စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေ ရှေ့တန်းက ဦးဆောင်နေ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.09.21
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေ ရှေ့တန်းက ဦးဆောင်နေ ဇူလိုင်လ ၁ဝရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုမှာ ဦးဆောင်နေသော အမျိူးသမီးတစ်ဦးကို တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရှစ်လနီးပါး ရှိသွားပြီဖြစ်ပေမယ့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်း ဆန္ဒပြ လှုပ်ရှားမှုတွေကတော့ ပြောက်ကျားစနစ်နဲ့ ဆက်လက်ရှိနေဆဲပါ။

(မှတ်ချက်။ ။ ဗီဒီယိုတွင် ကာယကံရှင်များ၏ ခွင့်ပြုချက်အရ မျက်နှာများကို မဖုံးကွယ်ဘဲ ဖော်ပြထားခြင်း ဖြစ်ပါသည်။)

အခုနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ လူငယ်အမျိုးသမီးတွေ ဦးဆောင်လာတာကိုလည်း ထင်ထင်ရှားရှား တွေ့လာနေရပါတယ်။ဒါကတော့ မန္တလေးမြို့က အသက် ၂၃ နှစ်အရွယ် မအေးမြင့်အောင်အောင် ဦးဆောင်လာတဲ့ အမျိုးသမီးသပိတ် စစ်ကြောင်းပါ။

"ခေတ်အဆက်ဆက် ကျနော်တို့ နိုင်ငံသည် ရှေးရိုးစွဲ အယူအဆတွေ အရမ်းကိုကြီးစိုးလွန်းတယ်။ ဖိုဝါဒကြီးစိုးမှု ဝါဒတွေလည်း သိပ်ကို ကြီးစိုးလွန်းတယ်။ မိန်းမဆိုရင် ဟင်းချက်ရမယ်။ မီးဖိုချောင်မှာပဲ နေရမယ်။ ယောကျာ်းလုပ်စာ ထိုင်စားရမယ်ဆိုတဲ့ အဲ့လို အယူဝါဒမျိုးတွေကို ကျနော်တို့က စစ်အာဏာရှင်နဲ့အတူ တစ်ခါတည်း တိုက်ထုတ်ချင်တဲ့အတွက် အသံလွှင့်ထူနေရခြင်းဖြစ်တယ်။ အဲ့ဒီတော့ အခု စစ်အာဏာသိမ်းမှုမှာလည်း အမျိုးသမီးတွေလည်း လက်နက်ကိုင်နိုင်တယ်။ အမျိုးသမီးတွေလည်း မြေပြင်သပိတ်တိုက်ပွဲတွေမှာ တပ်ဦးကနေပြီး သပိတ်ခေါင်းဆောင် လုပ်နိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်"

"အမျိုးသမီးတွေကို ဖမ်းမိတဲ့အခါ ဘယ်လို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ညီမတို့တွေ ကြိုပြီးတော့ တွေးထားတယ်။ သို့ပေမယ့် အဆုံးထိ တွေးထားပြီးသား"

မအေးမြင့်အောင်အောင်ဟာ မန္တလေးတက္ကသိုလ်က ဥပဒေဘွဲ့ရ လူငယ်တစ်ဦးပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မန္တလေးမြို့က အမျိုးသမီး သပိတ်စစ်ကြောင်းကို ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ထောင်တွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

"စစ်ကြောရေးမှာ အမျိုးသမီးတွေကို Sexual harrsament (လိင်ပိုင်းဆိုင်ရာစော်ကားမှု) လုပ်တာတွေ ရှိတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွေကို ကိုင်တွယ်တာမျိုးတွေ၊ စကားအရ စော်ကားပြောတာတွေ ရှိတယ်။ ဒါဟာ စစ်ကောင်စီဘက်က ထောင်ထဲမှာ ရောက်နေတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းအရ စော်ကားတာအဖြစ် ကျနော်တို့တွေ့လာရတယ်"

အခုဆိုရင် မြေပြင်သပိတ် ဆန္ဒပြလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ဦးဆောင်နေသလို တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေ သွားပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ကြသူတွေထဲမှာလည်း အမျိုးသမီးတွေ အများအပြား ရှိနေပါတယ်။ အရေအတွက်ကိုတော့ သိရဖို့ ခက်ခဲပါတယ်။

ဒီလို အမျိုးသမီးတွေ တစုတစည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ် ၁၀ မြို့နယ်က အမျိုးသမီးတွေ အင်အားစု မဟာမိတ် ဖွဲ့စည်းခဲ့ပါတယ်။ ဒီအမျိုးသမီးတွေ အချင်းချင်း ချိတ်ဆက်ကြပြီးတော့ ဆန္ဒပြပွဲတွေကို တချိန်တည်း တပြိုင်တည်း ကြွေးကြော်သံအတူတူနဲ့ ချိတ်ဆက်စီစဉ်နေကြတာပါ။

