မြန်မာနိုင်ငံမှာ မေလကုန်ပိုင်းကစပြီး လူသုံးများတဲ့ VPN (Virtual Private Network) ဆော့ဖ်ဝဲတွေကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် အဓိက သတင်းစီးဆင်းမှုတစ်ခုဖြစ်တဲ့ လူမှုကွန်ရက် Facebook သုံးဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကို မြန်မာနိုင်ငံကနေ သုံးလို့မရတော့အောင် ပိတ်လိုက်တာကြောင့် VPN ဆော့ဖ်ဝဲ Application တစ်ခုခုကို Download လုပ်ပြီး ပြည်ပနိုင်ငံအမည်ကိုအသုံးပြုပြီး Facebook ကို ပြန်ဝင်သုံးနေကြတာပါ။
VPN ချိတ်မရတဲ့ရက်တွေမှာ သတင်းတွေနောက်ကျခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
“VPN တွေမရတာ လေး၊ ငါးရက်ရှိသွားပြီလေ၊ အရင်တုန်းကဆိုရင် သတင်းတွေ ဘာတွေဆို ချက်ချင်း သိရတယ်လေ၊ ဦးတင်ဦး ဆုံးသွားတာတောင်မှ မသိလိုက်ရဘူး၊ အခုမှ သိရတယ်၊ အိမ်မှာကလည်း လူကြီးတွေပဲရှိတယ်၊ လူငယ်တွေကလည်း ခရီးတွေသွားတယ်ဆိုတော့ ဟိုနေ့က ပြန်လာမှသာ အဲဒါ သူတို့ကိုလုပ်ခိုင်းတော့မှ သိရတယ်လေ။"
အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်သတင်းတွေကို လူမှုကွန်ရက် Facebook ကနေတဆင့် ပြည်သူတွေ သိရှိနေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ လူဦးရေ သန်း ၂၀ ကျော်ရှိတာလည်း ဖြစ်ပါတယ်။
Facebook ကနေ သတင်းအချက်အလက်ရယူနေတဲ့ ရန်ကုန်မြို့ခံတစ်ဦးကလည်း VPN ပိတ်လိုက်လို့ အခက်အခဲတွေ့ရတယ်လို့ ပြောပါတယ်။
“ဆိုရှယ်မီဒီယာက မဖြစ်မနေသုံးရတဲ့အရာ ဖြစ်နေတာ၊ သတင်းရှိတယ်၊ ပြီးတော့ အစ်မတို့လို ကလေးအမေတွေဆိုရင် ကလေးအတွက်လိုအပ်တဲ့အကြောင်းအရာတွေ၊ အခုဆို ကလေးက ကျောင်းတက်ခါနီးဆိုတော့ ဘယ်ကျောင်းအဆင်ပြေလဲပေါ့၊ အပြင်မှာ လူကိုယ်တိုင်သွားပြီးတော့ စုံစမ်းဖို့မလွယ်ဘူးလေ၊ အွန်လိုင်းမှာ Review တွေ ကြည့်ရတယ်၊ မနေ့ကဆိုလည်း တစ်နေ့လုံး VPN တွေက လုံးဝ ချိတ်မရဘူး၊ ဖုန်းက ဒေတာလည်း မရ၊ ဝိုင်ဖိုင်လည်းမရ၊ အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့နော်။"
အာဏာသိမ်းစအချိန်ကတည်းက ဆိုရှယ်မီဒီယာတွေကို ပိတ်တာတွေရှိခဲ့ပေမဲ့ အခုပိတ်ပင်ချက်က ပိုဆိုးတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေတဲ့ Access Now အဖွဲ့က မဝေဖြိုးမြင့် က ပြောပါတယ်။
“အရင်ဟာတွေမှာတုန်းက သူတို့က စာရင်းပြုစုပြီးတော့ Telecom Company တွေ၊ Internet Service Provider တွေကို သူတို့က အဲဒီ List တွေကို ပေးပြီးတော့ ပိတ်ခိုင်းတဲ့ဟာတွေရှိခဲ့တယ်ပေါ့နော်၊ ဒါအရင်က လုပ်ခဲ့တာပေါ့နော်၊ မေလ ၃၀ ရက်က ပိတ်တဲ့ဟာတွေမှာ ဒီနေပြည်တော်ကနေပြီးတော့ Control လုပ်တယ်၊ နေပြည်တော်ကနေ ပိတ်တယ်ဆိုတဲ့ ကျွန်မတို့ ပြန်ပြီးတော့ သိရှိရတယ်ပေါ့နော်၊ အခုလက်ရှိ ဒီတစ်ခေါက်ပိတ်တဲ့အနေအထားက ပိုဆိုးလာတယ်ပေါ့နော်။“
