ဝင်ငွေခွန်ကောက်မှာကို ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကန့်ကွက်

ခင်ခင်အိ
2023.09.25
ဝင်ငွေခွန်ကောက်မှာကို ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကန့်ကွက် ထိုင်းမြန်မာ နှစ်နိုင်ငံသဘောတူညီချက် (MOU) နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို ၂ဝ၂၂ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ပြည်ပမှာရရှိတဲ့ ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီ က စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက အခု ပြင်ဆင်ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အခွန်အကောက်ဥပဒေထဲမှာ ဝင်ငွေခွန်ဥပဒေပါ ဝင်ငွေခေါင်းစဉ်တွေအနက် လစာမှအပ ပြည်ပနေနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ပြည်ပမှာရရှိတဲ့ စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန် စည်းကြပ်မယ်လို့ ဖော်ပြထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်း သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားတဲ့ အခွန်ငွေကို ဆောင်ရတဲ့အပြင် အခုထုတ်ပြန်လိုက်တဲ့ ဥပဒေအရ သူတို့ရရှိတဲ့ ဝင်ငွေထဲကနေ စစ်ကောင်စီကိုလည်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

"အခုလုပ်အားခနဲ့ အခန်းခ ပေးရတာနဲ့ စားတာနဲ့ဆို အပိုဝင်ငွေကမရှိဘူး။ အဲဒီထဲက ၁ဝ ရာခိုင်နှုန်း ဖြတ်ခံရဦးမယ်ဆိုတော့ အလုပ်သမားတွေက တအားနစ်နာတယ်"

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးရေးအဖွဲ့ AAC ရဲ့ဒါရိုက်တာ ဦးခိုင်က စစ်ကောင်စီက အခုလိုကောက်ခံမှုကို ပြည်ပရောက် မြန်မာတွေက လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

"ပြည်ပရောက်လုပ်သားတွေရဲ့ နိုင်ငံခြားဝင်ငွေကို အခွန်မကောက်ပါဘူးလို့ ဥပဒေမှာပြဌာန်းထားတာလေ၊ အခု သူတို့က ဥပေဒကို ပြန်ပြင်ပြီး အခွန်ကောက်မယ်ဆိုရင် နိုင်ငံခြားကလူတွေက တယောက်မှ ပေးမှာမဟုတ်ဘူး၊ နိုင်ငံခြားမှာဘဲ ပိုပြီးအဆင်ပြေသွားမယ်၊ နိုင်ငံခြားကဘဏ်တွေမှာဘဲ ငွေတွေထားကြမှာပေါ့"

ဘန်ကောက်မြို့မှာနေထိုင်တဲ့ ကိုဖြိုးပိုင်ကလည်း သူတို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီကို တရားဝင်အစိုးရလို့ မသတ်မှတ်တဲ့အတွက် အခွန်ကောက်လာရင် ပေးဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"သူတို့အနေနဲ့ ဒီလိုဝင်ငွေခွန်ကောက်မယ်ဆိုတာ မြန်မာနိုင်ငံသားတွေကလည်း သူတို့ကို အစိုးရလို့ သတ်မှတ်တာမရှိဘူး၊ အမေရိကန်တို့ အီးယူတို့က ပိတ်ဆို့အရေးယူလိုက်တာ ဒဏ်ခတ်တာ သူတို့အရှိုက်ကို တော်တော်ထိသွားပုံရတယ်၊ ဒါကြောင့် မရ ရတဲ့နည်းနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေပေါ် သူတို့ ဒါ မတရားလုပ်ဖို့ ကြံစည်တာဘဲ"

ထိုင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ ကိုရဲမင်းက ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်ရေးအတွက် ပံ့ပိုးမှုက စစ်ကောင်စီကို အထိနာစေတဲ့အတွက် အခုလို ဖိအားပေးတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"ဒါအကြမ်းဖက်စစ်အုပ်စုက ခန်းခြောက်လာတဲ့ သူတို့ဘတ်ဂျက်နဲ့အတူ ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေထဲက ဂုတ်သွေးစုတ်ချင်တဲ့သဘောပေါ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက အထူးသဖြင့် ဒီတော်လှန်ရေးမှာ အားကြိုးမာန်တက် ပါဝင်ကြတယ် ပုံမှန်ထောက်ပို့နိုင်တဲ့အတွက် ဒါအကြမ်းဖက်စစ်အုပ်စုကို အထိနာစေတယ်၊ ဒါကြောင့် ဖိအားပေးတဲ့ သဘောပေါ့"

စစ်ကောင်စီရဲ့ လစဉ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမဲ့အပေါ် ကန့်ကွက်ကြောင်း ပြည်ပရောက်မြန်မာတွေက စက်တင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်း ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေခံလစာငွေထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် (ဒါမှမဟုတ်) သုံးလတစ်ကြိမ်ကို စစ်ကောင်စီက သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ စာရင်းဖွင့်ပြီး မိသားစုကို ပေးပို့လွှဲပြောင်းရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလည်း ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်း ကောက်ခံမဲ့ အခြေအနေကြောင့် စစ်ကောင်စီဟာ သူတို့ နိုင်ငံခြားငွေ ရရှိဖို့အတွက် ပြည်သူတွေအပေါ် နည်းလမ်းပေါင်းစုံအသုံးပြုလာတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ကိုနေဘုန်းလတ်က ပြောပါတယ်။

"ဒါက အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံခြားငွေပြတ်လတ်မှုနဲ့ ဘဏ္ဍာရေးအကျပ်ဆိုက်နေတာကို ပြတဲ့အချက်တခုဘဲလို့ ကျွန်တော်တော့ သုံးသပ်ပါတယ်။ နိုင်ငံခြားငွေရရှိဖို့အတွက် ဒီကိစ္စတခုတည်းတင်မဟုတ်ဘူးပေါ့နော် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်တာကို တွေ့ရပါလိမ့်မယ်၊ မကြာခင်ကာလကဆိုရင်လည်း ဆီကုန်သည် ဆန်ကုန်သည် စသဖြင့် သူဌေးတွေကို ဖမ်းဆီးစစ်ဆေးတာတွေ အရေးယူတာတွေ သူတို့ပိုင်ပစ္စည်းတွေကို သိမ်းယူတာတွေ ဒါမျိုးတွေကလည်း အမှန်အတိုင်းပြောရရင် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသဖြင့်ပေါ့နော် လည်ပင်းညှစ် ငွေရှာတဲ့ အနေအထားမျိုးကို ရောက်နေပြီလို့ ပြောနိုင်ပါတယ်။"

စစ်ကောင်စီရဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအပေါ် အခွန်စည်းကြပ်ကောက်ခံမဲ့ ဥပဒေဟာ လာမဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ စတင် အကျိုးသက်ရောက်မှာဖြစ်ပြီး အခွန်ဆောင်ရာမှာလည်း အလုပ်သမားတွေအနေနဲ့ ရရှိတဲ့နိုင်ငံခြားငွေအတိုင်း အခွန်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဝင်ငွေလွှဲတာ မလုပ်ရင်လည်း နောက်တကြိမ် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို သုံးနှစ် ပိတ်ပင်မယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။

စစ်ကောင်စီဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားငွေရရှိမှုနဲ့ သုံးစွဲမှုအပါအဝင် ကဏ္ဍအားလုံးအပေါ် သက်ရောက်ထိခိုက်နေတယ်လို့ ဝန်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။