ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား သေဆုံး
2025.01.18

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့အပြင် ညောင်ရွှေမြို့နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့က လက်နက်ကြီး သုံးလုံးထက်မနည်း ပစ်ခတ်တဲ့အခါ တစ်လုံးကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် လူ သုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ညောင်ရွှေဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးလာပြီးတော့ အခုစစ်ရှောင်နေတဲ့ ဘုရားတောင်ပေါ်က ပရဟိတ ကျောင်းကို လက်နက်ကြီးတွေနဲ့ လှမ်းထုလိုက်တာ။ ဖြစ်တာက ဘုရားတောင်မှာ။ ပရဟိတကျောင်းမှာ နှစ်ယောက် ဆုံးသွားတယ်။ တစ်ယောက်က ဆေးရုံပို့တာမှာ ဆုံးတာ ဟုတ်တယ်”
ရေပူကျေးရွာက ၅ နှစ်နဲ့ ၁၅ နှစ် အရွယ် ယောက်ျားလေး နှစ်ဦးနဲ့ ၄၀ ကျော်အရွယ် အမျိုးသားတို့ သေဆုံးသွားပြီး ဒဏ်ရာရသူတွေအထဲက စိုးရိမ်ရသူ ခြောက်ဦးကို တောင်ကြီးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
"စစ်ကြောင်းထိုးလာပြီးတော့ အခုစစ်ရှောင်နေတဲ့ ဘုရားတောင်ပေါ်က ပရဟိတကျောင်းကို လက်နက်ကြီးတွေနဲ့ လှမ်းထုလိုက်တာ။ ပရဟိတကျောင်းမှာ နှစ်ယောက် ဆုံးသွားတယ်"
ဘုရားတောင်ကျေးရွာနဲ့ ရေပူကျေးရွာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ တစ်ထောင်နီးပါး နေထိုင်တယ်လို့ သူက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ပအိုဝ်းဒေသမှာ တိုက်ပွဲကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရ
ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး
တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းငါးဦး သတ်ဖြတ်ခံရကြောင်း PNLA ပြော
စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်က ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်း ထိုးနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဆီဆိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက သွားထိုးတယ် မနေ့က ဘယ်မှာဖြစ်လဲဆိုတော့ ဖြီကျွတ်ပေါ့ တောင်ရှေ့ကျေးရွာ အုပ်စုပဲဗျ။ ဘယ်နားနီးလဲဆိုတော့ ကောင်းတပ်ဘက်နီးတယ်။ အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ်လို့ကြားတယ် PNLA ဘက်က”
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆတဲ့ ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ပင်လောင်း၊ ညောင်ရွှေအစပ်က ကျေးရွာတွေဘက်ကို အခုရက်ပိုင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေပါ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းအဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေတာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒါ့အပြင် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ပါတယ်။
ပအိုဝ်းဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ PNO ပူးပေါင်းအဖွဲ့ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ၂၀၂၄ ခုနှစ်ကတည်းက တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ဒေသခံတွေ ဆက်တိုက် ထိခိုက်သေဆုံးနေတယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ရဲ့ တာဝန်ရှိသူ လီလီက ပြောပါတယ်။
“စစ်ရေးတင်းမာမှုတွေရှိတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေ ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ရှောင်ခဲ့ကြရတဲ့ ဒေသခံပြည်သူတွေက နေရပ်ကို မပြန်နိုင်ကြသေးတာဖြစ်တယ်ပေါ့။ မနေ့တုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ တော်တော် ဆိုးဆိုးရွားရွားကြီးကို ဖြစ်သွားတာပေါ့လေ။ အဲဒီဒေသမှာ အသွားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကန့်သတ်ခံထားရတာပေါ့”
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ မောက်မယ်နဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့မှာ ၂ဝ၂၄ နှစ်စကနေ ၂ဝ၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နှစ်အတွင်း တိုက်ပွဲတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့ပြီး နှစ်ရာနီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံ ၇၀,၀၀၀ ခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဇန်နဝါရီလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။