ရန်ကုန်မြို့က အသက် ၂၃ နှစ်အရွယ် မကေခိုင်ထွန်းကတော့ အမျိုးသမီးတွေ ပိုစုစည်းလာတာ အင်အားဖြစ်တယ်လို့ဆိုပါတယ်။

"ကျဆုံးသွားတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ တော်လှန်ရေးလုပ်လို့ ထောင်ကျနေတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ တောထဲမှာနေပြီး လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ လက်နက်မကိုင်ဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေတဲ့ သပိတ်ထွက်နေသူတွေလည်း အများကြီးပဲ။ တော်လှန်ရေးကို ပုံစံမျိုးစုံနဲ့ လုပ်နေတဲ့ အမျိုးသမီးတွေ အများကြီးပါ။ ဒီကာလတွေပြီးရင်တော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရတဲ့နေ့ကျရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဏဟာလည်း တိုးတက်ပြောင်းလဲလာမယ်။ ဒီ Women Alliance က ရန်ကုန် မန္တလေးတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ရှိတဲ့သူတွေ အကုန်ချိတ်ဆက်ပြီး အမျိုးသမီးတွေ အားကောင်းမှု၊ တော်လှန်ရေးမှာ ပါဝင်မှုတွေကို ချိတ်ဆက်လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတာ"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူ ၁၁၀ဝ ကျော် ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ AAPP က စာရင်း ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး ၈၀ နီးပါး ပါပါတယ်။

242696960_832483794110932_4407550274844428251_n.jpg
ဇွန်လလယ်ပိုင်းက မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြနေတဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းတစ်ခုကို တွေ့ရစဉ်။ (Photo: CJ)

မန္တလေးမြို့က သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးတွေ စုစည်းလုပ်ဆောင်နေကြတာကို လေးစား ဂုဏ်ယူကြောင်း အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံတဲ့ အတွေးအခေါ်ဟောင်းတွေကိုလည်း ဒီတော်လှန်ရေးနဲ့အတူ တိုက်ထုတ်နေတာကို အားတက်ရကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ချီးကျူးရေးသားပါတယ်။

မုံရွာမြို့က အသက် ၂၀ အရွယ် လူငယ်အမျိုးသမီးသပိတ်ခေါင်းဆောင် မချောစုကတော့ နောင်မျိုးဆက်သစ်တွေအတွက် အနစ်နာခံရမယ်လို့ ဆိုပါတယ်။

"ငါ အမျိုးသမီးတစ်ယောက်မို့လို့ ပိုပြီးအန္တရာယ်များတယ်။ ဒီလို အမျိုးသမီးတွေကို ဖမ်းမိတဲ့အခါ ဘယ်လို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ညီမတို့တွေ ကြိုပြီးတော့ တွေးထားတယ်။ သို့ပေမယ့် အဆုံးထိ တွေးထားပြီးသား၊ ညီမတို့ဆီမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ နောင်လာနောက်သားတွေကို ညီမတို့လို မခံစားစေချင်ဘူး၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ နှိပ်စက်မှုဒဏ်တွေကို ခံရ ခံရ၊ နောင်လာမယ့် မျိုးဆက်တွေအတွက် လုပ်ရမယ်ဆိုတဲ့ အသိစိတ်နဲ့တင် အခက်အခဲတွေကို ကျော်လွှားနိုင်တယ်"

242634152_515101269523290_1401978711391145809_n.jpg
ဇူလိုင်လ ၇ ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုမှာ ဦးဆောင်နေသော အမျိူးသမီးတစ်ဦးကို တွေ့ရစဉ်။ (Photo: CJ)

ဒီအမျိုးသမီးတွေ စုစည်းပြီး ဆန္ဒပြတဲ့ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးခံ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ ရှိနေတယ် ဆိုတဲ့ ကြွေးကြော်သံကို အဓိကထား ကြွေးကြော်ကြတာ ဖြစ်ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိနိုင်ဖို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နေရာဒေသအသီးသီးမှာ လုံခြုံရေး တင်းကြပ်ထားပေမယ့်လည်း စစ်အာဏာသိမ်းတိုက်ပွဲမှာ အမျိုးသမီးတွေ မပါရင် ဒီတိုက်ပွဲမနိုင်ဘူးဆိုတဲ့ ကြွေးကြော်ချက်နဲ့ အကြမ်းမဖက် လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားကြဖို့ ဒီအမျိုးသမီးတွေက ဆုံးဖြတ်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။