တရုတ်နယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.09.28
တရုတ်နယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စယ်လန့်ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
Tai Community Daily News

တရုတ်-မြန်မာ နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်ခန့်ဟာ နယ်စပ်တစ်လျှောက်နဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

မူဆယ်-နမ့်ခမ်းလမ်းပိုင်းက စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ယာဉ်တန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ အခုအချိန်အထိ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ တာပါ။

"ပြေးလိုက် လွှားလိုက်နဲ့ဆိုရင် နှစ်လကျော်တောင် ရှိသွားပြီ။ ဘာမှ လုပ်ကိုင်စားသောက်မှုလည်း မရှိဘူး”

တိုက်ပွဲတွေကြောင့် မူဆယ်မြို့နယ်အတွင်း နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ နမ့်ကတ်နဲ့ စယ်လန့်ကျေးရွာတွေ အပါအဝင် ရွာခုနစ်ရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ကတ်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခါတိုင်းဆိုရင် မပြေးဘူး ၄၅ ကုန်းကနေ ၁၂၀ လှမ်းထုတာမပြေးဘူး။ တစ်မြန်နေ့ညက ထုလိုက်တာ ထွက်ပြေးတာ ရှိတယ် အဲဒီနမ့်ခမ်းမှာ။ ဖိုက်တာနဲ့ လာထုတာဆိုတော့လေ။ လာထုတာလည်း နေ့ မဟုတ်ဘူး ညဆိုတော့လေ။ ခံစားရ တာပေါ့ဗျာ။ အိမ်တောင်လှုပ်တယ်။ ပြေးလိုက် လွှားလိုက်နဲ့ဆိုရင် နှစ်လကျော်တောင် ရှိသွားပြီ။ ဘာမှ လုပ်ကိုင်စားသောက်မှုလည်း မရှိဘူး။ ပြီးတော့ ကလေးရဲ့ ရှေ့ရေးပညာ ရေးအတွက်လည်း နှစ်လအတွင်းမှာ အတော်လေး အထိနာနေတာပေါ့ဗျာနော်။ ဒီနားတစ်ဝိုက်မှာ”

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှာ လူဦးရေ ၉၀ ကျော်၊ ကောင်းတပ်ရွာမှာ  ၁၀၀ ကျော်နဲ့ မူဆယ်မြို့နယ် နမ့်စန့်ကျေးရွာမှာ ၃၀၀ ကျော်ကို လက်ခံထားတယ်လို့ သူက ဆိုပါတယ်။ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေကို ယာယီရှောင်တိမ်းနေကြသူတွေကတော့ အနည်းဆုံး လူ ၁၀၀ ခန့်ရှိနိုင်ပြီး အခြားနေရာတွေကို တိမ်းရှောင်နေရသူအရေအတွက်ကိုတော့ စာရင်းမရသေးဘူးလို့ သူက ပြောပါတယ်။

စယ်လန့်ကျေးရွာအုပ်စုအတွင်းက ကျေးရွာသားအချို့ကတော့ မူဆယ်မြို့ကို ထွက်ပြေးကြတာရှိပေမယ့် အများစုကတော့ သူတို့ကျေးရွာမှာပဲ သတိနဲ့နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေ ခေတ္တငြိမ်နေတယ်ဆိုပေမယ့် ကျေးရွာအနီး နှစ်ဖက်တပ်တွေရှိနေတာကြောင့် တိုက်ပွဲဆက်ဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့  စယ်လန့်ရွာသား အိုက်စိုင်းက ပြောပါတယ်။

