KNU နဲ့ မွန်ပြည်သစ် တိုက်ပွဲ တပတ်အတွင်း ငါးဦးသေဆုံး

ကျော်လွင်ဦး
2019.10.24
nmsp-622.jpg မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေကို ၂၀၁၈ မွန်အမျိုးသားနေ့ အခမ်းအနားမှာတွေ့ရစဉ်
Photo: Citizen Journalist

ရေးမြို့နယ်  ငါးကလေးချောင်းရွာအနီး မနေ့က မွန်ပြည်သစ်ပါတီနဲ့ KNU တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီ ဘက်က တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ KNU တပ်မဟာ ၆ တာဝန်ရှိသူ စောအဲဒါး က RFA ကို ပြော ပါတယ်။

မနေ့က ညနေ၄နာရီလောက်မှာ  KNU တပ်ဖွဲ့ဝင်တွေဟာ ငါးလေးချောင်းကျေးရွာအနီး တပ်မတော်စစ်ကြောင်းတွေ ရှိတာကြောင့် နောက်ကြောင်းပြန်အလှည့်မှာ တိုက်ပွဲဖြစ်တာလို့ စောအဲဒါး က ပြောပါတယ်။

ဒီ ၅၉၁ နဲ့ ငါးကလေးချောင်းကြားမှာက ကျနော်တို့အဖွဲ့က ပြန်ထွက်မယ်ဆိုတဲ့အခါကျတော့ တိုးမိတာလား သက်သက်မဲ့ပစ်တာလား ကျနော်တော့ အတိအကျမသိဘူးပေါ့လေ၊ သူတို့ပြောတဲ့ပုံအရ သူတို့အရှေ့ဘက်ကို ပြန်ထွက်လို့မရဘူး အရှေ့ဘက်ပြန်ထွက်မယ်ဆိုရင် မြန်မာစစ်ကြောင်းရှိနေတာကိုး၊ အနောက်ဘက်ပြန်လှည့်ပြီး ထွက်တဲ့အခါကျတော့ သူတိ့ုပြောတဲ့သဘောကတော့ တိုးတဲ့သဘောဖြစ်သွားတာပေါ့၊ အဲဒီလိုလေးရှိတာပေါ့ အခြားအခြေအနေတော့မရှိပါဘူး

မနေ့က KNU တပ်မဟာ ၆ နဲ့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ကို သွားရောက်စီစစ်ပြီး မနေ့က နှစ်ဘက် သဘောတူညီချက်တွေ ထုတ်ပြန်ခဲ့တာလို့ KNU ဝမ်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေ က ပြောပါတယ်။

“အကောင်းဆုံးဖြစ်အောင် နှစ်ဘက်စလုံးညှိနှိုင်းကျတာပေါ့၊ ရလဒ်ကောင်းထွက်ပေါ်လာအောင် နှစ်ဘက်ခေါင်းဆောင်တွေ၊ အမြော်အမြင်ကြီးကြီးနဲ့ ညှိနှိုင်းကျတာပေါ့၊ သဘောတူညီချက်ရှိတာပေါ့”

နှစ်ဘက်ခေါင်းဆောင်တွေအကြား သဘောတူညီချက်တွေကို အောက်ခြေတပ်စိပ်တွေဆီ အကြောင်းကြားဖို့ စီစဉ်ခဲ့ပေမယ့် မနေ့ညနေက ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ဆက်သွယ်ရေး ခက်ခဲတာကြောင့် သတင်းစကား အချိန်မီမရောက်သေးခင်မှာ တိုက်ပွဲဖြစ်တာလို့  KNU က ပြောပါတယ်။

ဒီလိုပစ်ခတ်မှုတွေဖြစ်ပေမယ့် နှစ်ဘက်တိုက်ပွဲတွေမဖြစ်ပွားဖို့ ဆက်လက်ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်လို့ စောအဲဒါးက ဆိုပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေ အမြော်အမြင်ကြီးကြီးနဲ့  ညှိနှိုင်းကျတာပေါ့

