တိုင်းရင်းသားတွေနဲ့ ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ဖို့ NUG ကို SNLD ခေါင်းဆောင်တိုက်တွန်း

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.24

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် သူတို့ အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဆောင်ရွက်မယ်လို့ မေလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ တိုင်းရင်းသားပါတီတွေထဲမှာ အင်းအားအကောင်းဆုံးပါတီ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် SNLD ပါဝင်ဖို့ အရေးကြီးတယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။ CRPH က ထုတ်ပြန်ခဲ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၁ ကို SNLD က ကမကထပြု ရေးဆွဲခဲ့တာဖြစ်ပြီး အပိုင်း ၂ ကိုရေးဆွဲရာမှာတော့ SNLD ရဲ့ သဘောထားကို ရယူခဲ့ခြင်း မရှိဘူးလို့ သတင်းထွက်ပါတယ်။ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီသတင်းကို ဝေဖန်ပြောကြားဖို့ ငြင်းဆိုပြီး NUG နဲ့ သူတို့ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဝန်ကြီး ဆလိုင်းလျန်မှုန်းရဲ့ အခု ကြေညာချက်ကို သူကြိုဆိုတယ်လို့ ပြောပါတယ်။

“NUGရဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ဆလိုင်းလျန်မှုန်းရဲ့စာ တွေ့လိုက်တော့ နည်းနည်းလေး စိတ်အေးသွားတယ်။ ပြီးခဲ့တဲ့ ရက်က သူတို့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော် မရှင်ဖွဲ့လိုက်တယ်။ အဲဒီအဖွဲ့ဟာ Federal Democracy Charter အပိုင်း ၂ ကို ရေးတဲ့အဖွဲ့တွေဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ စိုးရိမ်သွားတာက NUCC မှာ သဘောတူထားတဲ့အတိုင်း NUCC ရဲ့ Guide Line အတိုင်း လုပ်ဆောင်ရမယ့် လုပ်ငန်းကို NUG တခုထဲ အလုပ်လုပ်မှာလား။ NUG မှာ ပါမလာတဲ့ အဖွဲ့အစည်းတွေ ပါလာဖို့ ကြိုးပမ်းနေတဲ့အဖွဲ့တွေကို လမ်းပိတ်လိုက်ပြီလား ကျနော်တို့ စိုးရိမ်တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ လုပ်ပုံကိုင်နည်းအရသာ သူတို့ အဖွဲ့အစည်းအတွင်း လုပ်သင့်လုပ်ထိုက်လို့သာ သူတို့ဖွဲ့စည်းလိုက်ရတယ်၊ NUCC ရဲ့နည်းနာအတိုင်း ဆက်သွားမယ်၊ အစုအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်မယ်ဆိုတော့ နည်းနည်း စိတ်အေးသွားတာပေါ့ဗျာ။ အဲဒီအတိုင်းဘဲ စုပေါင်းဆောင်ရွက်ခြင်း နည်းလမ်းအတိုင်း ဆက်လက် လုပ်ဆောင်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်”

NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ရဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

“NUG အနေနဲ့ ဖေဖော်ဝါရီလ မကုန်ခင်လေးမှာဘဲ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမယ်လို့ ပြောတယ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ၈ဝ ရာခိုင်နှုန်းလောက် ဆွေးနွေးတိုင်ပင်ပြီးပြီ ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ PDF ဖြစ်သွားတယ်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် မဖွဲ့နိုင်တာဘာကြောင့်လဲ ၊ EAO တွေ မပါလို့လား၊ EAO တွေ မပါဘဲနဲ့ ကျနော်တို့ တော်လှန်ရေးအောင်မြင်နိုင်မယ်လို့ မမြင်ဘူး။ မြေပေါ်မြေအောက် စုပေါင်းပြီးလုပ်ဆောင်ရမဲ့ ကိစ္စမှာ NUG က တယောက်ထဲ ကန်ထရိုက်ဆွဲတာမျိုး မဖြစ်သင့်ဘူးလေ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်အရ ဒီနေ့ လိုမျိုး စုပေါင်းဆောင်ရွက်တဲ့ အနေအထား ရောက်အောင် စုပေါင်းခေါင်းဆောင်မှုစနစ်ကို ပြန်ပြီး ဦးတည်လာတာမို့ ဝမ်းသာစရာတခုဖြစ်တယ်လို့ ကျနော်တို့ ဒီလိုပဲ သုံးသပ်ပါတယ်။”