“သူတို့က နှစ်ဖက်စလုံး ရွာထဲမှာနေနေတဲ့ အခါကျတော့ ကျွန်တော်တို့ကလည်း မောင်းထုတ်လို့ မရဘူးလေဗျာ။ ဖြစ်နိုင်ရင်တော့ တောထဲမှာ သွားချခိုင်းစေချင် ကြတာပေါ့။ နှစ်ဖက်စလုံး ပြည်သူကို ကာဗာယူပြီး လာနေ နေ တာကျတော့ မကောင်းပါဘူး။ စီးပွားရေးလည်း ထိခိုက်တာပေါ့။ ပြီးတော့ ဘယ်သူမှ ဘာမှ လုပ်လို့မရတော့ ဘူးလေ။ ရွာထဲမှာတိတ်ဆိတ် အခုထိပဲ ဘာမှ လုပ်စားလို့မရ။ ရွာထဲမှာ တိုက်ပွဲဖြစ်မှာကိုပဲ စိုးရိမ်တာပါ။ ရွာထဲမှာ ပစ်ခတ်တာတို့ ပြည်သူလူထု ထိခိုက်မှာကို စိုးရိမ်ကြတာပေါ့”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက် ည ၁၀ နာရီအချိန်လောက်မှာ တရုတ်နယ်စပ်နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ မူဆယ် - နမ့်ခမ်းလမ်းပိုင်းအနီးက TNLA တပ်ဖွဲ့ရှိရာ လွယ်မောက်တောင်တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးအပါအဝင် ဗုံးခြောက်လုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ TNLA တပ်ဖွဲ့ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

“လွယ်မောက် အဲဒီဘက်မှာ ညလေယာဉ်နဲ့ သုံးလေပြန်လောက် ပျံပြီးမှ နှစ်ကြိမ်ပေါင် ၅၀၀ ဗုံးနဲ့ လာကြဲတယ်။ ကျန်တဲ့ဗုံးအသေးတွေလည်း ခြောက်ကြိမ်လောက်ရှိတယ် လာကြဲတာ။ အဓိက တော့ တောတွင်းမှာပဲ ဖြစ်တဲ့ အတွက် ဘာမှ ထိခိုက်တာတော့မရှိဘူး။ သူတို့ ဘာကြောင့် လာရောက် ထိုးစစ်ဆင်တိုက်ခိုက်လဲတော့ ကျွန်တော်တို့မသိဘူး။ လက်ရှိမှာတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ စစ်ပုံစံနဲ့ ပြန်တိုက် နေရတာပေါ့။ တိုက်ပွဲက ၂၂ ရက်နေ့လောက်ကတည်းက ကျွန်တော်တို့ဘက်က ပြန်လည်တိုက်ခိုက်တာ မရှိဘူး။ သူတို့ဘက်ကတော့ နေ့စဉ်လိုပဲ လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်ဆိုရင် ဒရုန်းနဲ့ပါ တိုက်ခိုက်တာတွေရှိတယ်”

ပေါင် ၅၀၀ ဗုံးဟာ မီတာ ၃၀ ပတ်လည်အထိကို ထိခိုက်မှုရှိပြီး ဗုံးကျရောက်တဲ့ မြေပြင်ဟာ လူတစ်ရပ်ကျော်ခန့် ချိုင့် ဖြစ်သွားတဲ့အထိ ပြင်းထန်တယ်လို့လည်း ပြောပါတယ်။

လွယ်မောက်တောင်ပေါ်ရှိ TNLA တပ်စခန်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲခံရပြီးနောက် တွေ့ရစဉ်။ (Photo: News & Information Department)
လွယ်မောက်တောင်ပေါ်ရှိ TNLA တပ်စခန်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲခံရပြီးနောက် တွေ့ရစဉ်။ (Photo: News & Information Department)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းကလည်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒါ့အပြင် အဲဒီနေ့ညပိုင်းမှာလည်း နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။ အဲဒီနေ့က ကျေးရွာသားတွေ ထိခိုက်မှုမရှိပေမယ့် နောက်ထပ် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရမှာစိုးရိမ်လို့ ရွာသား နှစ်ရာခန့် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ငေါ့ငါးကျေးရွာသူ လွေး က RFA ကို ပြောပါတယ်။

