ဘာသာရေးလွတ်လပ်ခွင့်နဲ့ “အထူးစိုးရိမ်ဖွယ်နိုင်ငံစာရင်း”

2018-12-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်း USCIRF မှ ထုတ်ပြန်သော အစီရင်ခံစာ။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်း USCIRF မှ ထုတ်ပြန်သော အစီရင်ခံစာ။
Photo: RFA

ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ “အထူးစိုးရိမ်ဖွယ်ကောင်းသည့်နိုင်ငံ” Country of Particular Concern (CPC) ၁ဝ နိုင်ငံစာရင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ…လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အပေါ် ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံကိုလည်း စာရင်းမှာ ထည့်သွင်းထုတ်ပြန်လိုက်ပါတယ်။

RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားပါတယ်။
~~~~~~~~~~

ဘာသာရေးလွတ်လပ်ခွင့်နဲ့ “အထူးစိုးရိမ်ဖွယ်နိုင်ငံစာရင်း”

(ဇင်မာဝင်း)

■ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆူဒန်၊ အော်ဒီအာရေးဗျ အပါအ၀င် ၁၀ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့ နိုင်ငံတွေဖြစ်ပြီး စိုးရိမ်ရတဲ့အဆင့်မှာ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်လိုက်တာပါ။

၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာနိုင်ငံမှာ မွတ်စလင်မုန်းတီးရေး တွန်းအားပေးမှုတွေ လူမျိုးကြီးဝါဒနဲ့ လူမျိုးရေးခွဲခြားစိတ်တွေ ဖြန့်ဝေမှုတွေ ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်း USCIRF က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ USCIRF ဟာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ချိုးဖောက်မှုတွေကို စောင့်ကြည့်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အထက်လွှတ်တော်တို့ကို မူဝါဒရေးရာအကြံပြုချက်တွေ ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တကယ်ပဲ လွတ်လပ်စွာကိုးကွယ်ခွင့် စိုးရိမ်နေရပြီလားဆိုတာ ပြည်တွင်းက ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေကို မေးမြန်းရာမှာ ထောက်ခံကြပါတယ်။

မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပဓာနနာယက ဦးအရိယာဝံသာ ဘိဝံသ က မြန်မာပြည်မှာ ဘာသာရေးကို အသုံးချနေသူတွေကြောင့် လွတ်လပ်ခွင့်မရဘဲဖြစ်နေတာလို့ အခုလိုမိန့်ပါတယ်။

“မှန်တယ်ပဲ ပြောရမှာပေါ့နော်။ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ သိပ်ကောင်းလှတယ်မဟုတ်ဘူး။ တိုင်းပြည်အခြေအနေကိုက ဒီအပြောင်းအလဲမှာ လှေပြောင်းပြန်လှော်တဲ့ အုပ်စုတွေက ရှိနေတာဆိုတော့ ကျုပ်တို့က မရှိပါဘူး ငြင်းလို့မရဘူးဖြစ်နေတယ်။ ဘာသာရေးကို အသုံးချမှုကြောင့် တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်အောင် လုပ်ပြီးတော့ လွတ်လပ်ခွင့်မရအောင် လုပ်ခံရတဲ့အခြေအနေတွေလည်းပါတယ်။”

ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တွေကြားမှာတင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်မရဘဲ ချိုးဖောက်ခံနေရတာတွေ ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကတော့ ဘာသာရေးကျောင်းတွေ၊ ဗလီတွေ ဆောက်လုပ်ခွင့် ခက်ခဲမှုတွေအပြင် ချိတ်ပိတ်ခံရတာတွေ ၀တ်ပြုဖို့ စုရုံးတာ တားမြစ်ခံရတာတွေ ဖိအားပေးခံရတာတွေ ကန့်သတ်ချုပ်ချယ်ခံရတာတွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။

အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက အခုလိုပြောကြပါတယ်။

“နယ်ဘက်မှာကျတော့ ခရစ်ယာန်နဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေမှာ နှောင့်နှေးကြန့်ကြာတာတွေ ရှိတယ်။ ဥပမာ အဆောက်အဦး လုပ်တော့မယ်ဆိုရင် အဆင့်ဆင့်သွားရတာပေါ့နော်။ သာသနာပိုင်နယ်မြေအဆင့် သတ်မှတ်တာတွေ မရတာတွေ အဲဒါတွေကတော့ ရှိနေတုန်းပဲလေ။ ဗုဒ္ဓဘာသာအများကြီးရှိတဲ့နေရာမှာ ခရစ်ယာန်ဘုရားရှိခိုးတာတွေ ဘာတွေ မကြိုက်ဘူး။ အဲဒါတော့ ဒေသမှာကျောင်းထိုင်တဲ့ဘုန်းကြီးတွေနဲ့လည်း ဆိုင်ပါတယ်။ အားလုံးကိုတော့ မပြောလိုပါဘူး။”

