UNA ညီလာခံအကြောင်း တင်ပြချက်

2014-12-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA  ရဲ့ ညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသေက်ဆိုင်မှာ ဒီကနေ့ကနေ မနက်ဖြန်အထိ ၂ ရက် ကြာကျင်းပနေပါတယ်။

RFA သတင်းထောက် မစန်းမော်အောင် တင်ပြမှာပါ။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ ပထမဆုံးအကြိမ်ညီလာခံကို ကျင်းပနေတာဖြစ်ပါတယ်။

၂ ရက်ကြာညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော်ဆောင်ရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေကို ဆွေးနွေးသွား မှာဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေအရ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ တန်းတူညီမျှရေးကို ရရှိနိုင်မှာ မဟုတ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်နေတဲ့ အချက်တွေကို  ဒီညီလာခံမှာ ဆွေနွေးသွားမှာ ဖြစ်တယ်လို့ ညီလာခံတက်ရောက်လာသူတွေက ပြောပါတယ် ။

လက်ရှိဆွေးနွေးနေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ပြည်တွင်းငြိမ်းချမ်းရေးရဖို့  မဖြစ်နိုင်ကြောင်း ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားသွားပါတယ်။

ဦးခွန်ထွန်းဦး ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ဥက္ကဌ )

"ဆွေးနွေးပုံ ဆွေးနွေးနည်းတွေဟာ အများကြီးရောက်သင့်နေပါပြီ၊ ဒီလိုသာ သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကတော့ ရှင်းရှင်းပြောရရင် ဝေးနေဦးမှာပဲ၊ သူတို့က အချက်အလက်တွေသိပါရဲ့နဲ့ ဒီလိုသာ ရှောင်ရှားပြီးတော့ လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဟာ ဘယ်နည်းနဲ့မှ လမ်းစ တွေ့မှာမဟုတ်ပါဘူး"

စစ်မှန်တဲ့ ဖက်ထရယ်ပြည်ထောင်စုဖော်ဆောင်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေ ဒီ့ထက်ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒီကနေ့ ညီလာခံတက်ရောက်လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိရေးဆွဲပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဒီကနေ့ ညီလာခံကိုတက်ရောက်လာတဲ့ ကရင်အမျိုးသားပါတီက အထွေထွေအတွင်းရေးမှူး ဦးမန်းငြိမ်းကျော်က ပြောပါတယ်။

ဦးမန်းငြိမ်းကျော် (အထွေထွေအတွင်းရေးမှူး ၊ ကရင်အမျိုးသားပါတီ  )

"ဒီဖွဲ့စည်းပုံမှာပါဝင်တဲ့ အချက်တွေဟာ ကျနော်တို့ တိုင်းရင်းသားတွေလိုလားတဲ့ ပုံစံနဲ့ကတော့ သိပ်တော့ အံမဝင်ဘူးဖြစ်နေတယ်၊ ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြင်ဆင်နိုင်ဖို့ အတွက်ကိုကျနော်တို့ ကြိုးစားနေပါတယ်၊ တိုင်းရင်းသားတွေအားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့အတွက် ဒီအခြေခံဥပဒေနဲ့ ပတ်သက်လို့ လိုအပ်တာတွေဘယ်လို၊ လုပ်သင့်တာတွေ ထည့်ပြီးတော့ ကျနော်တို့ဆွေးနွေးသွားမှာပါ "

ဒီညီလာခံမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA ) ရဲ့ ရှေ့ ဆက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့  နိုင်ငံရေးအစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ အတွက် တိုင်းရင်းသားပါတီ ကိုယ်စား လှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) အဖွဲ့က တင်ပြလာတဲ့ နိုင်ငံရေးမူဘောင်ကို တခြားတိုင်းရင်းသားပါတီတွေက လက်ခံ အတည်ပြုဖို့ အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ က ဦးအေးသာအောင်က ပြောပါတယ်။

ဦးအေးသာအောင်   (  ရခိုင်အမျိုးသားပါတီ )

" ရှမ်းအဖွဲ့ကနေ နိုင်ငံရေးအပေါ်မှာတင်ပြတယ်၊ ဒါကို ကျနော်တို့က လက်ခံထားတယ် နိုင်ငံရေးမူဘောင်နဲ့ ပတ်သက်လို့ UNFC မှာလဲမူဘောင်တစ်ခုရှိတယ်၊ UNA မှာလဲမူဘောင်ကြမ်းတစ်ခုရှိတယ်၊ အခြားခြားအဖွဲ့အစည်းများ၊ ပါတီများမှာလဲ မူဘောင်တွေရှိတယ်၊ ဒါကြောင့်ရှမ်းအဖွဲ့က တင်ပြတဲ့ မူဘောင်ကို ယာယီလက်ခံထားတယ်၊ အခြားခြားမူဘောင်များလဲ ညှိနှိုင်းပြီး လက်ခံမယ့်သဘောရှိပါတယ်။"

တိုင်းရင်းသားရေးရာကိစ္စတွေအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA ) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီတို့ ပူးပေါင်း လုပ်ဆောင်သွားဖို့အရေးလည်း ဒီညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရတပ်မတော်က လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ညီလာခံကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်အမျိုးသားပါတီ ၊  မွန်အမျိုးသားပါတီ ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ ကယန်းအမျိုးသားပါတီ ၊ ကရင်အမျိုးသားပါတီ အစရှိတဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့