ချိပ်ပိတ်ခံရတဲ့ ခရစ်ယာန်မိဘမဲ့ကျောင်းက ကလေးငယ်တွေ နေစရာ ခက်ခဲနေ

2022.11.04
ချိပ်ပိတ်ခံရတဲ့ ခရစ်ယာန်မိဘမဲ့ကျောင်းက ကလေးငယ်တွေ နေစရာ ခက်ခဲနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရသည့် ခရစ်ယာန်မိဘမဲ့ကျောင်းအဆောက်အအုံကို တွေ့ရစဉ်။
Photo : Citizen Journalist

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်ထဲက ခရစ်ယာန် မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ထားတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်းမှာ ချိပ်ပိတ်ခဲ့ပြီး အိမ်မှာရှိနေတဲ့ ကလေးငယ်တွေနဲ့ ပစ္စည်းအသုံးအဆောင်တွေလည်း ညတွင်းချင်းဖယ်ရှားခံခဲ့ရပါတယ်။

အဲဒီလိုဖယ်ရှားခံရတာကြောင့် ပစ္စည်းတွေကို ရပ်ကွက်ဓမ္မာရုံနဲ့ နီးစပ်ရာအိမ်တွေမှာ ထားခဲ့ရပြီး ကလေးငယ်တွေကတော့ နီးစပ်တဲ့ မိတ်ဆွေအသိုင်းအဝိုင်းက နေအိမ်တစ်ချို့မှာ ယာယီခိုလှုံနေရတာလို့ အဲဒီကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားသူ တစ်ဦးကပြောပါတယ်။

“ဒီလိုကြီးနေလို့ အဆင်မပြေတော့ ဖြစ်နိုင်ရင်တော့ အိမ်လေးတစ်လုံးငှားပြီးတော့ အဲဒီလိုလေး ပြန်နေချင်တယ်။ ကြိုးစားနေပါတယ်။ ” 

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်ခဲ့တာဖြစ်ပြီး အခုကလေးငယ်တွေကို စောင့်ရှောက်ထားသူတွေကတော့ အဲဒီအိမ်ကို ငှားရမ်းနေထိုင်သူတွေလို့ ဆိုပါတယ်။

မိဘမဲ့ဂေဟာသဘောမျိုးမဟုတ်ဘဲ ကလေးငယ်တွေကို စောင့်ရှောက်ဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ နေစရာအခက်အခဲဖြစ်နေတယ်လို့ အဲဒီကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားသူက ပြောပါတယ်။

“ကျွန်တော်က ခရစ်ယာန်ဖြစ်တော့ ခရစ်ယာန်ခံယူချက်အရ မုဆိုးမ ကလေးတွေ ဆင်းရဲတဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကြည့်ရတာ မင်္ဂလာရှိတယ်ဆိုတာ စိတ်ထဲမှာစွဲတယ်။ အဲဒါ ကျွန်တော့်စိတ်ကို နိုင်တယ်ဆိုတော့ ကိုယ်ထူကိုယ်ထလေးနဲ့ လုပ်နေပါတယ်။ ကလေးတွေကတော့ ဒီလိုပဲ ကျွန်တော့်သူငယ်ချင်းအိမ်မှာပဲ ခိုနေတယ်။ တစ်ချို့ကတော့ တစ်ခြားနေရာမှာ သွားထားတယ်။ တစ်ခြားသူငယ်ချင်းအိမ်မှာ နှစ်နေရာခွဲနေလိုက်တာပေါ့။ ကျွန်တော်တို့က ဒီလိုကြီးနေလို့ အဆင်မပြေတော့ ဖြစ်နိုင်ရင်တော့ အိမ်လေးတစ်လုံးငှားပြီးတော့ အဲဒီလိုလေး ပြန်နေချင်တယ်။ ကြိုးစားနေပါတယ်။ ဒါပေမယ့် လောလောဆယ်ထိတော့ အိမ်လည်းရှာမတွေ့သေးဘူး ရှာနေတုန်းပဲ နောက်ပြီးတော့ ငွေလည်း ရှာနေတုန်းပဲ”

အဲဒီအိမ်မှာ ငှားရမ်းနေထိုင်နေတာနဲ့ပတ်သက်လို့ စစ်တပ်နဲ့ရဲက သူ့ကို စစ်ဆေး မေးမြန်းမှုတွေရှိပေမယ့် ကလေးငယ်နဲ့ ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ သူကဆိုပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကလေးငယ် ၁၃ ဦးရှိပြီး ၁ဝ ဦးက ချင်းပြည်နယ် မတူပီမြို့နယ်က ချင်းတိုင်းရင်းသားတွေဖြစ်ပြီး ရှမ်းတိုင်းရင်းသားတစ်ဦးနဲ့ လီဆူ တိုင်းရင်းသား နှစ်ဦးပါဝင်တယ်လို့ ထိန်းသိမ်းစောင့်ရှောက်ထားသူတွေက ပြောပါတယ်။