ဒါကတော့ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြားရှိတဲ့ ကချင်ပြည်နယ်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ပြောသွားတာပါ။

ဆက်လက်ပြီး လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ဒေါက်တာလာဇရုက----


“တခြားနေရာမှာတော့ လွတ်လပ်စွာကိုးကွယ်ခွင့်ရနေပါတယ်။ ဒါပေမဲ့ “၀” အထူးဒေသ ၂ မှာတော့ ခရစ်ယာန်တွေကို နှိပ်စက်တယ်။ ဘုရားကျောင်းတွေ ပိတ်တယ်။ ဘုရားစာမဖတ်ရ၊ ဓမ္မဆရာတွေ ဖမ်းချုပ်ခံရတယ်။ ဘာသာရေးကိုပိတ်ပင်တာ မကောင်းဘူးလေ။”

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ခရစ်ယာန်ဘာသာရေးဆရာ ၁၀၀ ကျော်နဲ့ ကျောင်းသား ကျောင်းသူတွေ စုစုပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ဘုရားကျောင်းတွေ ချိတ်ပိတ်ခံရတာတွေ ရှိခဲ့ပါတယ်။ အခုချိန်ထိ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ၂ဝ လောက် လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ဒေါက်တာလာဇရု က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်ကစပြီး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရတဲ့ အထူးစိုးရိမ်ဖွယ်ကောင်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေတာနဲ့ပတ်သက်လို့ မြန်မာအစိုးရသက်ဆိုင်ရာဝန်ကြီးဌာနရဲ့ သဘောထားကို မေးမြန်းရာမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းဝင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်နေတယ်လို့ RFA ကို ဖြေကြားခဲ့ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း လက်တွေ့မှာ အပြည့်အ၀မရရှိကြောင်း ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာတရားအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးရမယ်လို့ ပြဌာန်းထားပါတယ်။ အဲဒါတွေက အခုထက်ထိတော့ အပြည့်အ၀မြေပြင်မှာ မခံစားရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ၁၉၆၂ ခုနှစ်ကတည်းက ဗလီတလုံးမှ ဆောက်ခွင့်မရဘူး။ ဘာသာရေးကျောင်းတခုမှလည်း ဆောက်ခွင့်မရဘူး။ နောက်တခါ အစ္စလာမ်ဘာသာဖြစ်တယ်ဆိုတာနဲ့တင် အလုပ်ခန့်ထားရေးမှာ အရင်က အတိုင်းပဲ နောက်တန်းမှာချန်ထားခြင်း ခံနေရတာတွေ အခုထက်ထိရှိနေတုန်းပဲ။ ဘာသာပေါ်မှာ အကြောင်းပြုပြီး တန်းတူအခွင့်အရေးမရတာက ရှိနေတုန်းပါ။”

အလားတူ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးညွန့်မောင်ရှိန် က ၂ဝ၁၂ ခုနှစ်နောက်ပိုင်းကစပြီး အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးမှုများတဲ့ကာလဖြစ်နေတယ်လို့ ပြောပါတယ်။

“ဗလီတွေ ပိတ်ထားတယ်။ ကိုယ့်အိမ်မှာလည်းကိုယ် ဘုရားရှိခိုးလို့မရဘူး။ ကျောင်းတွေလည်း ဖွင့်ခွင့်မရဘူး။ ကလေးငယ်တွေလည်း ပညာသင်ဖို့ အခက်အခဲတွေ့ရတယ်။ ၂ဝ၁၂ ခုနှစ်နောက်ပိုင်းကစပြီး အခုအထိ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်က ထိခိုက်နေတယ်။”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ

“ဘာသာရေးကိစ္စတွေက တိုင်းရင်းသားလူမျိုးအရေးတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ဆက်နွယ်နေတော့ လုံခြုံရေး ကာကွယ်ရေးနဲ့ပတ်သက်လာပြီဆိုရင် ကျွန်တော်တို့ကအပြည့်အ၀ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ အပိုင်းတော့ ရှိပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတာကလည်း ဘာသာရေး လူမျိုးရေးမူတည်ပြီး ခွဲခြားဆက်ဆံတဲ့စနစ် ပပျောက်အောင် ကျနော်တို့ လုပ်နေတာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘာသာရေးအရ ချိုးဖောက်မှုတွေ ထိုက်သင့်သလောက်ရှိနေတယ်ဆိုတာ ကျနော်တို့ ဝန်ခံရမှာပါ။ သို့သော်လည်း ဒီဟာတွေ ပပျောက်အောင် လုပ်နေတယ်ဆိုတာ အသိအမှတ်ပြုသင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် အစ္စလာမ်ဘာသာအပေါ် ဖိနှိပ်ချုပ်ချယ်တာတွေ ခွဲခြားဆက်ဆံတာတွေ ကန့်သတ်ချုပ်ချယ်တာတွေ အများဆုံးရှိနေတာလို့ ဝေဖန်နေကြတာပါ။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေ လွတ်လပ်စွာသွားလာနိုင်ဖို့၊ နိုင်ငံသားဖြစ်ခွင့်ရရှိဖို့ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။

