ကချင်မြေရှားသတ္တုလုပ်ကွက်ပြိုကျပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ နှစ်ဆယ်ခန့် ပျောက်ဆုံးနေ

RFA Burmese
2024.06.05
ကချင်မြေရှားသတ္တုလုပ်ကွက်ပြိုကျပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ နှစ်ဆယ်ခန့် ပျောက်ဆုံးနေ ချီဖွေမြို့နယ် ပန်ဝါမြို့အနီးရှိ မြေရှားသတ္တုလုပ်ကွက်တစ်ခု ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မြေပြိုကျမှုဖြစ်ခဲ့စဉ်။
Screenshot Video: Citizen Journalist

[Update: 5: 28 PM, June 5, 2024]

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တု တူးဖော်တဲ့လုပ်ကွက်တစ်ခု ဇွန်လ ၄ ရက် မနေ့က မြေပြိုကျခဲ့ရာမှာ လူ ၂၅ ဦးခန့် မြေစာပုံထဲပါသွားခဲ့ပါတယ်။

အဲဒီအထဲက တရုတ်နိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသားလေးဦး၊ စုစုပေါင်း လူငါးဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မနက်က ရှာတွေ့ထားပေမဲ့ ကျန် လူ ၂၀ နီးပါးကတော့ ပျောက်ဆုံးနေဆဲပဲလို့ မြေရှားသတ္တုတူးဖော်တဲ့ အလုပ်သမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူ နှစ်ဆယ်ခန့်မှာ တရုတ်နိုင်ငံသားသုံးဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။

အဲဒီတရုတ်နိုင်ငံသားလေးဦးဟာ ဘတ်ဟိုးလို့ခေါ်တဲ့ စက်ယန္တရား မောင်းသူ နှစ်ဦးနဲ့ သတ္တုကန်မှာ ဓာတုဆေးရည်တွေဖျော်စပ်တဲ့ နှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမြေပြိုကျတဲ့နေရာဟာ ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်အမှတ် (၃) အနီးက မြန်မာမျိုးကိုကိုကုမ္ပဏီရဲ့ လုပ်ကွက်မှာ ဖြစ်သွားတာလို့လည်း ဆိုပါတယ်။ ဒီဒေသဟာ စစ်ကောင်စီ လက် အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

“အရင် ညကတည်းက မြေပြိုနေတုန်းမှာ၊ မနက်လည်းပြိုနေတဲ့အချိန်မှာ တရုတ်တွေက အလုပ်က လုပ်ခိုင်းနေသေးတယ်။

အခုမြေပြိုမှုဟာ မြေရှားသတ္တုတူးဖော်တဲ့ နေရာမှာ လူအသေအပျောက်အများဆုံး ဖြစ်စဉ်တစ်ခုလို့ မြေပြိုတဲ့ နေရာအနီးက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြေရှားသတ္တုတူးဖော်တဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“အရင် ညကတည်းက မြေပြိုနေတုန်းမှာ၊ မနက်လည်းပြိုနေတဲ့အချိန်မှာ တရုတ်တွေက အလုပ်က လုပ်ခိုင်းနေသေးတယ်။ တောင်အောက်မှာ နည်းနည်းပြိုကျပြီး ပုံနေတဲ့ဟာကို ဘတ်ဟိုးနဲ့ကော်ပြီး ရှင်းခိုင်းရာမှာ ဒေါက်ဖြုတ်လိုက်သလိုဖြစ်သွားတာ။ အဲဒါမြေကော်တာတောင် မပြီးခင်မှာပဲ တစ်ခါတည်းပြိုကျလာပြီ။ အဲဒါပြိုပြီး နောက်နာရီဝက်လောက်ဆို တစ်ခါပြန်ပြိုတယ်။ အဲဒီချိန်မှာ အကြီးအကျယ်ကိုပြိုတာ။ အဲဒီအချိန်မှာလည်း လူတော်တော်များများပျောက်သွားတယ်။ ရှေ့က ပြိုတဲ့အထဲက လူတွေကို ရှာနေတဲ့ သူတွေလည်း ပါသွားတယ်။ တရုတ်တွေက ရှေ့ကပြိုပြီးတာနဲ့ လူရှာခိုင်းတယ်လေ။ ပြန်ပြိုလာတာကိုလည်း မသိဘူးထင်တယ်”

မြေပြိုကျတဲ့တောင်ဟာ ပေတစ်ထောင်ကျော်ခန့်မြင့်ပြီး အလုပ်သမား သုံးရာကျော်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ကွက် တစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြေပြိုကျတဲ့အထဲမှာ ဆော့လော်မြို့နယ်က အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျန်တဲ့ သူတွေကတော့ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းတွေကို ဒီနေ့ညနေအထိ ရှာဖွေနေကြ ဆဲပဲလို့ ပျောက်ဆုံးနေသူ အမျိုးသမီးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတူမလေးကတော့ ဆိုင်ရောင်းနေတာ။ သူများဆိုင်မှာ အရောင်းဝန်ထမ်းအနေနဲ့ သွားလုပ်နေတာ။ ငါတို့ တူမလေးကို အလောင်းမတွေ့သေးဘူး။ အလောင်းရှာတွေ့ဖို့လည်း မလွယ်ဘူးလို့ ပြောကြတယ်။ မြေက ပြိုနေတုန်းပဲတဲ့။ ရေလည်း အများကြီးစိမ့်ထွက်နေတယ်။ ဒီတစ်ခေါက်ကျတော့ အကြီးအကျယ် သူတို့က အဲလိုမျိုး အရမ်းလောဘကြီးတာတဲ့။ ရေပိုက်လည်းမဆက်၊ ပြီးတဲ့နေရာတွေမှာရေထည့်၊ ဘေးကျင်းလည်းမဖောက်။ အဲလိုမျိုးဆို အောက်ကနေ ရေအိုင်လာပြီးမှ အကြီးအကျယ်ပြိုသွားတာ”

