စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသခံတွေ အခက်တွေ့နေ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခုနစ်မိုင်ခန့်အကွာရှိ အကြဲနှင့် ဖရောရွာကြား လမ်းကြောင်းဖြတ်တောက်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဥ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခုနစ်မိုင်ခန့်အကွာရှိ အကြဲနှင့် ဖရောရွာကြား လမ်းကြောင်းဖြတ်တောက်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Screenshot from Citizen Video)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သိမ်းယူထားတဲ့ မြို့နယ် ၁၆ မြို့နဲ့ ဆက်သွယ်ထားတဲ့လမ်းတွေကို စစ်ကောင်စီက ဒီလလယ်လောက်မှာစပြီး ဖြတ်တောက်လိုက်ပါတယ်။ ကုန်စည်သယ်ယူခွင့်တွေပါ ကန့်သတ်လိုက်တာကြောင့် အဲဒီမြို့တွေမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်လာသလို ကျန်းမာရေးပြဿနာနဲ့ လူမှုစီးပွားဘဝတွေပါ ထိခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့မြို့တွေကို အဓိကဆက်သွယ်တဲ့လမ်းပိုင်းတွေကို သီပေါနဲ့ ကျောက်မဲမြို့ နှစ်နေရာကနေ ဖျက်ဆီးပိတ်ဆို့ထားပြီး ကိုးကန့် တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ သိန္နီ၊ ကွမ်းလုံ၊ ချင်း ရွှေဟော်၊ လောက်ကိုင်ကို အဓိကဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုတော့ လားရှိုးမြို့နယ်အတွင်း နေရာသုံးခုကနေ ဇွန် ၁၃ ရက်နေ့မှာ ဖြတ်တောက်လိုက်တာပါ။

"ဆန်၊ စားသုံးဆီ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထားပါတယ်"

တိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှာ ကုန်ကားကြီးတွေ သွားလာလို့မရတော့ဘဲ တစ်ပိုင်တစ်နိုင် ကားငယ်တွေနဲ့ပဲ တောလမ်းတွေကနေ ကုန်စည်နဲ့လူတွေကို သယ်ယူပို့ဆောင်နေကြရတာ ဖြစ်ပါတယ်။

လက်ရှိသွားလာနေတဲ့လမ်းတွေကိုလည်း စစ်ကောင်စီဘက်က မြောင်းတူးပြီး ထပ်မံ ဖြတ်တောက်လိုက်တာကြောင့် တစ်ပိုင်တစ်နိုင် ကုန်စည်ပို့တဲ့ကားငယ်တွေပါ သွားလာလို့ မရတော့ပါဘူး။

မြောင်းတူးပြီး ဖြတ်တောက်ခံထားရတဲ့ နေရာတွေကနေ လူနဲ့ကုန်စည်တွေကို အပြောင်းအရွှေ့ လုပ်ပြီးသွားနေရတာကြောင့် ကုန်စည် သယ်ဆောင်ခတွေ နှစ်ဆနီးပါး ဈေးတက်သွားတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

“သွားချင်စိတ်ကို မရှိတော့တာ ဘာမှမကျန်ဘူး။ အခု ဟိုဘက် ဒီဘက် ကမ်းလေးတောင် ခုနစ်သိန်းလောက် ကုန်တယ်။ ကိုယ့်ပစ္စည်းကိုကဲ့ပြီး ဟိုဘက် ဒီဘက်ပေးရတာတင်က အဲဒီတော့ ဘာမှမထူးတော့ဘူးလေ။ အဲဒီတော့ ခဏနားတာပဲ ကောင်းတယ်လေ”

ဆန်၊ စားသုံးဆီ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေး အခက်အခဲအပြင် ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေပါ ကန့်သတ်ခံရတာကြောင့် ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ ဖြစ်လာတယ်လို့ သိန္နီမြို့က မုန့်မျိုးစုံရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အဲဒီမှာ သူတို့ နှစ်ဆင့်သယ်ရတဲ့အခါကျတော့ အဆင်မပြေတော့ဘူး။ ကျွန်တော်တောင်မှ ဈေးထဲမှာ မုန့်ရောင်းနေတာ ပစ္စည်းကပြတ်သွားပြီ။ အဓိက ကုန်စည်စီးဆင်းမှုက လားရှိုးကနေ သယ်တာကိုနော့။ စားသောက်ကုန်တွေက အသားငါးကအစ။ ဆေးဝါးဆို ပြတ်သလောက်တောင် ရှိနေပြီ”

