ကလေးငါးဦးကို တောင်းရမ်းကျွေးမွေးနေရတဲ့ မိခင်
2023.07.25
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ကွမ်းခြံကုန်းရပ်ကွက်ထဲက အိမ်အဟောင်းလေးထဲမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်အိအိစိုးနဲ့အတူ အရွယ်မရောက်သေးတဲ့ သားသမီး ငါးဦး အတူနေထိုင်ပါတယ်။
သားအကြီးဆုံးက အသက် ၁၃ နှစ်၊ အငယ်ဆုံးက လေးနှစ်ဖြစ်ပြီး သမီး နှစ်ဦး၊ သား သုံးဦးရှိပါတယ်။
ယိုယွင်းပျက်စီးလာတဲ့သူ့အိမ်ဟာ အမိုးမလုံ၊ မိုးရေကပက်တာကြောင့် မြေပိုင်ရှင်ကသနားပြီး ဘေးနားမှာပဲ ကပ်ရပ်ရှိတဲ့ လူမနေတဲ့ သူ့ရဲ့ပျဉ်ထောင်အိမ်မှာ ယာယီနေဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
ခင်ပွန်းဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဦးအောင်ကိုလင်းဟာ အရင်က ပရိဘောဂလုပ်ငန်းမှာ အလုပ်လုပ်ပြီး သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကပဲ တီဘီရောဂါနဲ့ ဆုံးပါးသွားခဲ့ပါပြီ။
အဲဒီမတိုင်ခင် ဒေါ်အိအိစိုးကလည်း ရပ်ကွက်ထဲလှည့် အဝတ်လျှော်ပြီး ကလေးငါးဦးရဲ့ စားဝတ်နေရေးကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ခင်ပွန်းဆုံးပါးပြီးနောက်ပိုင်း သူ့ဆီမှာပါ တီဘီရောဂါ ကူးစက်ခဲ့တဲ့အတွက် အဝတ်မလျှော်နိုင်တော့ဘဲ ကြံရာမရတဲ့အဆုံး ရပ်ကွက်ထဲလှည့် တောင်းရမ်းပြီး ကလေးတွေကိုကျွေးမွေးခဲ့တယ်လို့ ဒေါ်အိအိစိုးက RFA ကို ပြောပါတယ်။
"အခုကျွန်မ အဝတ်မလျှော်နိုင်တော့ဘူးလေ။ အဲဒါကြောင့် ကျွန်မ သားသမီးလေးတွေ ငတ်မှာကြောက်လို့ ကျွန်မဘဝကို မရှက်နိုင်တော့ဘူး။ သားသမီးစားရဖို့က အရေးကြီးတယ်လေ။ သားသမီးတွေစားရမှ သူတို့လေးတွေ အာဟာရဖြစ်ရင် ကိုယ်အာဟာရဖြစ်သလိုပဲ။ အဲအတွက် ကျွန်မ မရှက်နိုင်ဘူး။ အဲဒါကြောင့် ကျွန်မ တောင်းကျွေးနေတာပါ။ ကျွန်မ အဲလိုမျိုးလုပ်ဖို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး"
ကလေးအကြီး သုံးဦးကတော့ ရပ်ကွက်ထဲက ရွှေကျင်ဘုန်းကြီးကျောင်းမှာ စာသင်နေကြပြီး အကြီးနှစ်ဦးက နှစ်တန်း၊ အငယ်တစ်ဦးကတော့ သူငယ်တန်း တက်နေကြပါတယ်။
ဒါပေမဲ့ သားအလတ်ဖြစ်သူ အသက်ခုနစ်နှစ်အရွယ် ဖြိုးကိုကိုလင်းက လက်ရှိ အဆုပ်ပွဝေဒနာခံစားနေရပြီး အသက် ၁၃ နှစ်အရွယ် အကြီးဆုံးသား မောင်ထက်ကိုကိုလင်းကတော့ မွေးရာပါ အရိုးပျော့ရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီလို အခက်အခဲမျိုးစုံကြားကပဲ ဒေါ်အိအိစိုးတစ်ယောက် သူ့ရဲ့ လူမမယ်သားသမီး ငါးဦးရဲ့စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ နောင်ရေးအတွက် ခံစားနေရတဲ့ ရောဂါဝေဒနာကို ကြိတ်မှိတ်အံတုရင်း ငွေကြေးတချို့ရဖို့ ရပ်ကွက်တကာလှည့် သွားလာနေရဦးမှာဖြစ်ပါတယ်။