မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တဲ့ စစ်တွေမြို့နယ်၊ ဘာဆာရာ ရိုဟင်ဂျာရွာမှာ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

အိမ်ထောင်စုတစ်စုကို တာပေါ်လင်စတစ်ခုသာ ရရှိပြီး အဲဒါနဲ့ပဲ ဖြစ်သလို မိုးကာပြီး နေထိုင်နေကြရတာပါ။

ပင်လယ်ကမ်းအနီးဖြစ်တာကြောင့် မိုးနဲ့ လေပြင်းနဲ့လာရင် နေစရာမရှိလောက်အောင်အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စားနပ်ရိက္ခာဟာလည်း ခက်ခဲနေကြပြီး အရေးပေါ်အကူအညီတွေပေးဖို့ လိုအပ်နေတာလို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

ဘာဆာရာရွာမှာ အိမ်ထောင်စုလေးရာကျော် လူဦးရေ နှစ်ထောင်ကျော် ရှိပါတယ်။

မေလ ၁၄ ရက်နေက တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့တာ ဖြစ်သလို ရွာသား ၁၅ ဦးလည်း သေဆုံးသွားခဲ့ပါတယ်။