ကွတ်ခိုင်မြို့မှာတော့ အခုရက်ပိုင်း ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းအထိ ဈေးမြင့်တက်သွားတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီမှာက ၈၈၁ တို့ ၅၀၂ တို့ အဲဒီဆန်တွေပဲ စားတာ များတယ်။ ၈၈၁ က တစ်သိန်းနှစ်သောင်းခွဲကနေ တစ်သိန်း ခုနစ်သောင်းကျော်သွားပြီ။ ဒီမှာက မျှော်လို့တောင် မရတော့ဘူး။ ပေါ်ဆန်းမွှေးတို့ ပေါ်ကျွဲတို့ဆိုတာ။ ဗမာဆန်တွေတော့ မစဥ်းစားနဲ့တော့ ရှမ်းဆန်တောင် သိန္နီကထွက် ရှမ်းဆန်”

စက်သုံးဆီတွေလည်း ပြတ်တောက်မှာ စိုးရိမ်တာကြောင့် ဒေသခံတွေ အလုအယက် ဝယ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ ကုန်စည်ပြတ်တောက်မှုအပြင် အခြေခံဆေးဝါးတွေပါ ပြတ်လပ်လာတာကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အခြားနာတာရှည် ကျန်းမာရေးချို့တဲ့သူတွေ အရေးပေါ် ဆေးရုံဆေးခန်းပြရမဲ့သူတွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေပါတယ်။

"စစ်ကောင်စီက လမ်းပိုင်းတွေဖြတ်တောက်လိုက်တဲ့ တစ်ပတ်အတွင်း ကြုံနေရတာပါ"

တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်တွေနဲ့ ထိစပ်နေတဲ့ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်မြို့နယ်တွေမှာတော့ ပြည်တွင်းက အခြေခံစားသောက်ကုန်တွေ အဝင်မရှိသလောက် ဖြစ်နေတာကြောင့် ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတွေကိုပဲ အဓိက အားထားနေရပါတယ်။

နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့နယ်တွေမှာလည်း အခုရက်ပိုင်း ဆန်တစ်အိတ် သယ်ယူခ ကျပ်သုံးသောင်းကျော်အထိ ဈေးတက်သွားတယ်လို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။ အရင်က လားရှိုး-နမ္မတူ ကုန်ပစ္စည်း သယ်ယူခ တစ်ပိဿာ ကျပ်ငါးဆယ်၊ တစ်ရာဝန်းကျင် ဈေးရှိတာကနေ လက်ရှိမှာ တစ်ပိဿာကို ကျပ်တစ်ထောင်ကျော် ဈေးဖြစ်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

သီပေါမြို့နယ် မိုးတေရွာအနီးတွင် ဖျက်ဆီးခံထားရသည့် သီပေါ-နမ္မတူလမ်းပိုင်း တစ်နေရာအား၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: TNLA)
သီပေါမြို့နယ် မိုးတေရွာအနီးတွင် ဖျက်ဆီးခံထားရသည့် သီပေါ-နမ္မတူလမ်းပိုင်း တစ်နေရာအား၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: TNLA)

ဒါဟာ စစ်ကောင်စီက လမ်းပိုင်းတွေဖြတ်တောက်လိုက်တဲ့ တစ်ပတ်အတွင်း ကြုံနေရတာပါ။ နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ ဒီထက် ပိုတက်လာနိုင်သလို အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ ပြတ်လပ်တဲ့အထိ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ဟိုင်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်နေတာဖြစ်ပြီး အခုရက်ပိုင်းမှာ လေကြောင်း လက်နက်ကြီးသုံးတိုက်ခိုက်တာတွေ ပိုဆိုးလာတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။

“ဟိုင်ဂင် သဘောတူညီမှုနောက်ပိုင်းမှာ မနေ့ကအထိတော့ အခြေအနေက ပိုဆိုးတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ စစ်ကောင်စီက ကျွန်မတို့ကိုဦးတည်ပြီး တိုက်ခိုက်လာနေတဲ့အတွက်ကြောင့် ကျွန်မတို့ဘက်က ရဲဘော်တွေ အသက်ပေးလှူသွားတာတွေရှိသလို အရပ်သားတွေ သေဆုံးသွားတာတွေလည်း ရှိပါတယ်”

TNLA ထိန်းချုပ်နယ်မြေက ဒေသခံတွေကြုံနေရတဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ကသိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ဒီနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဟိုင်ဂင်သဘောတူ စာချုပ်အရ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့တို့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။

ဟိုင်ဂင်အပစ်ရပ်စာချုပ်အရ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ထားဖို့၊ မြောက်ပိုင်းအဖွဲ့တွေဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်မလုပ်ဖို့၊ စစ်ကောင်စီဘက်ကလည်း အပစ်ရပ်ထားတဲ့မြို့တွေမှာ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ မလုပ်ဖို့၊ နယ်စပ်ကုန်သွယ်ရေး စခန်းတွေပြန်ဖွင့်နိုင်ဖို့နဲ့ အပစ်ရပ်စာချုပ် ခိုင်မာရေး ဆက်ဆွေးနွေးဖို့ စတာတွေကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။