နှစ်ဘက်တပ်တွေ ထိပ်တိုက်မဖြစ်ဖို့အတွက် အောက်ခြေ အဆင့်ဆင့်ကို ညွှန်ကြားဖို့၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် အင်အားသုံးဖြေရှင်းတာတွေ မလုပ်ဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ အချင်းချင်း ယုံကြည်မှု တည်ဆောက်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်ဖို့ နှစ် ဘက်ခေါင်းဆောင်တွေ မနေ့က သဘောတူခဲ့ကြတာပါ။

မွန်နဲ့ကရင်နယ်စပ်နေရာနှစ်ခုမှာ အောက်တိုဘာ ၁၇ ရက်နေ့က  ပစ်ခတ်မှုဖြစ်ပွားပြီး မွန်ပြည်သစ်ဘက်က အရာရှိ တစ်ယောက် ကျဆုံးခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် နှစ်ဘက်ခေါင်းဆောင်တွေ မနေ့က တေ့ွဆုံဆွေးနွေးပြီး သဘောတူညီချက်တွေ ထုတ်ပြန်ခဲ့ကြတာပါ။

မနေ့က ပစ်ခတ်မှုကြောင့် ငါးကလေးချောင်းရွာသား ၁၀၀ကျော်လောက်ဟာ ကျောင်းရွာကို ထွက်ပြေးခဲ့ကြပြီး ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲမရှိတော့လို့ နေရပ်ပြန်သွားကြတယ်လို့ ကျောင်းရွာဒေသခံတွေက ပြောပါတယ်။ ကျောင်းရွာဟာလည်း မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ တို့ လှုပ်ရှားသွားလာရာ ဒေသတစ်ခုဖြစ်တာကြောင့် အခုလို နှစ်ဖက်စစ်ရေးတင်းမာနေချိန်မှာ ဒေသခံတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ကျောင်းရွာဒေသခံ ကိုသာထူးက မွန်နဲ့ကရင်တပ် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ဥယျာဉ်ခြံတွေထဲ မသွားရဲကြဘူးလို့ ပြောပါတယ်။

“ဒီအချိန်က ရာဘာ၊ ကွမ်းသီး၊ စပါးရိတ်သိမ်းချိန်ဆိုတော့ ဒီလိုမျိုးပဋိပက္ခဖြစ်နေတော့ အားလုံးက စိုးရိမ်စိတ် ရှိနေကြတာပေါ့၊ ခြံသွားမယ်ဆိုလည်း မသွားရဘူး၊ စပါးရိတ်လည်း မရိတ်ရဲဘူး၊ ကွမ်းသီးကောက်လည်း မကောက်ရဲဘူး ဖြစ်နေတာပေါ့”

မနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို RFA က ဆက် သွယ်မေးမြန်းပေမယ့် အောက်ခြေမှာရှိတဲ့ ဆက်ဆံရေးတာဝန်ခံတွေက ဗဟိုတာဝန်ရှိသူတွေကို မေးမြန်းဖို့ပဲ ဖြေကြားပါတယ်။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေး ကတော့ မနေ့က နှစ်ဘက်သဘောတူညီတာတွေရှိပေမယ့် KNU ဘက်က ပစ်ခတ်တာတွေရှိလို့ ဆက်လက်ညှိနှိုင်းနေတယ်လို့ RFA ကို စာနဲ့ ပြန်လည်ဖြေကြားပါတယ်။ ဘယ်အဖွဲ့က စတင်ပစ်ခတ်တယ်ဆိုတာနဲ့ပတ်သက်လို့တော့ အတိအကျပြောဆိုဖို့ ခက်တယ်လို့ KNU တပ်မဟာ ၆ တာဝန်ရှိသူ စောအဲဒါး က တုံ့ပြန်ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ KNU တို့ဟာ ၁၉၈၈ ခုနစ်လောက်ကစပြီး နယ်မြေအငြင်းပွားမှုတွေကြောင့် တနင်္သာရီတိုင်း နယ်စပ်၊ မွန်ကရင်နယ်စပ်တွေမှာ တခါတရံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ တပ်မတော်နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဆိုပေမယ့် ဒီနှစ်ဖွဲ့အကြား စစ်ရေးတင်းမာနေမယ်ဆိုရင် ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေရှိလာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။