အဲဒီတိုက်တွန်းချက်တွေထဲကတခုက ရိုဟင်ဂျာမွတ်စလင်တွေကို သူတို့ရွေးချယ်ထားတဲ့အတိုင်း မည်သူမည်ဝါဖြစ်ကြောင်းသတ်မှတ်ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ခေါ်ဝေါ်သုံးနှုန်းဖို့ တိုက်တွန်းထားတာ ပါဝင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က အခုလိုသုံးသပ်ပါတယ်။

“မောင်တော ဘူးသီးတောင်ဒေသကရှိတဲ့အခြေအနေကို ဖြေရှင်းဖို့၊ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ ပြန်လာဖို့အတွက်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လူမျိုးတမျိုးရဲ့နာမည်ပေါ့နော်။ အိန္ဒိယ၊ တရုတ်၊ ဂေါ်ရခါး လို့ သုံးနှုန်းသလိုမျိုး ကျနော်တို့ လက်ခံမလား။ တဖက်ကလည်း မဖြစ်နိုင်တဲ့တိုင်းရင်းသား တောင်းဆိုမှုကို စွန့်လွှတ်ပြီး နိုင်ငံသားဖြစ်ရေးအတွက်ပဲ ကြိုးစားမလားဆိုပြီး တင်ပြဖူးပါတယ်။ ဆိုလိုတာကတော့ အားလုံးကလက်ခံမယ်ဆိုရင် နာမည်တခုကြောင့် တစ်ဆို့နေတာမဟုတ်ဘဲ တိုင်းရင်းသား နိုင်ငံသားဆိုတဲ့ကိစ္စနဲ့ပဲ ချဉ်းကပ်တာပိုကောင်းမယ်လို့ ကျနော်တော့ မြင်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ကျနော်တို့နိုင်ငံမှာ ဘာသာတွေကြားထဲမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်အရ ပွတ်တိုက်မှုတွေ ရှိနေပေမယ့် တဖက်ကလည်း အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေက ဒီအခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နေတယ်ဆိုတာကိုတော့ အသိအမှတ်ပြုသင့်တာပေါ့”

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ ----

“လောလောဆယ်မှာ အငြင်းပွားဖွယ်ရာများကို ရှေ့တန်းမတင်ဘဲ ပြန်လည်သဟဇာတဖြစ်ရေး ဥပဒေစိုးမိုးရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေရဖို့က အဓိကလို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာဆိုတာကိုတော့ ပြောပိုင်ခွင့်ရှိပါတယ်။ ဒါကို ကျနော်တို့ဘာမှ ပိတ်ပင်တားဆီးလို့မရဘူး။ သို့သော်လည်းပဲ ဦးစားပေး တစ်၊ နှစ်အနေနဲ့ စဉ်းစားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

ယုံကြည်ကိုးကွယ်ခွင့်ကို မြန်မာအစိုးရနဲ့ တပ်မတော်က အတိအကျတားမြစ်ပိတ်ပင်ထားတာ မရှိပေမယ့် လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ရခိုင်ပြည်မြောက်ပိုင်းအရေးတွေကြောင့် ဘာသာရေးနဲ့ လူမျိုးရေး ပွတ်တိုက်မှုတွေ ပဋိပက္ခတွေ ဖြစ်ပေါ်နေရတာလို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီအပေါ်မှာ အစိုးရက တရားဥပဒေအရ အရေးယူအပြစ်ပေးနိုင်မှု ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေတာကိုတော့ ဝေဖန်နေကြပါတယ်။

မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပေါ်ပေါက်နေရတဲ့အကြောင်းအရင်းကို သီးခြားစစ်ဆေးမှုပြုလုပ်ခွင့်ပေးဖို့နဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှု လွတ်လပ်ခွင့်အပေါ် တိကျတဲ့ ချိုးဖောက်မှုတွေ၊ လူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့သူတွေ၊ အဲဒီလိုချိုးဖောက်ဖို့ လှုံ့ဆော်သူတွေကို တာဝန်ခံစေတာတွေ လုပ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ချိုးဖောက်မှုတွေအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံခြားက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးရုံးမှာ ထားရှိတဲ့ “အထူးသတ်မှတ်ထားတဲ့ နိုင်ငံသားများ” စာရင်းမှာ အမည်ထည့်သွင်းတာ၊ ဗီဇာပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေ ပိတ်ပင်တဲ့ ပစ်မှတ်ထားအရေးယူတာတွေ ဆောင်ရွက်ဖို့လည်း အကြံပြုထားပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတကာအဆင့်အတန်းနဲ့အညီ အမုန်းတရားဟောပြောမှုတွေကနေ ကာကွယ်တဲ့ ဥပဒေမူကြမ်းရေးဆွဲဖို့ကိုလည်း တိုက်တွန်းထားပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့