့ စစ်ကောင်စီ တင်ပြပေးပို့တဲ့ အစီရင်ခံစာကိုပဲ သူတို့ဝက်ဆိုဒ်မှာ ဖြန့်ချိထားပါတယ်။
အခုလို NUG အစိုးရနဲ့ စစ်ကောင်စီတင်ပြခဲ့တဲ့ အချက်အားလုံး အတူတူဖြစ်နေတဲ့ အဲဒီမြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာပါဝင်တဲ့ အချက်တွေဟာ သိပ်ပြီး အားရစရာမရှိပါဘူးလို့ လေ့လာသူအဖြစ် ညီလာခံကို တက်ရောက်ခွင့်ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက RFA ကို ပြောပါတယ်။
“လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာ ကမ္ဘာကြီး ပူနွေးစေတဲ့ ဓာတ်ငွေ့ထွက်တာက သစ်တောပြုန်းတီးမှုကနေ အဓိက ထွက်တာ ုဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ပြုစုထားတဲ့ အစီရင်ခံစာထဲမှာဆိုရင် သစ်တောပြုန်းတီးမှုကို ၂ဝ၃ဝ ခုနှစ်အရောက်မှာ မှာ ၅ဝ ရာခိုင်နှုန်းပဲ လျှော့ချမယ်ဆိုတဲ့ လျာထားချက် တင်ပြထားတယ်။ ကျန်တဲ့နိုင်ငံအသီးသီးကတော့ Zero deforestation လို့ပြောတယ် လုံးဝပပျောက်ရေးအထိကို တင်ပြတယ်ဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဒီလို ၅ဝ ရာခိုင်နှုန်းပဲ လျှော့ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းရဲ့ အမြင်ကတော့ အားမလိုအားမရဖြစ်တာပေါ့။ တကယ်တော့ တကယ်လုပ်မယ်ဆိုရင် Zero deforestation ရအောင် လုပ်သင့်တယ်လို့ တင်ပြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးတဲ့အကြောင်းရင်း နှစ်ရပ်ရှိတယ် ။ ပထမအချက်က စီးပွားဖြစ်စိုက်ခင်းကြီးတွေ လုပ်လို့ သစ်တောပြုန်းတီးတာဖြစ်တယ်။ ဒုတိယကတော့ သစ်တောထွက်ပစ္စည်းတွေကို အလွန်အကျွံ ထုတ်ယူလို့ဖြစ်တယ်။ အလွန်အကျွံ ထုတ်ယူတဲ့ကိစ္စမှာ တရားဝင်ရော တရားမဝင်သစ်ထုတ်တာတွေရော ထင်း မီးသွေး လောင်စာကိစ္စ အကုန်ပါတယ်။”
မြန်မာပြည်ရဲ့ အဓိက ပတ်ဝန်းကျင်ပျက်စီးမှုဟာ NLD အစိုးရမတိုင်မီ စစ်အစိုးရတွေ လက်ထက်မှာ သစ်တောတွေကို ထိန်းချုပ်ခြင်း ကင်းမဲ့စွာ အလွန်အကျူးခုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ဒီကိစ္စဟာ အာဏာရှိသူတွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့အတွက် ဘယ်သူကမှ သိလည်းမသိချင်၊ ကြားလည်းမကြားချင်၊ လုပ်ကိုင်ဆောင်ရွက်ခြင်းလည်း မပြုချင်တဲ့ကိစ္စ ဖြစ်နေတယ်လို့ တခြား အမည်မဖော်လိုတဲ့ လေ့လာသူတစ်ဦးကလည်း RFA ကို ပြောပါတယ်။
အဲဒီညီလာခံကို စစ်ကောင်စီက လန်ဒန်မြို့ မြန်မာသံရုံးက ယာယီတာဝန်ခံ ဦးထွန်းအောင်ကျော် ဦးဆောင်တဲ့ ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ လန်ဒန်သံရုံးက အဲဒီညီလာခံတက်ရောက်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ပုံကို သံရုံးရဲ့ကြေညာချက်မှာ အခုလိုမြင်တွေ့ရပါတယ်။
UNFCCC အနေနဲ့ မူလက အဲဒီစစ်ကောင်စီစေလွှတ်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လက်ခံဖို့ ရှိပေမယ့် နောက်ပိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးလိုလားသူတွေက ဝိုင်းဝန်းကန့်ကွက်ကြပြီးနောက်မှာတော့ ညီလာခံတက်ရောက်ဖို့ စာရင်းသွင်းတဲ့အခါမှာ သူတို့အဖွဲ့ကို ဖိတ်ကြားတဲ့စာရင်းကနေ ပယ်ဖျက်ထားကြောင်း ပြောကြားတဲ့အတွက် ဂလတ်စ်ဂိုကနေ လန်ဒန်ကို ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ ညီလာခံကို တက်ရောက်စဉ်အတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို နဲ့ တွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုဟာ ညီလာခံကိုတက်ရောက်နေတဲ့ နိုင်ငံတကာအသိုင်းအဝန်းကို တပ်လှန့်ပေးလိုက်သလို ကျယ်ကျယ်လောင်လောင် ဖြစ်သွားခဲ့တယ်လို့ ယုံကြည်ရတဲ့ သတင်းဇစ်မြစ်က ပြောပါတယ်။ အဲဒီ သတင်း ဇစ်မြစ်ကနေ အခုနောက်ဆုံးရရှိတဲ့ သတင်းအရဆိုရင် UNFCCC ဟာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် (National Focal Point) အဖြစ်ကနေ စစ်ကောင်စီသြဇာခံ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် UNFCCC က ရှေ့နှစ် မတ်လမှာ အစည်းအဝေးတခု ကျင်းပဖို့ ဖိတ်ကြားစာတွေ ပို့တဲ့အခါမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို ခန့်မှာလဲ ဘယ်အဖွဲ့အစည်းကို ဖိတ်မှာလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညီလာခံကို တက်ရောက်ခွင့်ရဖို့ NUG အစိုးရကလည်း သုံးဦးပါကိုယ်စားလှယ်အဖွဲ့ကို အဆိုပြုခဲ့ပေမယ့် တက်ရောက်ခွင့် မရခဲ့ပါဘူး။ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကတော့ RFA ကို ခုလိုပြောကြားထားပါတယ်။
“ကျနော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးသိတဲ့အတိုင်း ပြည်သူလူထုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကျနော်တို့အစိုးရရဲ့ ကိုယ်စားပြုမှုကို အသိအမှတ်ပြုပြီးတော့ ဒီလိုမျိုး အရေးကြီးတဲ့ ညီလာခံတွေမှာ တက်ခွင့်ရအောင် ဆောင်ရွက်ပေးသင့်တယ် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင် ဒီလိုမျိုး အရေးကြီးတဲ့ကိစ္စတွေမှာ ပါဝင်ဆွေးနွေးခွင့်မရတဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းပြည်အနေနဲ့လည်း အများကြီးနစ်နာဖို့ ရှိပါတယ်။ ကျနော်တို့ကတော့ ဆက်ပြီးတော့ ကျနော်တို့ရဲ့ကိုယ်စားပြုမှု ရရှိအောင်၊ ဒီလိုမျိုး ကုလသမဂ္ဂအစည်းအဝေးတွေမှာ ဆက်ပြီးကိုယ်စားပြုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်”
ကုလသမဂ္ဂနဲ့နိုင်ငံတကာမှာ NUG အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အားပြိုင်မှုတွေကို မကြာမီ ပိုမိုမြင်တွေ့ရဖွယ် ရှိပါတယ်။