စစ်ကောင်စီဘက်က ဒီသုံးနှစ်အတွင်းမှာ Facebook၊ Youtube စတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ Application တွေနဲ့ အစားထိုးနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း Facebook နေရာမှာ အစားထိုးသုံးဖို့ စစ်ကောင်စီက Myspace Application ဖော်ထုတ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လူစုက စစ်ကောင်စီရဲ့ Myspace ကို Play Store နဲ့ App Store တို့ကနေ ဖယ်ရှားကြဖို့ လှုံ့ဆော်တဲ့လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီက Myspace ကိုသုံးစေချင်တာဟာ ပြည်သူတွေရဲ့ အချက်အလက်တွေကို ကောက်ချင်လို့ ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုင်တီပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“သူရဲ့ အချက်အလက်တွေကို သွားပေးထားတာ၊ Facebook ကို ပေးထားတာ၊ အခုဆိုကျွန်တော် မြန်မာနိုင်ငံမှာထိုင်ပြီး သုံးနေပေမဲ့ သူက ကျွန်တော့်ဖုန်းနံပါတ်သိတယ်၊ ကျွန်တော့်ကို သိတယ်၊ ကျွန်တော်သုံးစွဲနေတဲ့ အင်တာနက်ကိုကြည့်ပြီးတော့ အနီးစပ်ဆုံး ကျွန်တော်ဘယ်နားမှာရှိလဲဆိုတာ သူသိတယ်၊ အဲလိုမျိုး ဒေတာအချက်အလက်တွေကို ကိုယ်ပိုင်ဆာဗာနဲ့ ကောက်ချင်တဲ့အတွက်ကြောင့်မို့လို့ Myspace အဲဆော့ဖ်ဝဲနဲ့ ဆိုရှယ်မီဒီယာမှာ သုံးလို့ရအောင်၊ နောက်ပြီးတော့ သတင်းစီးဆင်းမှုပိုင်းမှာလည်း ထိန်းချုပ်လို့ရသွားမယ်ပေါ့။”
VPN ပိတ်လိုက်တာဟာ ပြည်သူလူထုရော၊ တော်လှန်ရေးအင်အားစုတွေ အတွက်ရော ထိခိုက်မှု ကြီးမားတယ်လို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင် က RFA ကို ပြောပါတယ်။
“ဘယ်နေရာက သုံးနေသလဲ၊ ဘယ် Service Provider နဲ့ ဘယ် IP Address က သုံးနေသလဲဆိုတာက အစ သူတို့က သိနိုင်တဲ့အနေအထားတွေ ဖြစ်သွားတာမျိုး ကျွန်တော်တို့က တွေ့ရတာပေါ့၊ ဒါကြောင့်မလို့ စကစ နဲ့ အတူတူပူးပေါင်းဆောင်ရွက်နေတဲ့ ဘယ် Service Provider ကိုပဲ သုံးသုံး ဒါက အန္တရာယ်များနေတဲ့ အနေအထားမျိုးတွေတော့ တွေ့လာရတာပေါ့။”
