စစ်ပွဲတွေကြောင့် ဘာသာရေးအဆောက်အအုံ ရာချီ ပျက်စီးနေ
2022.03.30

မြန်မာနိုင်ငံအတွင်း မြင့်တက်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ရာနဲ့ချီတဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရကြောင်း Asia News သတင်းက ဖော်ပြပါတယ်။
ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ပြည်သူ့ ခုခံမှုတွေကြောင့် စစ်ကောင်စီအထိနာနေပြီး ကရင်ပြည်နယ်မှာ စစ်တပ်က အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့အတွက်၊ ဒေသခံ အနည်းဆုံး တစ်သိန်းခွဲဝန်းကျင် ပြည်တွင်းနေရာရွှေ့ပြောင်းသူတွေ ဖြစ်သွားခဲ့ရပါတယ်။ အထူးသဖြင့် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြင်းထန်တဲ့ နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ ဘာသာရေးအဆောက်အအုံ တစ်ရာဝန်းကျင် ထိခိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ ဒီဇင်ဘာလကစပြီး ခရစ်ယာန်ဘာသာဝင်တွေ များပြားတဲ့ ချင်းနဲ့ ကယားပြည်နယ်တွေ ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ချင်းပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၃၅ ကျောင်းနဲ့ ဆက်စပ်အဆောက်အအုံ ၁၅ ခု ဖျက်ဆီးခံခဲ့ရကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကယားပြည်နယ်မှာ ဘုရားကျောင်း အနည်းဆုံး ၁၂ ကျောင်း ဖြိုဖျက်ခံခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့ချိန်က ဘာသာရေးဆိုင်ရာနေရာတွေကို အကာအကွယ်ပေးမယ်လို့ စစ်ဗိုလ်ချုပ်တွေက အာမဘန္တေခံခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဧပြီလကစပြီး တိုင်းရင်းသားလူမျိုးစု တွေရဲ့ တန်ပြန်ခုခံမှုတွေနဲ့အတူ အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၅၀ ဖျက်ဆီး လုယက်ခံခဲ့ရ ပါတယ်။
ဒီလအစောပိုင်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပန်တောရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ခံရလို့ ကျောင်းအတွင်း ခိုလှုံနေကြသူ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အဲဒီဒေသက ချင်းပုန်းရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ် ၈ဝ ကို လူသားဒိုင်းအဖြစ် အနည်းဆုံး ၃၆ နာရီကြာ အသုံးပြုခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက ညှိနှိုင်းဖို့ ကြိုးစားခဲ့ရာမှာ ဘုန်းကြီးကို သေနတ်နဲ့ချိန်ပြီး ကျောင်းဝင်းအပြင် ထွက်ခွင့်မပေးခဲ့ဘူးလို့ ဒေသခံရွာသားတစ်ဦးက ပြောဆိုပါတယ်။
အခုအခါ အဲဒီဘုန်းကြီးကျောင်းကို စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေပြီး ဘုန်းကြီးကျောင်းအတွက် ဒေသခံတွေ လှူဒါန်းထားတဲ့ ကျပ်ငွေ သန်းငါးဆယ်လည်း ပျောက်ဆုံးနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။ အခုလို ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့ ကြံရာမရ သွေးရူးသွေးတန်း လုပ်ရပ်တွေဖြစ်ကြောင်း ဧရာဝတီသတင်းကလည်း ဖော်ပြပါတယ်။

ကယားပြည်နယ်မှာလည်း အခုလတ်တလော စစ်တပ်က စပါးခင်းတွေထဲမှာ ထောင်ထားတဲ့ မိုင်းဗုံး တွေကို ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့က ဖယ်ရှားခဲ့ပါတယ်။
ကရင်ပြည်နယ်မှာလည်း အခု သီတင်းပတ်တွေအတွင်း ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ပြည်နယ်အတွင်း၊ နေရာအတော်များများကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဆေးရုံ၊ ဆေးခန်းတွေအပါအဝင် ကျန်းမာရေးဌာနတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေ ထိမှန်ခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ကတော့ မိမိဘက်က ဆုံးရှုံးမှု မရှိဘဲ စစ်ကောင်စီဘက်မှာ သေဆုံးသူ အနည်းဆုံး ၆၀ ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ အရပ်ဘက်ပြည်သူ အနည်းဆုံး တစ်သိန်းခွဲ နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ဒေသခံဘာသာရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အကူအညီတွေ ဆောင်ရွက်ပေးနေကြပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ပညာရေးနဲ့ ဝေးကွာခဲ့ရတဲ့ ကလေးတွေအတွက် စာသင်ကျောင်းလည်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။