ဒီရွာကတော့ မိုခါမုန်တိုင်း အဓိကတိုက်ခတ်သွားတဲ့ စစ်တွေမြို့နယ်ထဲက လမ်းဘေးချောင်း ပိုက်ဆိပ်ရွာပါ။

အိမ်ထောင်စု ၃၇ စုရှိပြီး လူဦးရေတစ်ရာကျော်နေထိုင်တဲ့ တံငါရွာလေးဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် နေအိမ်တစ်လုံးမှမကျန်အောင်အထိ ရွာလုံးကျွတ် ပျက်စီးသွားပါတယ်။

ရွာသားတွေဟာ ပျက်စီးသွားတဲ့နေအိမ်အပိုင်းအစတွေနဲ့ လက်ရှိ ဖြစ်သလိုတဲအိမ်ထိုးပြီးနေကြသလို ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်း ရှိပါတယ်။

အဲဒီရွာခံတွေဟာ ရေလုပ်ငန်းကိုပဲ အဓိက မှီခိုစားသောက်နေရတာဖြစ်ပြီး မုန်တိုင်းကြောင့် ငါးဖမ်းပိုက်တွေ၊ လှေတွေနဲ့စက်တွေ ပျက်စီးသွားရတာကြောင့် ရွာသားတွေအားလုံး အရင်လို ငါးမဖမ်းနိုင်ကြတော့ပါဘူး။
တချို့ကတော့ မပျက်စီးဘဲကျန်ခဲ့တဲ့ ငါးဖမ်းပိုက်တချို့နဲ့ နေအိမ်ပြန်ဆောက်နိုင်ရေး ငါးပြန်ဖမ်းကြပေမယ့် အများစုကတော့ အရင်လိုမလုပ်နိုင်တော့ပါဘူး။

လက်ရှိ နေအိမ်တွေလည်းမရှိတော့သလို အဓိက အမှီပြုလုပ်ကိုင်စာရသောက်တဲ့ တံငါလုပ်ငန်းပြန်စဖို့လည်း ခက်ခဲနေတာကြောင့် အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

အလားတူပဲ တံငါလုပ်ငန်းကို အဓိကအမှီပြုလုပ်ကိုင်တဲ့ ပိုက်ဆိပ်ရွာကြီး၊ ပိုက်ဆိပ်ရွာငယ်တွေမှာလည်း နေအိမ်တွေအပြင် ငါးဖမ်းပိုက်တွေ၊ လှေတွေပျက်စီးသွားတာကြောင့် ဒေသခံတွေ ဘဝရပ်တည်ရေး ခက်ခဲနေပါတယ်။