စက်ရုံကပစ္စည်းတွေ ယူလို့ဆိုပြီး ဒေသခံ ၄၀ ခန့်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖမ်းဆီးထား

RFA Burmese
2024.03.09
စက်ရုံကပစ္စည်းတွေ ယူလို့ဆိုပြီး ဒေသခံ ၄၀ ခန့်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖမ်းဆီးထား စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံပစ္စည်းများ ယူဆောင်ခဲ့သည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ အမှတ် (၆) အထည်စက်ရုံက ပစ္စည်းတွေသွားယူတဲ့ ဒေသခံ ၃၆ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာတော့ လက်ပံကျွန်း၊ ဆားထုံးနဲ့ တောကျောင်းရွာတွေက ဒေသခံ သုံးရာဝန်းကျင်ဟာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

"၃၆ ယောက်လုံးရဲ့ ခိုးရာပါပစ္စည်းတွေဖြစ်တဲ့ ဆိုက်တွဲတွေ၊ ဆိုင်ကယ်တွေကအစ သက်သေခံပစ္စည်းတွေရှိပါတယ်ဗျ"

ဖမ်းဆီးခံထားရတဲ့ ဆားထုံးရွာခံနှစ်ဦးရဲ့ မိသားစုဝင်ကတော့ နှစ်ဦးစလုံးနဲ့ အခုထိ အဆက်အသွယ်မရဘူးလို့ RFA ကို ပြောပါတယ်။

“ပြန်လွှတ်မယ် ပြောတယ်ဆိုတာကလည်း သူတို့က ဘယ်ရက်လို့ မပြောဘူး။ အကြောင်းပြချက်ကလည်း ဘာတွေမှန်းကို မသိတာ။ အခုစိတ်ဆင်းရဲနေတာ ဆိုင်ကယ်နှစ်စီးရော မောင်တစ်ယောက်နဲ့ အစ်ကို တစ်ယောက်က ပါသွားသေးတယ်ဗျ။ ပြီးကျတော့ ထမင်းချိုင့်ကိုလည်း သူတို့က ကောင်းကောင်းမွန်မွန် မကျွေးနိုင်ဘဲနဲ့ ခင်ဗျားတို့ ကောင်းကောင်းမွန်မွန် မကျွေးနိုင်ဘူးဆိုရင်လည်း အိမ်ကပို့ပေးမယ်ပြောတော့လည်း အပို့မခံဘူး။ လူချင်းတောင် အတွေ့မခံဘူး။ အဲနေ့ညကလည်း စောင်သွားပို့တော့လည်း စောင်အပေးမခံဘူး”

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးကလည်း ပစ္စည်းတွေလာယူတဲ့ ရွာသုံးရွာက အမျိုးသား ၂၇ ဦး၊ ကလေးမိခင်တစ်ဦးနဲ့ အမျိုးသမီးရှစ်ဦးတို့ကို ဖမ်ဆီးထားတာလို့ RFA ကို အတည်ပြုပါတယ်။

“၃၆ ယောက်ဗျ။ အဲဒီ ၃၆ ယောက်လုံးရဲ့ ခိုးရာပါပစ္စည်းတွေဖြစ်တဲ့ ဆိုက်တွဲတွေ၊ ဆိုင်ကယ်တွေကအစ သက်သေခံပစ္စည်းတွေရှိပါတယ်ဗျ။ ကလေးမိခင်တွေတော့ပါတယ်။ ကျွန်တော်တို့ ဖမ်းလိုက်တာက ည ၂ ချက်ခွဲ ၃ နာရီလောက်မှာ ဖမ်းလိုက်တာပေါ့နော်။ မြို့နယ်ပလဖရုံးကို သွားမယ်လို့ ခေါ်လိုက်တဲ့အချိန်ကျမှ ကလေးတွေကို မိခင်ရင်ခွင်ထဲ လာထည့်ပေးကြတာ။ ကလေးမိခင်တစ်ယောက်တည်း အမျိုးသမီးရှစ်ယောက်”

ဖမ်းထားသူတွေကို ဒဏ်ကြေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးဖို့ရှိတယ်လို့ မြို့နယ်ပအဖတာဝန်ခံက ပြောပေမယ့် နေ့ရက်အတိအကျကိုတော့ ထုတ်မပြောပါဘူး။

နောက်ထပ် ဆားထုံးရွာခံတစ်ဦးကတော့ ဒေသခံတွေဟာ စားစရာမရှိလို့ ကြံရာမရတာကြောင့် အခုလို စက်ရုံကပစ္စည်းတွေ ယူရတာလို့ RFA ကို ပြောပါတယ်။

“အစ်မကတော့ မှန်တာပြောရရင် ကိုယ့်ရွာဒေသခံလူတွေအတွက်ကတော့ မီးလည်းလောင်ထားတော့ စားစရာ မရှိတဲ့အတွက် ကြံရာမရတဲ့အတွက် သူတို့ (ဒေသခံကာကွယ်ရေးအဖွဲ့တွေ) က ရှေ့ကယူတော့ နောက်က ယူတယ်ပေါ့နော်။ ဘာမှလည်း စီးပွားမဖြစ်ဘူးပေါ့။ စားဖို့သောက်ဖို့လောက်ပဲ ရတာပေါ့နော်။ အဲဒါကို သူတို့က ဇာချဲ့ပြီး ဖမ်းတယ်ဆိုတော့ သူတို့က စစ်ကောင်စီထက်ကို ဆိုးနေပြီ”

အဲဒီစက်ရုံက ပစ္စည်းတွေကို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာယူတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံပစ္စည်းများအား  ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ) (ပလဖ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံပစ္စည်းများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ) (ပလဖ)

ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တာဝန်ရှိသူတစ်ဦးကတော့ (NUG) လက်အောက်ခံ အဖွဲ့တွေအနေနဲ့ အဲဒီစက်ရုံကပစ္စည်းတွေကို မယူဘူးလို့ ငြင်းဆိုလိုက်ပြီး လာယူသူတွေကိုလည်း အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“အခုကျွန်တော်တို့လည်း အချိန်နဲ့တပြေးညီ ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့နယ်တာဝန်ခံ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ မြို့နယ်တာဝန်ခံ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံတွေနဲ့ အရေးပေါ်အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်ပြီးတော့ ဒီကိစ္စကို အညင်သာဆုံးနဲ့ အကောင်းဆုံး ပြည်သူတွေကိုလည်း မထိခိုက်အောင် ထိန်းသိမ်းဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ် ခင်ဗျ”

အဲဒီစက်ရုံအနီးက ဆားထုံး၊ ထန်းဇင်၊ တောကျောင်းနဲ့ လက်ပံကျွန်းရွာတွေကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်း အဲဒီစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် စက်ရုံ ဖောက်ထွင်းမှုတွေရှိလာတာကြောင့် လုံခြုံရေးယူထားရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီစက်ရုံအထဲမှာ ကျပ်သိန်းငါးဆယ်ခန့်တန်ဖိုးရှိတဲ့ ယက်ကန်းစင် ရှစ်ရာကျော်နဲ့ ချည်မျှင်စက်တွေရှိပြီး လက်ရှိမှာတော့ တော်တော်တော်များများ ပျက်စီးကုန်ပြီလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။