“ဘာမှလည်း မရှိဘူး ရွာမှာ နေ့လယ်တစ်နာရီ ဂျက်လေယာဉ်နဲ့လာပစ်တာ။ သူတို့ နမ့်ဖတ်ကာကနေ ၁၀ နာရီခွဲ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တော့ တစ်လုံးကတော့ အိမ်ထိတယ်။ ဘယ်သူမှ သွားမကြည့်ရဲသေးဘူး။ လူထိ တာတော့မရှိဘူး။ ကျည်ဆန်စတွေတော့ ရွာထဲတော့ ဝင်တယ် လူတော့မထိဘူး။ ဒီနေ့ကျတော့ ပြေးတဲ့သူလည်း ပြေးတယ်၊ ပုန်းခိုကျင်းထဲနေတဲ့ သူလည်း နေနေတယ်။ နေတဲ့သူကတော့ နည်းနည်းပဲရှိတော့တယ်။ တချို့လည်း တောဘက်ပြေးသွားတာ ရွာထဲမနေရဲတော့ဘူး”

တိုက်ပွဲအခြေအနေတွေအပြင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ကိစ္စနဲ့ ပတ်သက်လို့  စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အလားတူ နှစ်နိုင်ငံနယ်စပ်အနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တရုတ်နိုင်ငံဘက်ခြမ်းကို ရှောင်တိမ်းတာတွေရှိနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တရုတ်နယ်စပ် မူဆယ်မြို့ဟာ စီးပွားရေးအရ အရေးပါတာကြောင့် TNLA ဘက်က ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာကို စစ်ကောင်စီဘက်က လက်မခံတဲ့အတွက် အခုလို ကာလကြာရှည် တိုက်ပွဲတွေဖြစ်နေတာလို့ သုံးသပ်ပါတယ်။

“ကုန်သွယ်ရေးဇုန်ထိန်းချုပ်တာ၊ ပိတ်ပင်တာ၊ ကန့်သတ်တားဆီးတာ ဆိုတဲ့ အလုပ်တွေကို TNLA ကလုပ်မှာ မဟုတ်ပါဘူး။ အဲဒီလမ်းကြောကြီး စည်ပင်ဝပြောနေရင် သူ့ရဲ့ အခွန်ကောက်ဧရိယာက အများကြီးကို ကျယ် သွားပြီလေ။ တစ်နည်းအားဖြင့် သူ့ရဲ့ သြဇာခံ နယ်မြေအဖြစ် စစ်ရေးအရ ထိန်းချုပ်တာ မဟုတ်ဘဲနဲ့ စီးပွားရေးအရ သူက ထိန်းချုပ်တဲ့ သဘောတွေ ရှိနေတယ်။ စစ်ကောင်စီကလည်း အဲဒါကို လုံး၀ အထိအပါး မခံနိုင်ဘူးဖြစ်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြီး ပိတ်သွားအောင် TNLA ကတော့ ထိန်းချုပ်မယ့် အနေအထား တော့မရှိပါဘူး။ တရုတ်နဲ့လုပ်နေတာဖြစ်တာကို။ အဲဒါကြောင့်လည်း စစ်ကောင်စီက TNLA ကို ဦးတည်ပြီးတော့ ဖိအားပေးနေတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်”

နယ်စပ်ကုန်သွယ်ရေးဇုန်ရှိနေတဲ့ မူဆယ်မြို့ တစ်ခုလုံးကို TNLA ဘက်က ထိန်းချုပ်သွားမှာကိုတော့ တရုတ်ဘက်က လိုလားမှာမဟုတ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား ၂၀၂၂ ဒီဇင်ဘာလအတွင်းက နမ့်ဆန်းမြို့နယ် ကုန်းသာကျေးရွာမှာ တိုက်ပွဲကြီးကြီးမားမား တစ်ကြိမ်ဖြစ်ခဲ့တာကလွဲလို့ ထိတွေ့တိုက်ပွဲတွေ နည်းခဲ့ပါတယ်။

အခုနှစ် ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ကစလို့ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုးနဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ပြန်ဖြစ်လာနေတာပါ။

TNLA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ မိုးကုတ်၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၂၃ ရက် နေ့ကနေ စက်တင်ဘာလ ၂၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး သံဃာတစ်ပါးအပါအဝင် ၁၃ ဦးဒဏ်ရာ ရခဲ့ပါတယ်။

သေဆုံးထိခိုက် ဒဏ်ရာရသူ ကိုးဦးထဲက ခုနစ်ဦးဟာ လက်နက်ကြီးထိမှန်တာကြောင့်ဖြစ်ပြီး ကျန်အမျိုးသား နှစ်ဦးကတော့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။