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဖြိုခွဲလိုက်ရင် နိုင်ငံတခုလုံးကို ထိန်းချုပ်လို့ရပြီဆိုတဲ့ စစ်ကောင်စီ အတွေးအခေါ်ကတော့ ဟောင်းနွမ်းနေပြီလို့ သူက ဝေဖန်ပါတယ်။

“အဲဒါက ကျနော်တို့ ပြီးခဲ့တဲ့ အနှစ် ၂ဝ-၃ဝ ကနေ ဒီနေ့ထိ စွဲကပ်လာတဲ့အမြင်လု့ိ မြင်တယ်။ တနည်းအားဖြင့် NLD မရှိတော့ရင် အနီမရှိရင် အစိမ်း ဖြစ်မှာပေါ့ဗျာ။ အဲဒီအတွေးမျိုးက ဒီနေ့ ၂၁ ရာစု အလွန် Gen Z တွေ အချိန်မှာ ဒါတွေက ခေတ်မမီတော့ဘူးခင်ဗျ။ ကျနော်တို့တွေ တိုက်ပွဲတွေလုပ်နေကြတယ် သပိတ်တွေမှောက်နေကြတယ်ဆိုတာက NLD အတွက် မဟုတ်သလို တခြား ဘယ်ပါတီအတွက်မှ မဟုတ်ဘူး။ လူထုတရပ်လုံးက အာဏာရှင်ဆိုတဲ့ စနစ်ကို မလိုလားလို့ တိုက်နေကြတာ။ အဲဒီတော့ ဘယ်သူရှိရှိ မရှိရှိ အာဏာရှင်မရှိဖို့က အရေးကြီးဆုံးဘဲ။ အဲဒါကို ကျနော်တို့တွေ မေ့လို့ မဖြစ်ပါဘူး။”

အောင်မြင်မှုကြီးကြီးမားမား မမြင်ရသေးတဲ့ လတ်တလောအခြေအနေကို စိတ်ဓာတ်ကျစရာ အကြောင်း ဘာမှမရှိပါဘူးလို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ CDM လုပ်နေရင်း နဲ့ စားဝတ်နေရေး ခက်ခဲလာတာတွေ၊ ကိုယ့်တကိုယ်စာ လုံခြုံရေးတင်မက မိသားစု လုံခြုံရေးတွေပါ အထူးစိုးရိမ်ရတဲ့အခြေအနေ ဆိုက်ရောက်လာတော့ ဒီတော်လှန်ရေးကြီးက အောင်မြင်နိုင်ပါ့မလား ဘယ်တော့မှ ဆုံးခန်းတိုင်မလဲဆိုပြီး စိုးရိမ်သူတွေ ကြောင့်ကြသူတွေလည်း ရှိလာတာပေါ့၊ ဒါပေမဲ့ ကျနော်တို့ တခုသတိထားဖို့က ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ပေါ့နော်၊ အဲဒီကာလတွေတုန်းက အာဏာသိမ်းတယ် ကျနော်တို့ ပြန်ပြီးတော်လှန်ရတယ် ခုခံရတယ်ဆိုတာ ဒီအခြေအနေ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် တဖက်က မတရားသိမ်းပိုက်မှုဟာ ခေတ္တခဏ သူအသာစီးရသွားရင်တောင်မှ အကုန်လုံး သိနေကြတာက ဒီစစ်အာဏာရှင်စနစ်က မကောင်းဘူးဆိုတာ သိလာကြတာ၊ တတိုင်းပြည်လုံး အနှံ့က ဒီအတိုင်းပြ ဖြစ်နေကြတာဆိုတော့ ကျနော်တို့ အောင်မြင်ရမယ်လို့ ခံယူတယ် ဒီတိုင်းပဲ ယုံကြည်တယ်”

SNLD ပါတီအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး NUG ကို ဆက်လက်ဝိုင်းရံမှာ ဖြစ်တယ်။ တပြိုင်နက်မှာ NUG အနေနဲ့လည်း တိုင်းရင်းသားတွေနဲ့ စုပေါင်းအားကို အလေးအနက်ထားဖို့လိုတယ်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ဝေဖန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။