သူတို့အထဲမှာ အသက်အငယ်ဆုံး နှစ်နှစ်ခွဲကနေ အကြီးဆုံး ၁၇ နှစ်ထိ ကလေးငယ်တွေပါဝင်ပြီး ယောကျာ်းလေး ရှစ်ဦးနဲ့ မိန်းကလေး ငါးဦး ပါဝင်ပါတယ်။

“သူတို့(စစ်ကောင်စီ)ကတော့ သိပ်ရက်စက်တာပေါ့ဗျာ ဘယ်သူမဆို သူတို့ကိုဆန့်ကျင်တယ်ထင်ရင် ကလေးလည်း မရှိဘူး။ ရက်ရက်စက်စက်နှိပ်ကွပ်ပစ်လိုက်မှာပဲ"

မိဘနှစ်ပါးလုံး မရှိတော့တဲ့ ကလေးတွေ မဟုတ်ဘဲ တစ်ချို့က မိခင်မရှိတော့တာ၊ တစ်ချို့ကလည်း ဖခင်မရှိတော့တာ စတဲ့ ကလေးငယ်တွေနဲ့ မိဘနှစ်ပါးလုံးရှိပေမယ့် ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ အဲဒီကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားသူတွေက ပြောပါတယ်။

နေအိမ်ကို ချိပ်ပိတ်ရတာက ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇွန်လ ၂ဝ ရက်ဝန်းကျင်က သပိတ်ကျင်းမှာ ကိုဝေယံလင်း (ခ) ကိုထွန်းတောက်နိုင်ဆိုသူကို ဖမ်းဆီးမိခဲ့ပြီး သူရဲ့ ထွက်ဆိုချက်အရ PDF နဲ့ KIA ပူးပေါင်းပြီး မန္တလေးမြို့မှာ ဖောက်ခွဲရေး သင်တန်းပေးဖို့ အိမ် လေးလုံးငှားခဲ့ကြောင်းနဲ့ အခုချိပ်ပိတ်ခဲ့တဲ့အိမ်ဟာ အဲဒီအိမ်တွေထဲက တစ်လုံးဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၃ ရက်နေ့က မီဒီယာတွေကို တုံ့ပြန်ပြောဆိုထားပါတယ်။

အခုချိပ်ပိတ်လိုက်တဲ့ နေအိမ်မှာ PDF တွေအခြေပြုနေထိုင်တာမျိုးမရှိခဲ့ဘဲ နေအိမ်ကို ချိပ်ပိတ်စစ်ဆေးတဲ့အခါမှာ အခုကလေးငယ်တွေကို တွေ့ရတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အခုချိပ်ပိတ်လိုက်တဲ့အိမ်က အဲဒီအိမ်လေးလုံးထဲမှာပါတဲ့ အိမ်တစ်အိမ်ဖြစ်တယ်။ အဲဒီမှာတော့ အခြေပြုနေထိုင်တာမျိုးတော့ မတွေ့ခဲ့ရဘူး။ အခုနောက်ပိုင်းမှာ ဒီအိမ်မှာ အိမ်ငှားတွေနေပြီး ကျွန်တော်တို့ အခုချိပ်ပိတ်စစ်ဆေးတဲ့အခါမှာ ကလေး ၁ဝ ယောက် တွေ့ရတယ်။ သူတို့အိမ်ငှားတွေကို မေးမြန်းချက်ထဲမှာ ဒါဟာမိဘမဲ့ကလေးတွေလို့ သူတို့ကပြောတာပဲ။ ကျွန်တော်တို့စစ်ဆေးနေဆဲပဲ ရှိသေးတယ်။ ဒီမသင်္ကာဖွယ် သတင်းရလို့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ အဲလို တွေ့ရတယ်။ အဲဒီမှာ မိဘမဲ့ကလေးဂေဟာ ဖွင့်တယ်တို့၊ မိဘမဲ့ ကလေးကျောင်းဖွင့်တယ်တို့ဆိုတဲ့ တရားဝင်မှတ်ပုံတင်ထားတာမျိုးမရှိဘူး။ သူတို့အစီအစဉ်နဲ့ သူတို့လုပ်နေတဲ့ပုံစံမျိုးကို တွေ့ရတယ်”

