NUG စစ်ရေး အစီရင်ခံစာ မြန်မာ့အရေးကျွမ်းကျင်သူ သုံးသပ်
2025.01.11

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကာကွယ်ရေး ဝန်ကြီးဌာနက "၂ဝ၂၄ ခုနှစ် စစ်ရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေကို အစီရင်ခံစာ" တစ်စောင်ကို ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထဲမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ERO တွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ၁၄၄ မြို့နယ်ရှိပြီး ဒီအထဲက မြို့ ၉၅ မြို့၊ မြို့နယ်အားဖြင့် ၄၈ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထားနိုင်တဲ့အကြောင်း၊ မြန်မာတစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မြို့နယ် ၁၀၇ မြို့နယ် ဒါမှမဟုတ် ၃၂ ရာခိုင်နှုန်းပဲ ရှိတဲ့အကြောင်းနဲ့ မြို့နယ် အားလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ERO တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီလို ဖော်ပြမှုနဲ့ပတ်သက်ပြီး အစဉ်အလာအားဖြင့် EAOs လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO အဖြစ် ပြောင်းလဲခေါ်ဝေါ်ပြီး PDF အဖွဲ့တွေနဲ့ စုပေါင်းဖော်ပြထားတာ ထင်ယောင်ထင်မှား ဖြစ်စေတယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် စကော့ မက်သီဆင် David Scott Mathieson က Asia Times စာစောင်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဝေဖန်ရေးသားခဲ့ပါတယ်။
NUG ရဲ့ အစီရင်ခံစာထဲမှာ မြေပြင်မှာ စစ်ကောင်စီအပေါ် အောင်ပွဲရနေတဲ့ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တွေကို နာမည်ဖော်ပြခြင်းမရှိခဲ့ဘဲ PDF အဖွဲ့တွေနဲ့ပေါင်းပြီး ညီညွတ်တဲ့ တပ်ပေါင်းစုတစ်ခုအသွင်ဖော်ပြထားတဲ့အကြောင်း၊ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးစေခိုင်းမှုအောက်မှာ ဆောင်ရွက်နေတာ မဟုတ်တဲ့အပြင် စုစည်းညီညွတ်တဲ့ တပ်ပေါင်းစုတစ်ခုလည်း မဟုတ်တဲ့အကြောင်း ဒေးဗစ်မက်သီဆင်က ရေးသားထားပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ကုန်သွယ်ရေးမြို့ ၁၁ မြို့ကို သိမ်းယူနိုင်ခဲ့တာနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က တိုင်းစစ်ဌာနချုပ်နှစ်ခုကို သိမ်းယူနိုင်ခဲ့တာတွေဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ အောင်မြင်မှု သက်သက်ဖြစ်ပေမဲ့ ဒီအစီရင်ခံစာမှာတော့ NUG ရဲ့ အောင်မြင်မှုသဖွယ် အကျယ်တဝင့် ဖော်ပြထားတယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။
ဆက်နွှယ်သောသတင်းများ
တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ PDF တွေ ၁၄၄ မြို့နယ်ကို စိုးမိုးထားကြောင်း NUG ထုတ်ပြန်
၂၀၂၅ မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ငါးရာခန့် CDM မှာ ပါဝင်
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာထဲမှာ PDF အဖွဲ့တွေ သိမ်းယူနိုင်တဲ့ မြို့အရေအတွက်နဲ့ တိုင်းရင်းသား အဖွဲ့တွေ သိမ်းယူခဲ့တဲ့ မြို့အရေအတွက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အကြောင်းပြောပါတယ်။
“ဒီလို သူ့အမြင် ကိုယ့်အမြင် ပြောကြ၊ သုံးသပ်ဝေဖန်တာတွေက ကောင်းပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ သေသေချာချာ နားမလည်ဘဲ ဝေဖန်သုံးသပ်တာလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်တဲ့အထဲမှာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ နယ်မြေ စိုးမိုးမှုဆိုတဲ့အထဲမှာ PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စိုးမိုးအုပ်ချုပ်တဲ့ မြို့နယ်တွေ၊ နယ်တွေ ဆိုပြီး သုံးနှုန်းဖော်ပြထားပါတယ်။ NUG ရဲ့ MOD လက်အောက်က PDF အဖွဲ့ တစ်ခုတည်းတင် မဟုတ်ဘူး။ ဒီမှာ ရှင်းရှင်းလင်းလင်းလည်း ရေးထားပါတယ်။ မြို့နယ် ၉၅ မြို့ကို အပြီးအပိုင် သိမ်းပိုက်ထားနိုင်တဲ့အထဲမှာ PDF တွေ၊ ပကဖ တွေက သိမ်းပိုက်ထားတာ ၈ မြို့ဆိုတာလည်း တိတိကျကျ ရေးထားပါတယ်။ သူပြောသလို သူများတိုက်တာကို ကိုယ်တိုက်သလို ဖော်ပြထားတယ် ဆိုတာ မဟုတ်ပါဘူး”
NUG ကာကွယ်ရေး ဝန်ကြီးဌာနဲ့ အစီရင်ခံစာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဟာ ပြည်သူက တရားဝင် အပ်နှင်းသော အာဏာနဲ့ နယ်မြေစိုးမိုးမှု၊ ပြည်သူထောက်ခံမှုက ရတဲ့ အာဏာနှစ်ရပ်လုံးကို ရထားတယ်လို့ ဖော်ပြထားပြီး၊ တော်လှန်ရေးစစ်ပွဲ သုံးနှစ်ကျော် ကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်နိုင်တာ၊ စိုးမိုးထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာတာနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နိုင်တာတွေကို တိုးတက်မှုအဖြစ်ဖော်ပြထားပါတယ်။
မြန်မာ့အရေး သုံးသပ်သူ ဒေးဗစ် မက်သီဆင်ကတော့ ၂၀၂၄ ခုနှစ် နှစ်လယ်လောက်မှာ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို PDF နဲ့ တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တွေ ဝန်းရံပိတ်ဆို့ပြီး၊ သိမ်းယူနိုင်တော့မယ်လို့ မှန်းဆချက်တွေ အမှန်တကယ် မဖြစ်ခဲ့ပေမယ့်၊ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာထဲမှာတော့ အခုအချိန်မှာ အဓိက ရှေ့တန်းစစ်မျက်နှာ မန္တလေးမြို့ အနားကို ရောက်လာပြီလို့ ဖော်ပြထားတာကိုလည်း ဒေးဗစ် မက်သီဆင် က ထောက်ပြထားပါတယ်။