မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေး ဦးကျော်နေဝင်း ဦးစီးလုပ်ကိုင်နေတဲ့ Omni Focus General Service ကုမ္ပဏီလီမိတက်က ချေးယူထားတဲ့ ကျပ်ငွေ ဘီလီယံ ၅၀ ကို တစ်နှစ်ကျော်တဲ့အထိ အတိုးမဆပ်တဲ့အတွက် ဧရာဝတီဘဏ်က တရားစွဲဆိုသွားမယ်ဆိုလို့ ဧရာဝတီဘဏ် သတင်းထုတ်ပြန်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြပေးထားပါတယ်။
■ မနေ့က Omni Focus တာဝန်ရှိသူ ဦးကျော်နေဝင်းနဲ့ ဧရာဝတီဘဏ် တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးမှုအပြီး မတ်လ ၈ ရက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့အနေနဲ့ ချေးငွေအတိုးအရင်း ပေးဆပ်ဖို့ ကျန်တဲ့အပေါ် ဧရာဝတီဘဏ်ဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းအစိုးရအဖွဲ့နဲ့ YRTA အဖွဲ့ကို အကူအညီတောင်းခံခဲ့ပြီး တရားစွဲဆိုဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အထက်ပါအကြောင်းအရာပါကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ အခုလို ပြောပါတယ်။
"အဲဒါတော့ ဖြေလို့မရသေးဘူးပေါ့၊ ငါတို့အဆင့် ဖြေလို့မဖြစ်သေးဘူး ဟုတ်ပြီနော်၊ မင်းတို့မီဒီယာမှာ တက်နေတဲ့ မင်းတို့တွေ့တဲ့အတိုင်းပဲလေနော့၊ ဟုတ်ပြီနော် ပြောလို့မရဘူး"
လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ စာရွက်စာတမ်းတွေမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA အနေနဲ့ YBS စတင်အကောင်အထည်ဖော်ဖို့ အတွက် ငွေကျပ် သန်း ၁၀၀ သုံးစွဲမှာဖြစ်တဲ့အတွက် ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ညှိနှိုင်းဆောင်ရွက်လိုကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ရက်စွဲနဲ့ ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး မျိုးအောင်ဌေး လက်မှတ်နဲ့ စာတစ်စောင်ပါဝင်ပါတယ်။
လိုအပ်တဲ့ငွေကြေးအတွက် ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့ကို ကားအစီးရေ ၅၀၀ ဝယ်ယူဖို့ ကျပ်ငွေ ဘီလီယံ ၅၀ ကျော် ကို ဧရာဝတီဘဏ်က ထုတ်ချေးထားတာကို လစဉ်အတိုးအရင်း ပေးဆပ်ဖို့ ပါဝင်ပါတယ်။
အဲဒီကုမ္ပဏီ ၃ ခုဟာ ဧရာဝတီဘဏ်ကို လစဉ်အတိုးအရင်းပေးဆပ်ဖို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီဘဏ် တာဝန်ရှိသူ ဒါရိုက်တာ ဦးနေလင်းထွဋ် ကိုဆက်သွယ်ချိန်မှာ မေးမြန်းချင်သည့် အကြောင်းအရာအား တောင်းဆိုချိန်မှာ RFA သတင်းဌာနအနေနဲ့ သတင်းအတွက် လိုအပ်တဲ့အချိန် မလောက်ခဲ့တဲ့အတွက် ဆက်သွယ်မှု မပြုလုပ်တော့ဘဲ ဧရာဝတီဘဏ်ရဲ့ ထုတ်ပြန်ချက်ကိုသာ ပြန်လည်ရေးသား ဖော်ပြလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့က အာမခံချေးယူပေးထားတာဖြစ်ကြောင်း၊ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ညှိနှိုင်းမှု အဆင်မပြေရင်တော့ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီဝင် တစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