ကလေးငယ်တွေနဲ့ပတ်သက်လို့ မိဘမဲ့ ဟုတ်၊ မဟုတ် ဆက်လက်စီစစ်နေပြိး ဟုတ်ခဲ့ရင် တရားဝင်မိဘမဲ့ဂေဟာတွေထိ ပို့နိုင်ဖို့နဲ့ လူမှုကူညီကယ်ဆယ်ရေး ကိစ္စတွေက ဆက်လုပ်သွားမယ်လို့ သူကဆိုပါတယ်။

မန္တလေးမြို့ခံတစ်ဦးကတော့ နေအိမ်ကို ချိပ်ပိတ်၊ ကလေးငယ်တွေကို ညတွင်းချင်း ဆွဲထုတ်ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ကတော့ ရက်စက်လွန်းတယ်လို့ ဝေဖန်ပါတယ်။

“တိုင်းရင်းသားဒေသကလာတယ် ပြီးတော့ တစ်နိုင်တစ်ပိုင်ပေါ့လေ မိဘမဲ့တွေဘာတွေ အဲဒီလိုမျိုးတွေကို ထားထားတဲ့ ခေတ္တခိုလှုံတဲ့နေရာ အဲဒီလိုမျိုးတော့ သိထားရတယ်။ သူတို့(စစ်ကောင်စီ)ကတော့ သိပ်ရက်စက်တာပေါ့ဗျာ ဘယ်သူမဆို သူတို့ကိုဆန့်ကျင်တယ်ထင်ရင် ကလေးလည်း မရှိဘူး ရဟန်းသံဃာလည်းမရှိဘူး။ ဘာဆိုဘာမှမရှိဘူး။ အသက်ကြီးသော ငယ်သော ကျား၊ မ လည်း မခွဲဘူး။ သူတို့ဆန့်ကျင်တယ်ထင်ရင်တော့ ရက်ရက်စက်စက်နှိပ်ကွပ်ပစ်လိုက်မှာပဲ"

နေအိမ်ချိပ်ပိတ်ခဲ့တဲ့ အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၃ ရက်နေ့ထိ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေရယူထားသလို လမ်းကိုလည်း အတားအဆီးအကာအရံတွေချထားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာတော့ လမ်းတွေအားလုံး ပြန်ပွင့်ပြီး ပုံမှန်အတိုင်း သွားလာနေနိုင်ပြီ လို့ သူကဆိုပါတယ်။

နေအိမ် ချိပ်ပိတ်ခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကတော့ အဲဒီအဆောက်အအုံရှိနေတဲ့ ရပ်ကွက်ကို ည ခုနစ်နာရီလောက်ကစလို့ လျှပ်စစ်မီး ဖြတ်တောက်ပြီး တစ်ညလုံး အမှောင်ချထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ သူတို့ရဲ့ ပညာရေး၊ စားဝတ်နေရေးတွေကို ပိတ်ပင်တယ်ဆိုတာက တစ်ကယ့်ကို လူသားချင်းစာနာထောက်ထားမှုမဲ့တဲ့ လုပ်ရပ်တွေပေါ့နော်။”

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတင်ရေး တာဝန်ခံ Salai Mang Hre Lian ကတော့ ကလေးငယ်တွေ ခိုလှုံနေတဲ့အသိုက်အမြုံကို ညတွင်းချင်းဖယ်ရှားလိုက်တာကတော့ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့တဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။

“အခု SAC အစိုးရအနေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေရော၊ ကလေးသူငယ်တွေကို စာနာထောက်ထားမှုမရှိဘဲနဲ့ ဒီလိုမျိုး ချိပ်ပိတ်တာ။ သူတို့ရဲ့ ပညာရေး၊ စားဝတ်နေရေးတွေကို ပိတ်ပင်တယ်ဆိုတာက တစ်ကယ့်ကို လူသားချင်းစာနာထောက်ထားမှုမဲ့တဲ့ လုပ်ရပ်တွေပေါ့နော်။ တကယ့်ကို မလုပ်သင့်တဲ့ ချိုးဖောက်မှုတွေပေါ့”

အခုချိပ်ပိတ်ခံရတဲ့ နေအိမ်တည်ရှိတဲ့ (စ) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် လူ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့ညပိုင်းမှာလည်း ရပ်ကွက်ထဲက နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလိုဖြစ်ပွားပြီး နောက်တစ်ရက်မှာပဲ ကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာစသိမ်းချိန်ကနေ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်အဆောက်အအုံ ၇၈၆ လုံးထက် မနည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။