မြေပြိုတဲ့နေရာမှာ ပြည်သူ့စစ်တွေ လုံခြုံရေးတင်းကျပ်ထားပြီး မြေပြိုတဲ့ဓာတ်ပုံတွေ အင်တာနက်ပေါ်ကို တင်ရင် မြန်မာကျပ်ငွေ သိန်း သုံးဆယ်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ငါးထောင်အထိ ဒဏ်တပ်မယ်ဆိုတဲ့အကြောင်း ခြိမ်းခြောက်ထားတယ်လို့လည်း ပြောပါတယ်။

ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ကွက် ပြိုကျမှုတွေ ခဏခဏဖြစ်ပေါ်နေပြီး အချို့က သတင်းမပေါက်ကြားရအောင် ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နဲ့ ၂၉ ရက်နေ့တွေကလည်း ပန်ဝါဘက်က မြေရှားသတ္တု လုပ်ကွက်တွေ မြေပြိုမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာက မြေရှား သတ္တုတူးတဲ့ အလုပ်သမား အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မြေပြိုမှုဖြစ်ခဲ့သည့် မြေရှားသတ္တု တူးဖော်သည့် လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ (Screenshot Video: Citizen Journalist)
ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မြေပြိုမှုဖြစ်ခဲ့သည့် မြေရှားသတ္တု တူးဖော်သည့် လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ (Screenshot Video: Citizen Journalist)

မြေပြိုကျတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ မြန်မာမျိုးကိုကို ကုမ္ပဏီကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

အလားတူ မြေပြိုကျတဲ့အထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးက မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်တွေမှာ လူထိခိုက်မှုရှိလာရင် လျော်ကြေးပေးပြီး ဖြေရှင်းလေ့ရှိပေမဲ့ အခုဖြစ်စဉ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်တွေက ထိခိုက်တဲ့လူအတိအကျ စာရင်းမထုတ်ပြန်ဘူး။ လူတွေကိုလည်း ရှာချင်ရင်ရှာ မရှာချင်ရင် မရှာတော့ဘူး။ မရှာချင်တော့ရင်လည်း ဘယ်သူတွေဆိုတာ နာမည် စာရင်းကြည့်ပြီး လျော်ကြေးပေးတာပဲ များတယ်။ ပြဿနာဖြစ်ပြီဆိုရင် ဆုံးသွားတဲ့ အိမ်သားတွေကိုခေါ်ပြီး လျော်ကြေးနဲ့ ဖြေရှင်းတာများတယ်။ အခုက သေတဲ့သူတွေလည်း တအားများတော့ ဘယ်လိုလာမလဲမသိဘူး”

မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ရက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) က ကုမ္ပဏီတွေက စည်းကမ်းမဲ့ တူးဖော်တာကြောင့် အခုလို မြေပြိုတာတွေ ဖြစ်ပေါ်နေတာလို့ RFA ကို ပြောပါတယ်။

“ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်အပေါ်မှာလည်း မူတည်တာပေါ့နော်။ မြေကို သူတို့ ဘယ်လိုထိန်းသိမ်းလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော့်အမြင်တာကတော့ မြေပြိုတာကို တားဖို့ဆိုတာက ဖြစ်နိုင်မှု အင်မတန်မှ နည်းတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့တူးတဲ့ ပုံစံက တောင်တကာမှာ ကျင်းတွေလိုက်ဖောက်ပြီး တူးတယ်ပေါ့နော်။ ဒါပြီးရင် သူတို့က စည်းကမ်းလည်းမရှိဘူး။ အဲဒီမှာရှိတဲ့ သစ်ပင်တွေ ခုတ်ထွင် ရှင်းလင်းလိုက်တော့ အဲမှာကုတ်မယ့် မြေသားကို ထိန်းသိမ်းပေးတဲ့ဟာတွေလည်း မရှိတော့ဘူး။ ဒါကို တိတိကျကျလုပ်ဖို့ဆိုရင်တော့ ပညာရှင်တွေနဲ့ စနစ်တကျလုပ်မှ ဖြစ်နိုင်မယ်လို့ထင်တယ်”

ကမ္ဘာ့သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ကချင်အထူးဒေသ(၁) ပန်ဝါမြို့နဲ့ ချီဖွေမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး သတ္တုတူးဖော်တဲ့ ဆိုက်ပေါင်း သုံးရာကျော်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ဧရိယာဖြစ်တဲ့ မိုးမောက်မြို့နယ်မှာလည်း ၂၀၂၁ ခုနှစ်က မြေရှားသတ္တု တူးဖော်တဲ့ သတ္တုဆိုက် ကိုးခုပဲရှိရာကနေ ၂၀၂၃ မှာ သတ္တုဆိုက် ၄၀ ကျော်အထိ တိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

(မှတ်ချက် - ပျောက်ဆုံးသူအရေအတွက်နှင့် ဒေသခံများ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။