ဒီလိုတွေ မျှော်လင့်ထားတဲ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့လည်း ဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ VPN ကို ကျွန်တော်တို့ ဌာန သုံးနှစ်ပြည့်တဲ့နေ့မှာပဲ Launch လုပ်ဖို့အတွက်ကို ကျွန်တော်တို့ Cabinet မှာ တင်ပြပြီးတော့ အတည်ပြုခဲ့ပါတယ်၊ Messaging Application တစ်ခုကိုလည်း တီထွင်ပြီးတော့ စမ်းသပ်နေတာရှိတယ်၊ ဒါလည်း တော်လှန်ရေး အင်အားစုတွေအတွက်ကတော့ အဓိကပေါ့၊ ဘာလို့ဆို ရှိသမျှ လူထုအကုန်လုံးအတွက် ပံ့ပိုးဖို့ဆိုလည်း ဘတ်ဂျက်က အများကြီးလိုလာမှာဆိုတော့ လောလောဆယ်တော့ တော်လှန်ရေးအင်အားစုတွေအတွက်သာ ရည်ရွယ်ပြီးတော့ လုပ်ထားတဲ့ Application တွေလည်း စပြီးတော့ သုံးဖို့လုပ်နေပါပြီ။“

CDM တပ်မတော်သား ဗိုလ်ကြီးလင်းထက်အောင်က စစ်ကောင်စီဟာ ပြည်သူတွေရဲ့အသိပညာကို အကျဉ်းချလိုက်တာလို့ သုံးသပ်ပါတယ်။
“ပြည်သူတွေအဓိက သုံးနေတဲ့ ဆိုရှယ်ပလက်ဖောင်းတွေဟာ သူတို့ဘယ်လိုမှ တိုးမပေါက်နိုင်တာကို သူတို့သိတယ်၊ ဒါကြောင့်မို့လို့ ဒါတွေကို ပိတ်ချပြီးတော့ မြောက်ကိုရီးယားတို့၊ တရုတ်တို့လိုနိုင်ငံမျိုးတွေကို အတုယူပြီးတော့ သူတို့ဝါဒဖြန့်ချိရေးသက်သက် သူတို့စကားကိုပဲ ပြည်သူတွေနားထဲရောက်စေချင်တဲ့ သဘောတရားတွေကတော့ အဓိကအကြောင်းအရာတွေလို့ပဲ ကျွန်တော်တို့ပြောလို့ရပါတယ်ဗျ၊ အဓိကကတော့ ပြည်သူတွေကို ဘောင်တစ်ခုထဲကို ထည့်ပြီးတော့ အသိပညာ တခြားသောအရာတွေအားလုံးကို အကျဉ်းချလိုက်တဲ့ ပုံစံတစ်ခုလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်ဗျ။“
VPN တွေပိတ်ဖို့အတွက် စစ်ကောင်စီက မြန်မာကုမ္ပဏီတစ်ခုနဲ့အတူ တရုတ်နည်းပညာရှင်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုက ဆိုပါတယ်။
အဲဒီကုမ္ပဏီဟာ Mascots Technologies & Telecommunication ဖြစ်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့မှာ လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့တာလို့ဆိုပါတယ်။ ၂၀၃၃ ခုနှစ် မေလ ၇ ရက်နေ့အထိ လိုင်စင်သက်တမ်း ရှိနေပါတယ်။ ကုမ္ပဏီကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။ E-mail ပေးပို့ မေးမြန်းခဲ့ပေမဲ့လည်း အကြောင်းမပြန်ပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် Facebook သုံးစွဲသူတွေကို စောင့်ကြည့်ပြီး Facebook အပါအဝင် ဆိုရှယ်မီဒီယာကနေ သူတို့ကို ဆန့်ကျင်ရေးသားသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ခဲ့ပါတယ်။
နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ရဲ့ အပိုဒ် ၁၉ မှာ လူတိုင်းဟာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ နိုင်ငံတကာပြဋ္ဌာန်းချက်တွေကို အလေးမထားတဲ့အပြင် တစ်ဖက်မှာလည်း ကန့်သတ်ထားတဲ့ ဝဘ်ဆိုက်တွေ၊ Application တွေကို ကျော်ပြီး ကြည့်နိုင်တဲ့ VPN (Virtual Private Network) နည်းပညာကိုပါ တစ်ဆင့်ထပ်တိုးပြီး ပိတ်ပင်လာတာလည်း ဖြစ်ပါတယ်။