"ဝန်ကြီးချုပ်ကြီး ဖြေရှင်းပေးရင်တော့ ရတာပေါ့ဗျာ၊ အစိုးရအဖွဲ့ကဖြေရှင်း ကျတော် အနှစ်သာရ ပြောရရင်တော့ အစိုးရအဖွဲ့က ဖြေရှင်းမပေးတဲ့အတွက် အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ထွင်းရမယ့် အနေအထားဖြစ်တယ်၊ အချိန်ကြာလာတာပေါ့ဗျာ အစတည်းက သူတို့ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်၊ ဘဏ်ကလည်း တင်ပြတယ်၊ အခက်အခဲတွေကို YRTA ကိုတင်ပြနေတယ်၊ အဲဒီတင်ပြတာတွေကို အချိန်မီ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးနေရင် ဒီပြဿနာ လွှတ်တော်ကို ရောက်လာစရာအကြောင်းကို မရှိဘူး၊ အတိုးပေးမယ့် ကုမ္ပဏီကလည်း အဆင်မပြေဘူး မပေးနိုင်ဘူး ဘဏ်ကလည်း အတိုးယူချင်တာပေါ့၊ ဟိုဘက်ကလည်း မပေးနိုင်ဘူး၊ ဒါကိုပြေလည်အောင် မဖြစ်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် တရားရုံးကို ရောက်သွားနိုင်တာပေါ့"
ဧရာဝတီဘဏ် က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ပါဝင်တဲ့ Omni Focus ဟာ ချေးငွေ အတိုးအရင်း လစဉ်ပေးဆပ်ကြောင်း ကျန်ရှိနေတာကိုလည်း လစဉ်အကျေပေးဆပ်ဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က အကြောင်းပြန်ထားကြောင်း ပါဝင်ပြီး တရားစွဲဆိုမှုကိုလည်း ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြည်မြန်မာ သတင်းဂျာနယ် တစ်ခုတည်းကို ပေးခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဦးကျော်နေဝင်းက အခုလို ဖြေကြားထားပါတယ်။
"ကျတော်တို့ဒီကိစ္စနဲ့ ပတ်သက်လို့ ကျတော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါတယ်၊ နည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား တရားနည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား၊ ကျတော်တို့ဘက်က အသင့်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါသည်ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်လာပြီ၊ ဂုဏ်သိက္ခာပိုင်းနဲ့လည်း ဆိုင်တယ်၊ မူလပထမအစကနေ ကျတော်တို့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်၊ ဖြေရှင်းဖို့လည်း ကျတော်တို့အားလုံး ပြင်ဆင်ပြီးသားဖြစ်ပါတယ်၊ ခုနကကျတော် တင်ပြခဲ့သလိုပါပဲ ကျတော်တို့ အကောင့်ထဲကို ထည့်လိုက်တဲ့ မှားယွင်းစွာထည့်လိုက်တဲ့ ပိုက်ဆံကို ကျတော်တို့ကို အသိမပေးဘဲ ပြန်ထွက်သွားတဲ့ကိစ္စကို ကျတော်တို့ တရားစွဲဆိုသွားဖို့ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆို ဒါအကြောင်းကြားရမှာဖြစ်သလို ဒီကိစ္စကို ကျတော်တို့ အဆုံးစွန်ထိတင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်"
ဦးကျော်နေဝင်းရဲ့ ဖြေကြားမှုမှာ သတင်းရေးသားတဲ့ ဟစ်တိုင်သတင်းဌာနကိုလည်း မှန်ကန်သတင်းဌာန မဟုတ်ကြောင်း မှန်ကန်မှုမရှိတဲ့ သတင်းတွေကို ဆက်လက်ရေးသားမယ်ဆိုရင်သတင်းမီဒီယာ ကောင်စီကို တိုင်ကြားသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်မှုကို RFA သတင်းထောက်ထံ ဦးကျော်နေဝင်းက Viber မှတစ်ဆင့် ပို့ပေးတဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး အရင် မထသ စနစ်ကနေ YBS စနစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲခဲ့ပေမယ့် ယာဉ်လုပ်သားတွေရဲ့ ခရီးသွားတွေအပေါ် ဆက်ဆံရေး မပြေပြစ်တာနဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေသလို ယာဉ်လိုင်းတိုးချဲ့ ဖွင့်လှစ်တာတွေလည်း ရှိနေပါတယ်ခင်ဗျာ။