ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ထားရှိရေး တောင်းဆိုဆန္ဒပြ

RFA Burmese
2023.09.25
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ထားရှိရေး တောင်းဆိုဆန္ဒပြ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိပေးဖို့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီမှဦးဆောင်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးဖို့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန်းပိုင်းကစလို့ ဆက်တိုက် ဆန္ဒပြတောင်းဆိုနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လူထုဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

"သံအမတ်ကြီး UN မှာ ရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက်တင် မဟုတ်ပါဘူး။ အမှန်တရားအတွက်၊ ဒီမိုကရေစီအရေးအတွက် လူ့အခွင့်အရေးအတွက် မြန်မာနိုင်ငံအတွက်၊ အားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်ပါတယ်”

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုပေးနိုင်တဲ့အတွက် ကလေးမြို့နယ်အတွင်းမှာ သပိတ်နဲ့ ထောက်ခံပွဲတွေ ပြုလုပ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့နယ် သပိတ်ကော်မတီ ဦးဆောင်သူက ပြောပါတယ်။

“မြန်မာပြည်တစ်ဝန်းခံစားနေရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ လူမဆန်နဲ့ လုပ်ရပ်တွေကို ကမ္ဘာ့ စင်မြင့်ထက်ပေါ်မှာ ပြည်သူဘက်ကနေ မားမားမတ်မတ်ရပ်တည် ပေးနေတဲ့ ပြည်သူ့သံအမတ်ကြီးဖြစ်တယ်။ ကလေးဒေသနေရာအနှံ့မှာ လူထု ဟောပြောပွဲတွေ၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ဖို့ သပိတ်တရားတွေ ဟောတယ်။ မင်းပြောင်းမင်းလွှဲ နေရာ ထိုင်ခုံ လွှဲပြောင်းခြင်းမဟုတ်ဘဲ စနစ်တစ်ခုကိုတော်လှန်နေတာ ဖြစ်တယ်”

လက်ရှိ အခြေအနေဟာ ပါတီတစ်ခု၊ လူမျိုးစုတစ်စုအတွက် တော်လှန်၊ ထောက်ခံနေတာ မျိုး မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂမှာထားရှိဖို့ ကလေးမြို့နယ်မှာတင် မကဘဲ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ်၊ ချောင်းဦး မြို့နယ်၊ မကွေးတိုင်းက မြိုင်မြို့နယ်၊ တနင်္သာရီတိုင်းက လောင်းလုံးမြို့နယ်၊ ကရင် ပြည်နယ်က ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း ဆန္ဒပြ ထောက်ခံလှုပ်ရှားကြပါတယ်။

ဒါ့အပြင် အမေရိကန်၊ အင်္ဂလန်၊ အီတလီ၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ ရှိနေတဲ့  မြန်မာပြည်သူတွေကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ထားရှိ ပေးမယ်ဆိုရင် သံတမန်ရေးရာ အောင်ပွဲဖြစ်လာလိမ့်မယ်လို့ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်းရဲ့ သပိတ်ခေါင်းဆောင် ကိုလွှမ်းသူက RFA ကို ပြောပါတယ်။

“အရပ်သားအစိုးရ တက်ကာစမှာ ကုလသဂ္ဂမှာ တာဝန်ပေးအပ်ခဲ့တဲ့ ဦးကျော်မိုးထွန်းက အာဏာသိမ်းမှု နောက်ပိုင်းမှာ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်တယ်ပေါ့နော်။ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ စင်မြင့်မှာ ဘယ်လိုပုံစံနဲ့ ဆက်ရှိနေစေကာမူ ပြည်သူ တွေရဲ့ ကိုယ်စား ဆက်ရှိတယ်လို့ ကျွန်တော်တို့က ပြည်သူတွေအတွက် တစ်စုံတစ်ရာ ရှိတယ်။ နောက်တစ်ခုက အကြမ်းဖက်စစ်ကောင်စီကို လုံးဝမှ နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်မပြုထားဘူးဆိုတဲ့ သံတမန်ရေးရာအရ အောင်ပွဲလို့ ပြောလို့ရတယ်”

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ စက်တင်ဘာလ ၈ ရက်နေ့ကစလို့ ၂၅ ရက်နေ့အထိ တစ်ရက်မှ မပျက်ဘဲ သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ပြည်သူ ရာချီ၊ ထောင်ချီနဲ့ တောင်းဆိုနေတာလို့ သူက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိပေးဖို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ)
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိပေးဖို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ)

ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley) ကတော့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee) ကို စက်တင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး နိုင်ငံအလိုက် ကိုယ်စားပြုသူတွေကို ရွေးချယ်ဖို့ အစည်းအဝေးမပြုလုပ်ရသေးဘူးလို့ RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြောဆိုထားပါတယ်။

ဒီအတွက် လက်ရှိကိုယ်စားပြုသူတွေကတော့ ပြန်လည်မရွေးချယ်ခင်အထိ လတ်တလောမှာ ဆက်ရှိနေမယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားပြုခွင့်ပေးတာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ပြည်သူလူထုအသံကို ကိုယ်စားပြုပြီးတော့ UN မှာ မြန်မာနိုင်ငံမှာ ဘာတွေအမှန်တကယ်ဖြစ်နေတယ်ဆိုတဲ့ဟာရယ်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒအမှန်က ဘာလဲဆိုတာရယ် ဒါတွေကို ကိုယ်စားပြုပြီးတော့ ပြည်သူ့အသံကို ဖော်ထုတ်ပေးနေတာ ဖြစ်တယ်ပေါ့နော်။ သံအမတ်ကြီး UN မှာ ရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက်တင် မဟုတ်ပါဘူး။ ဒါက အမှန်တရားအတွက်၊ ဒီမိုကရေစီအရေးအတွက် လူ့အခွင့်အရေးအတွက် မြန်မာနိုင်ငံအတွက်၊ အားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်ပါတယ်”

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုခွင့်ကနေ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို တင်ပြခွင့်ရပြီး နိုင်ငံတကာက အကူအညီပေးနိုင်ဖို့ကို မျှော်လင့်ထား တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုနိုင်ဖို့ကို အာဏာသိမ်းပြီးနောက် ကတည်းက ကြိုးစားနေခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်လုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဆက်တာဝန်ယူထားခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ကိုယ်စားပြုသူ ရွေးချယ်မယ့် အစည်းအဝေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ ပြုလုပ်ဖို့ ရှိတယ်လို့ RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့ က ဖြေဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ အရည်အချင်းစစ် ကော်မတီမှာ တရုတ်၊ ရုရှားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုသူတွေကို နှစ်စဉ် ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။

အာဏာမသိမ်းခင်ကတည်းက ကုလသမဂ္ဂကိုယ်စားလှယ်ဖြစ်နေတဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ကိုယ်စားမပြုခဲ့ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရားဝင်ကြေညာခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။