နောင်ချိုနဲ့ ကျောက်မဲမြို့က နေရာတချို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်

RFA Burmese
2024.06.26
နောင်ချိုနဲ့ ကျောက်မဲမြို့က နေရာတချို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့တွေမှာ ဇွန်လ ၂၅ ရက် မနေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဒီနေ့မှာလည်း ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးအဖွဲ့တွေက မြို့အတွင်းပိုင်းတွေအထိ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေ ပြောဆိုချက်အရ နောင်ချိုမြို့ပေါ်က အရေးပါတဲ့ ဆေးရုံ၊ ရဲစခန်း စတဲ့နေရာတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုမြို့ခံတစ်ဦးက “အခြေအနေကတော့ တဒုန်းဒုန်းပဲဗျာ။ မိုးလည်း ရွာနေတယ်။ လက်နက်ငယ်အသံတွေက သိပ်မကြားရဘူး။ လက်နက်ကြီးအသံတွေပဲ ခပ်စိပ်စိပ် ကြားရတယ်။ မြို့ထဲ ရောက်သွားပြီ။ ရဲစခန်းကိုသိမ်းပြီးတော့မှ ရပ်စောက်လမ်းအတိုင်း တက်သွားတယ်။ ဘယ်အထိ ရောက်သွားလဲတော့ မသိဘူး။ အဲဒီက ဒုံးတပ်ရှိတယ်။ အလုံးစုံတော့ သိမ်းတာတော့မဟုတ်ဘူး။ အတော်လေးကိုတော့ ထိန်းချုပ်ပြီထင်တယ်။ ဒီ ခမရ-၁၁၄ ထဲကတော့ ပစ်သံမကြားတော့ဘူး။ ၁၁၅ ကနေပဲ ပစ်နေတာ”လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ အဝင်အထွက် လမ်းတွေပိတ်နေပြီး နေ့လယ်ပိုင်းမှာတော့ မြို့ခံတချို့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

မြို့အတွင်းပိုင်း ဈေးနဲ့ လမ်းမကြီးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားပြီး ဘူတာရုံနဲ့ ကံကြီးလမ်းတစ်လျှောက်မှာ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ နောင်ချိုဒေသခံတွေက ပြောပြချက်အရ မနေ့က တိုက်ပွဲအတွင်း အမျိုးသားနှစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာမှာ မနေ့က ကားမောင်းလာတဲ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရသလို ကျောက်ကြမ်းရွာနဲ့ တစ်ဆက်တည်းရှိတဲ့ သဖန်းကိုင်းရွာမှာတော့ လက်နက်ကြီးထိမှန်လို့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လမ်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေ မြို့တွင်းမှာပဲ ပိတ်မိနေကြပါတယ်”

တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပစ်သတ်ခံရတဲ့ အမျိုးသားနှစ်ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ကျောက်မဲမြို့နယ်မှာတော့ ဒီနေ့ နေ့လယ်ပိုင်းက ကျောက်မဲလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီ အမတ - ၃၅၂ တပ်ရင်းစခန်းနေရာတွေနဲ့ ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့က ရပ်ကွက်တွေထဲကိုလည်း ဒီနေ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူလေးဦးကတော့ တစ်မိသားစုတည်းကဖြစ်ပြီး ရန်ကင်းရပ်ကွက် စသုံးလုံးရုံးအနီးက သူတို့နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာကနေ သေဆုံးသွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲ ကလေးနဲ့ အမျိုးသမီးတစ်ဦးကလည်း အခြေအနေစိုးရိမ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်မဲ ရဲစခန်းနားတော့ သူတို့ အကုန်ရှိသွားပြီ။ ဆေးရုံလည်း သူတို့ ရသွားပြီ။ နပ်စ်တွေ အကုန်လုံးပြန်သွားပြီ။ ထွေအုပ်ရုံးတော့ မကျသေးဘူး။ အဲဒီနားလေးတော့ ဖြစ်နေတယ်။ ဒီမနက်တော့ သုံးယောက် ထိတယ်။ နှစ်ယောက်တော့ စိုးရိမ်ရတယ်။ ရန်ကင်း (၂) ကွက်မှာပေါ့။ အမျိုးသမီးတစ်ယောက်၊ ကလေးတစ်ယောက်ပေါ့။ ကျန်တာကတော့ မစိုးရိမ်ရပေါ့။ ကလေးငယ်က ခါးအကြော ပြတ်သွားတဲ့ပုံစံပေါ့”

မနေ့ကလည်း ကျောက်မဲမြို့မှာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့တာကြောင့် နှစ်ရက်အတွင်း ကျောက်မဲမြို့မှာ အရပ်သားခြောက်ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အခြေအနေနောက်ဆက်တွဲကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)

လတ်တလော ငြိမ်းချမ်းရေးကုန်းနဲ့ ရန်ကင်းရပ်ကွက်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဒေသခံတွေလည်း မြို့ပြင်ကိုထွက်မရတော့ဘဲ ပိတ်မိနေပါတယ်။

“ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ သီပေါမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်”

သီပေါမြို့မှာတော့ လားရှိုးဘက် သွားတဲ့လမ်းက ဆွတ်လန်းရွာတံတား မနေ့က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မြို့ပတ်ပတ်လည်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့နေ့လယ်ပိုင်းအထိ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေ မြို့တွင်းမှာပဲ ပိတ်မိနေကြပါတယ်။ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ သီပေါမြို့ခံတစ်ဦးက “မြို့ထဲက လူတွေ ပိတ်မိတာတော့ အမှန်ပဲ ဘယ်မှသွားလို့မရဘူး။ ကျွန်တော်တို့ ရွာပြန်မယ်ဆိုလည်း ပြန်လို့ မရဘူး၊ တံတားက ကျိုးသွားပြီ။ အနောက်ဘက် သွားမယ်ဆိုလည်း အဆင်မပြေဘူး၊ ဒီလိုပဲနေနေရတာ။ ရှိတာလေးနဲ့ ရှာစားပြီး ဒီလိုပဲနေရမှာ၊ ဘာမှ မတတ်နိုင်ဘူး။ အခုပြောတုန်းပဲ “ဒိန်း”ကနဲ ထပ်ချပြီ လက်နက်ကြီးနဲ့ ဒီဘက်ကထုတာ ဟိုဘက် ပြန်ထုတာ သိပ်မရှိသေးဘူး”လို့ ပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းမှာလည်း ဒီမနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ TNLA၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး မန္တလေ-မိုးကုတ်လမ်းပိုင်းကိုတော့ မနေ့ကတည်းက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်ကြည်တောင်နဲ့ ပိန်းပြစ်ရွာအနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က မိုးကုတ်အရှေ့ပိုင်းကနေ အတွဲလိုက်ဒုံးတွေ အသုံးပြုပြီး ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

အလားတူ TNLA ပြောခွင့်ရ ပြန်ကြားရေးဌာနမှူး လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

TNLA တပ်ဖွဲ့ရဲ့ ဒီနေ့ နေ့လယ် ထုတ်ပြန်ချက်မှာတော့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ သီပေါမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေမှာ TNLA နဲ့အတူ မန္တလေး PDF (MDY- PDF)၊ ဓနု PDF (DPLA – PDF)နဲ့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A) တွေပါ ပူးပေါင်းနေတယ်လို့ အဲဒီအဖွဲ့တွေက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။